ကျော်နိုင် ● ဝမ်းသာပီတိဖြစ်ရသော အောက်မေ့သတိရခြင်း အခမ်းအနား
(မိုးမခ) မတ်လ ၁၃၊ ၂၀၁၈
ဒီကနေ့ (၁၃/၃/၂၀၁၈) နံနက်တွင် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် နှင့် ကိုစိုးနိုင်တို့ ကျဆုံးခဲ့ရသည့် နှစ် (၃၀) ပြည့် နှစ်ပတ်လည်အခမ်းအနားကို ရန်ကုန်နည်းပညာတက္ကသိုလ် စုဝေးခမ်းမတွင် ကျင်းပသည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVtJpjyqGTn2jGk97RH7J4v5eyVEAwPOIgnxrhx1ATxq0NMpveBS8q1uJFDWAZUpicjuc9zfouXTIPQmYtAbrWsixbCY20baaAU12fKwM6W7jWSNlsRq354BRt28vZ4K2fiw-vIOTC8NVM/s640/29136572_10204480233403318_3479986866353078272_n.jpg)
အခမ်းအနားသို့ ကိုဖုန်းမော် နှင့် ကိုစိုးနိုင်တို့၏ မိသားစုများ၊ ၁၉၈၈၊ မတ်လ (၁၃) ရက်နေ့ညအရေးအခင်းတွင် ပါဝင်ပါတ်သက်ခဲ့သော ရန်ကုန်စက်မှုတက္ကသိုလ်မှ ဆရာများ၊ ကျောင်းသား ကျောင်းသူဟောင်းများ နှင့်တကွ ယနေ့ ရန်ကုန်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် အပါအဝင် ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းသား သမဂ္ဂအဖွဲ့ဝင်များ၊ ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းသား ကျောင်းသူများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျောင်းသားသမဂ္ဂများ တက်ရောက်ခဲ့ကြသည်။
၁၉၈၈ အရေးအခင်းတွင် ပါဝင်ပါတ်သက်ခဲ့သော စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းများတွင် USA၊ စင်္ကာပူ အစရှိသည့် နိုင်ငံရပ်ခြား ရောက်ရှိနေသူအချို့ အပါအဝင် မြန်မာနိုင်ငံ ဒေသအသီးသီးတွင် ရောက်ရှိနေကြသူများလည်း တက်ရောက် ခဲ့ကြသည်။
ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ ကျဆုံးခဲ့ရသည့် ပထမဆုံး နှစ်ပတ်လည် အခမ်းအနားကို ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားသမဂ္ဂနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂတို့ ပူးပေါင်း၍ ၁၉၈၉၊ မတ်လ (၁၃) ရက်နေ့တွင် ရန်ကုန်စက်မှုတက္ကသိုလ်ဝင်းအတွင်း ကိုဖုန်းမော် နှင့် ကိုစိုးနိုင်တို့ သေနပ်ထိမှန် လဲကျသည့်နေရာအနီးရှိ မြေကွက်လပ်တွင် ကျင်းပခဲ့ကြသည်။
စစ်အာဏာသိမ်း နဝတအစိုးရလက်ထက်တွင် ကျင်းပခဲ့သည့် ထို (၁) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားသို့ တက်ရောက်ခဲ့ကြ သူများသည် ထောင် နှင့် သင်္ချိုင်းကို ခြေတစ်ဖက်စီခွနင်း၍ တက်ရောက်ခဲ့ကြသည်ဟု ပြောရပေလိမ့်မည်။
၁၉၉၀ တွင်မူ သူတို့၏ အုပ်ချုပ်မှုအောက်တွင် တိုင်းပြည် အမှန်တကယ် ငြိမ်ဝပ်ပိပြား နေပါပြီဟု ကမ္ဘာကိုပြသနိုင်ရန်အတွက် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပရန်ဆိုင်းပြင်းနေသော နဝတ အစိုးရသည် (၂) နှစ်ပြည့် နှစ်ပတ်လည်အခမ်း အနားကျင်းပရန် ပြင်ဆင်ဆောင်ရွက်နေသော ကျောင်းသားများကို ဖမ်းဆီးထောင်ချ ခဲ့ကြသဖြင့် (၂) နစ်ပြည့် နှစ်ပတ်လည်အခမ်းအနား ပီပီပြင်ပြင် ဖြစ်မလာနိုင်ခဲ့ပေ။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkGG2T73gKtCt7bQ8gMLPbaQ_AIvjLz0ZqkkC07dWDFXslWQb6itV_fARO44n9_GQLwDNRHgI4ahfukVeacDZrhpHnLsvYcoGDb1i6pm65iLxeQKRV5fXGJqGDqzNcWHvt2rhxffaiDgVM/s640/29186166_10204480233843329_2843058021108547584_n.jpg)
နီးစပ်ရာကျောင်းသားအုပ်စုများစုဝေး၍ ပြုလုပ်သော ဆွမ်းကျွေးအမျှဝေပွဲလေးများ၊ နိုင်ငံရေးပါတီအချို့၏ ရုံးခန်းများတွင် ကျင်းပသော ဆွမ်းကျွေး၊ အောက်မေ့ဖွယ်အခမ်းအနားလေးများတော့ ရှိခဲ့သည်။
ထို့နောက်ပိုင်းတွင်လည်း နှစ်ပတ်လည်အထိမ်းအမှတ်ကို အခမ်းအနားကြီးအဖြစ် ကျင်းပပြုလုပ်နိုင်ခြင်း မရှိခဲ့ဘဲ နီးစပ်ရာ ကျောင်းသားများစုစည်း၍ ပြုလုပ်သည့် ဆွမ်းကျွေးပွဲများ၊ အောက်မေ့ဖွယ်အခမ်းအနားလေးများသာ ပြုလုပ်နိုင်ခဲ့သည်။
ကျွန်တော်မှတ်မိသလောက် နှစ်ပတ်လည် အခမ်းအနားကြီးအနေဖြင့် ၂၀၁၂ မတ်လ (၁၃) ရက်နေ့တွင်ကျရောက်သည့် (၂၄) နှစ်မြောက် နှစ်ပတ်လည်နေ့မှစ၍ တော်ဝင်နှင်းဆီတွင် ကျင်းပခဲ့သည်။
၂၀၁၅၊ မတ်လ (၁၃) ရက်နေ့တွင်ကျရောက်သည့် (၂၇) နှစ်မြောက် နှစ်ပတ်လည်နေ့မှစ၍ ၁၉၈၈ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များမှ ဦးဆောင်စုစည်း၍ အင်းစိန်မြို့နယ်၊ အရှေ့ကြို့ကုန်းရှိ ဗြူးကုန်းတောရ စာသင်တိုက်တွင် ကျင်းပခဲ့သည်။ ၂၀၁၆ တွင်ကျရောက်မည့် (၂၈) နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို ရန်ကုန်နည်းပညာတက္ကသိုလ် (ယခင် ရန်ကုန်စက်မှုတက္ကသိုလ်) အတွင်း ကျင်းပခွင့်ရရန် ကြိုးစားခဲ့ကြသော်လည်း ထိုစဉ်က USDP အစိုးရက ခွင့်မပြုခဲ့သဖြင့် ဗြူးကုန်းတောရ စာသင်တိုက်တွင်ပင် ကျင်းပခဲ့ရသည်။
၂၀၁၇ တွင်ကျရောက်သည့် (၂၉) နှစ်မြောက်နှစ်ပတ်လည်နေ့ကိုမူ NLD အစိုးရ၏ ခွင့်ပြုမှုဖြင့် ရန်ကုန်နည်းပညာတက္ကသိုလ် စုဝေးခမ်းမတွင် ပထမဦးဆုံးအကြိမ် ကျင်းပနိုင်ခဲ့သည်။ ၂၀၁၇ ခုနှစ် (၂၉) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပရေး ကော်မတီနှင့် ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂတို့ ဆွေးနွေးညှိနှိုင်း၍ ၂၀၁၈ တွင်ကျရောက်မည့် နှစ် (၃၀) ပြည့်အခမ်းအနားကို ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂက ဦးဆောင်ကျင်းပရန် သဘောတူခဲ့ကြသည်။
ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂ အမှုဆောင်အဖွဲ့သည် နစ် (၃၀) ပြည့် အခမ်းအနားကျင်းပရေးကော်မတီကို ဖွဲ့စည်းခဲ့သည်။ သမဂ္ဂဥက္ကဌဟောင်း (ဆဌမနှစ် ဗိသုကာကျောင်းသား) ကိုအောင်ကျော်ဆင့်အား အခမ်းအနားကျင်းပရေးကော်မတီဥက္ကအဖြစ် ဦးဆောင်ပေးရန် တာဝန်ပေးခဲ့သည်ဟု သိရသည်။
မျိုးဆက်သစ် ကျောင်းသားသမဂ္ဂမှ ဦးဆောင်ကျင်းပသော နှစ် (၃၀) ပြည့်အခမ်းအနားသည် ယနေ့နံနက်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။ မျိုးဆက်သစ် သမဂ္ဂကျောင်းသားများ၏ စီမံခန့်ခွဲနိုင်စွမ်းကို ဤစာစုဖြင့် ချီးကျူးလိုပါသည်။
တကယ်တော့ လက်ရှိကျောင်းသားသမဂ္ဂသည် (၂၉) နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကျင်းပရေးကော်မတီတွင် ပူးတွဲတာဝန်ယူခဲ့ကြရခြင်း မရှိပါ။ တနည်းအားဖြင့် မျိုးဆက်သစ် သမဂ္ဂကျောင်းသားများသည် ကိုဖုန်းမော်နှင့် ကိုစိုးနိုင်ကျဆုံးသည့် နှစ်ပတ်လည်အခမ်းအနားကို ဦးဆောင်ကျင်းပဘို့ အတွေ့အကြုံ လုံးဝမရှိခဲ့ကြပါ။ သို့သော် သူတို့၏ ပထမဦးဆုံး အတွေ့အကြုံတွင်ပင် နှစ် (၃၀) ပြည့်အခမ်းအနားကို အတိမ်းအဆောင်း၊ အမှားအယွင်းမရှိဘဲ အောင်မြင်စွာ ဦးဆောင်ကျင်းပသွားနိုင်ခဲ့ကြပါသည်။
သူတို့ကို တာဝန်လွှဲပြောင်းပေးခဲ့သည့် ၈၈ သမဂ္ဂကျောင်းသားဟောင်းကြီးများကလည်း မျိုးဆက်သစ်သမဂ္ဂအဖွဲ့ဝင်များအပေါ် သူတို့၏ယုံကြည်မှုကို ပြတ်ပြတ်သားသား ပြခဲ့ကြသည်။ တကယ်ဆိုတော့ ၈၈ သမဂ္ဂ ကျောင်းသားဟောင်းကြီးများသည် အခုမှ အသက် (၅၀) စွန်းစ၊ အချို့တွေက (၅၀) မပြည့်ကြသေးပါ။ ခေတ်စကားဖြင့် ပြောရမည်ဆိုလျင် အားလုံး အလတ်ကြီးတွေ ရှိနေကြပါသေးသည်။ ထိုအခမ်းအနားမျိုးကို နောက်ထပ် (၁၀) နှစ်လောက် အေးအေးဆေးဆေး ဦးဆောင်ကျင်းပနိုင်ကြပါသေးသည်။
သို့သော် ကျောင်းသားဟောင်းကြီးများက လက်ဆင့်ကမ်းတာဝန်လွှဲပြောင်းပေးခြင်းဟူသည့် ကောင်းမွန်သောအလေ့အကျင့်ကို လက်တွေ့ကျင့်သုံးပြခဲ့ကြသည်။ မောင်တို့ မယ်တို့က အသက် (၂၀) ဝန်းကျင်ဘဲရှိကြသေးတယ်။ ဒီတော့ တို့တွေနဲ့ တွဲပြီး (၂) နှစ်တန်သည် (၃) နှစ်တန်သည် လုပ်ကြည့်ကြဦး။ ပြီးမှ မင်းတို့ဘာသာ ဦးဆောင်လုပ်ကြဟု မပြောခဲ့ကြ။ အသက် (၂၀) တန်းလေးတွေအပေါ် အသက် (၅၀) တန်းကြီးတွေက ယုံကြည်မှုအပြည့်အဝရှိကြောင်း ပြခဲ့ကြသည်။ ဤသို့ လက်ဆင့်ကမ်း တာဝန်လွှဲပြောင်းပေးခြင်း အလေ့အထကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြောင်း အခမ်းအနားကျင်းပရေးကော်မတီဥက္ကဌ ကိုအောင်ကျော်ဆင့်က ပြောကြားခဲ့သည်။ တကယ်ဆိုတော့ သူကိုယ်တိုင်သည်လည်း ကျောင်းသားသမဂ္ဂ ဥက္ကဌ တာဝန်ကို မျိုးဆက်သစ် ညီငယ်တစ်ဦးသို့ လွှဲပြောင်းပေးခဲ့သူ တစ်ဦးပင် မဟုတ်ပါလော။
မျိုးဆက်သစ်လူငယ်များသို့ လက်ဆင့်ကမ်း တာဝန်လွှဲပြောင်းသည့် အလေ့အထကို နမူနာပြနိုင်ခဲ့သဖြင့် ယနေ့ကျင်းပသော အောက်မေ့ဖွယ်အခမ်းအနားသည် ဝမ်းသာပီတိဖြစ်ရသော အခမ်းအနားဟု ကျွန်တော့် post ကို ခေါင်းစဉ်တပ်ရခြင်းဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ ဌာနအသီးသီး၊ အဖွဲ့အစည်းအသီးသီးတွင် နေရာယူထားကြသော အသက်ကြီးသူများအနေဖြင့်လည်း မျိုးဆက်သစ်လူငယ်များကို လက်ဆင့်ကမ်း တာဝန်ပေးအပ်သည့် အလေ့အကျင့် စတင်ကျင့်သုံးလာကြမည်ဆိုလျှင် "အဟောသုခံ၊ ကောင်းလေစွ၊ ကောင်းလေစွ၊ ကောင်းလေစွ" ဟု မြည်တမ်းရပါလိမ့်မည်။
(နှစ်ပတ်လည် အခမ်းအနားများကျင်းပခြင်းနှင့်ပတ်သက်၍ ကျွန်တော်အမှတ်မှားပြီး ကျန်နေခဲ့သည့် အကြိမ်များရှိပါက ဖြည့်စွက်ပြောပြပေးပါရန် သူငယ်ချင်းများကို မေတ္တာရပ်ခံပါသည်။
(၂၅) ကြိမ်မြောက် ငွေရတုအခမ်းအနားကို တော်ဝင်နှင်းဆီတွင် ကျင်းပသော အခမ်းအနားများထဲတွင် ထည့်သွင်းထား ပါသည်)။
Comments