စိန်ဝင်း ● အင်ဖော်မေးရှင်းစစ်ပွဲ

စိန်ဝင်း ● အင်ဖော်မေးရှင်းစစ်ပွဲ
(မိုးမခ) မတ်လ ၁၇၊ ၂၀၁၈

ဆွီဒင်ဂျာနယ်လစ်တစ်ယောက်က အင်တာဗျူးလာလုပ်တော့ ဒီမှာကွာ ဝက်ဘ်ဆိုက်တစ်ခု မင်းတို့နိုင်ငံကပဲ မင်းတို့နိုင်ငံသား လို့ ဆိုတယ်။ သူက မြန်မာနဲ့ပတ်သက်ပြီး ပေါက်တတ်ကရတွေရေးနေတယ်။ မင်းဖတ်ကြည့်ဦးလို့ဆိုပြီး The Indicter magazine ဆိုတာကို ညွှန်းလိုက်တယ်။

ဆီဒင်ဟာ သတင်းစာလွတ်လပ်ခွင့်မြင့်သလို ယေဘုယျအားဖြင့် သတင်းစာအရည်အသွေးလည်းမြင့်တယ်။ သတင်းစာတွေ မှာ နိုင်ငံရေးအရ ဝင်စွက်မှုအတော်ရှင်းတယ်။ ကမ္ဘာမှာ သတင်းစာလွတ်လပ်ခွင့် တိုးတက်လာရေးအတွက် ကူညီထောက်ပံ့မှု တွေလည်း လုပ်တယ်။ လူဦးရေ ၁၀ သန်းလောက်ပဲရှိတဲ့ နိုင်ငံတစ်ခုအနေနဲ့ အလှူအတန်း အားကောင်းတယ်လို့တောင် ပြောလို့ရတယ်။ သူတို့လည်းကြုံနေရတဲ့အခက်ကတော့ အမုန်းမီးတွေဖြန့်ဖြူးသူတွေရှိနေတာပါပဲ။ အထူးသဖြင့် အွန်လိုင်းကို သုံးပြီး ဖြန့်ကြတာပါ။

သူလည်းဖတ်ကြည့်ပြီး အံ့သြသွားတယ်။ (အဲဒီဝက်ဘ်ဆိုက်နာမည်ကကိုက သောက်တလွဲလုပ်မယ့်ကောင်လို့ ပြောလို့ရတာ မျိုး။) ရေးတဲ့သူကိုတော့ သူမသိဘူး၊ သူတို့ဆီမှာတော့ လူသိရှင်ကြားဖြစ်တဲ့သူမဟုတ်တာ သေချာပါတယ်လို့ ဆိုပါတယ်။

အဲဒါနဲ့ ဆွီဒင်က နောက်ထပ် သတင်းစာဆရာတစ်ယောက်ကို အကူညီတောင်းရတယ်။ အဲဒီဝက်ဘ်ဆိုက်ကိုထောင်တဲ့သူက ဆေးဘက်ဆိုင်ရာပရော်ဖက်ဆာတစ်ယောက်လို့ ရေးထားတယ်။ အင်္ဂလိပ်လိုသုတေသနလုပ်တော့ သူ့အကြောင်း သိပ် မတွေ့ရဘူး။ အဲဒီတော့ မင်းတို့ ဆွီဒင်လိုရှာဖတ်ကြည့်ပေးပါလို့ အကူညီတောင်းတော့ သူကတွေ့လာတာတစ်ခုက ဒီလူဟာ ဆေးဘက်ဆိုင်ရာမှာလည်း အငြင်းပွားဖွယ်တွေရေးခဲ့ဖူးသလို ရုရှားတွေနဲ့ အချိတ်အဆက်ကိုလည်း အတော်တွေ့ရတာ ရုရှားတွေက သူ့ကိုအင်တာဗျူးတာ ခဏခဏလုပ်ဖူးတာတွေလည်း တွေ့ရတယ်လို့ဆိုတယ်။ သူရေးတဲ့ တစ်ခြား ကမ္ဘာ့အရေးတွေအကြောင်းဖတ်ကြည့်တောလည်း အခြေအမြစ်မရှိဘဲ စွပ်စွဲပြောတာတွေ၊ ဇာတ်လမ်းဆင်ထားတာတွေ conspiracies တွေကို အတော်အားသန်တာတွေ့ရတယ်လို့ဆိုတယ်။ အင်္ဂလိပ်လိုမှာလည်း အဲဒါမျိုးတွေတွေ့ရပါတယ်။

မြန်မာ့အရေးဟာ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းမှာ အသုံးချခံဖြစ်တဲ့ဟာ တိတိကျကျပြောရင် ရုရှားရဲ့လစ်ဘရယ်တွေ အ နောက်နိုင်ငံတွေကိုထိုးနှက်တဲ့ အင်ဖော်မေးရှင်းစစ်ပွဲမှာ ရိုဟင်ဂျာအရေးကို အသုံးချတာ။ ရုရှားအစိုးရအကောင်အထည် ဖော်တဲ့ စပွန်တင်မကဘဲ အရှေ့ဥရောပက ဝက်ဘ်ဆိုက်တစ်ချို့နဲ့ အခုလို စကန်ဒီနေးဗီးယန်းမှာပါ တွေ့ရတာ ထူးကဲမှု ပါပဲ။

အမေရိကန်ရွေးကောက်ပွဲရလာဒ်ကိုပါ ဝင်ခြေရှုတ်ခဲ့တဲ့ ရုရှားဟာ ဥရောပမှာလည်း သိတဲ့အတိုင်း အခုဆိုရင် လန်ဒန်မှာ ဓာတုလက်နက်နဲ့တိုက်ခိုက်မှုဖြစ်လို့ MI5 ရဲ့တွေ့ရှိချက်ကိုအကြောင်းပြုလို့ ရုရှားသံတွေနိုင်ငံထဲက နှင်ထုတ်တာတွေ ဗြိတိန်က လုပ်နေပါတယ်။ ရုရှားဟာ တရုတ်နဲ့လည်း အပြိုင်ဆိုပေမယ့်ကမ္ဘာ့အခင်းအကျင်းမှာ တရုတ်ကို မဟာမိတ်ပြုထားဟန်လုပ်ပြီး ဆိုက်ဘာစစ်ပွဲကို အကြီးအကျယ်ဆင်နွှဲနေတာပါပဲ။ တို့မြန်မာမှာလည်း ရုရှားကိုထောက်ခံတဲ့ အင်အားစုလေးတွေတွေ့ နေရတာ စိတ်ဝင်စားစရာပါပဲ။

Comments