သခင်ဇင် (၁၉၁၂ - ၁၉၇၅) -အပိုင်း (၁) - ထွန်းဝင်းငြိမ်းပြုစုသည်။

သခင်ဇင် (၁၉၁၂ - ၁၉၇၅) -အပိုင်း (၁) 
ထွန်းဝင်းငြိမ်းပြုစုသည်။
(မိုးမခ) မတ် ၁၃၊ ၂၀၁၈

ငယ်ဘဝ

သခင်ဇင်ကို ၁၉၁၂ ခုနှစ်မှာ အဖ ဦးကျော်ဇော၊ အမိ ဒေါ်အေးညိုတို့က ညောင်လေးပင်နယ်၊ ဒိုက်ဦးမြို့ နယ်ထဲက သုံးခွရွာမှာ မွေးဖွားခဲ့ပါ တယ်။ ဖခင်က ပအို့ဝ် ဖြစ်ပြီး၊ မိခင်က မြန်မာလူမျိုးပါ။ မွေးချင်းလေးဦးအနက် ဒုတိယမြောက်သားဖြစ်ပြီး မွေးချင်းတွေက ဒေါ်ပု၊ သခင်ဇင်၊ ဦးသီ၊ ဦးအိတို့ဖြစ်ပါ တယ်။

ဒိုက်ဦးမြို့ နေရှင်နယ်ကျောင်း ခုနှစ်တန်းအထိပညာသင်ကြားခဲ့ပြီး၊ ညောင်ေ လးပင် နေရှင်နယ်ကျောင်းမှာ ဆယ်တန်းအထိ ပညာသင် ကြားခဲ့ပါတယ်။ ငယ်စဉ်ကတည်းက သူတပါးအပေါ် ကြင်နာတတ်မှု၊ ရိုးသားမှု၊ ပွင့်လင်းမှု၊ ဆက်ဆံရေးပြေပြစ်မှု၊ တည်ကြည်မှုတို့မှာ အရွယ်နဲ့မလိုက်အောင်ဖြစ်ပြီး အထူးသဖြင့် ဝတ်စား ဆင်ယင်မှုမှာ အလွန်ရိုးသားကြောင်း သူ့ရဲ့ငယ်သူငယ်ချင်းတဦးဖြစ်သူ ဗကပ တပ်မှူးဟောင်း ဦးဘကျော် ရဲ့မှတ်တမ်းမှာ ရေးသားခဲ့တာ တွေ့ရပါတယ်။

ဆယ်တန်းကျောင်းသားဘဝမှာ ဘွိုင်းစကောက်(Boy Scott) ကင်းထောက် လူငယ်ခေါင်းဆောင်အဖြစ် တာဝန်ပေးခံရပါတယ်။ မြို့လူထုနဲ့ ကျောင်းသားထုရဲ့ ယုံကြည်လေးစားခြင်းခံရတဲ့အတွက် နှစ်စဉ်ကျင်းပ တဲ့ ကျောင်းပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲတွေမှာ အကဲဖြတ်လူကြီး၊ မြို့နယ်ပေါင်းစုံ မိုးရာသီဘော လုံးပွဲများမှာ ဒိုင်လူကြီးအဖြစ် ရွေးချယ်တာဝန်ပေး ခံရသူလည်း ဖြစ်ပါတယ်။

ကြီးပွားရေးမဂ္ဂဇင်းတိုက်မှာ

သစ်ကန်ထရိုက်တာတဦးရဲ့ကိုယ်စားလှယ်အဖြစ် ရဲနွယ်ချောင်း၊ ဗိုင်းဒါးေ ချာင်း ဒေသတွေမှာ သစ်လုပ်ငန်း လုပ်ကိုင်ခဲ့ပါတယ်။ ၁၉၃၆ ခုနှစ်ဝန်းကျင်မှာ ညောင်လေးပင်တနယ်တည်းသားဖြစ်တဲ့ လူထုဦးလှရဲ့ရန်ကုန် က ကြီးပွားရေးမဂ္ဂဇင်းတိုက်မှာ မန်နေဂျာအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

အမှတ် ၂၆၊ ၃၁၅၊ ၃၅လမ်းနဲ့ မောင်ဂိုမာရီလမ်းထောင့်က ကြီးပွားရေးတိုက်ဟာ ရုပ်ရှင်ကုမ္ပဏီ၊ ဂျာနယ် တိုက်၊ ဖိုင်းအတ်စတူဒီယို၊ ဦးဘလုံရဲ့ပန်းချီကျောင်းနဲ့ အလုပ်ခန်း၊ ဒီးဒုတ်ဘလောက်တိုက်၊ သခင်အဖွဲ့တို့ တည်ရှိရာဖြစ်တဲ့အတွက် နိုင်ငံရေးသမား၊ အနုပညာ ရှင်တွေနဲ့ သခင်ဇင်ထိတွေ့ဆက်ဆံခဲ့ရပါတယ်။

အများက ကိုဇင်လို့ ခေါ်ကြပေမယ့် လူထုဦးလှကတော့ ကိုရွှေဇင်လို့ ခေါ်ပါသတဲ့။ အဲဒီနာမည်က သခင်ဇင် ရဲ့အမည်ရင်းဖြစ်တယ်လို့ ကလောင်ပျံဦးဘကိုးက ရေးခဲ့ပါတယ်။ သခင်ဇင်ရဲ့ဆန္ဒအရ ကိုဇင်ဆိုပြီး ပြောင်း လဲ ခေါ်ဝေါ်ကြတာဖြစ်တယ်လို့ဆိုပါတယ်။

သခင်ဇင် ကြီးပွားရေးတိုက်မှာ မန်နေဂျာလုပ်ခဲ့စဉ်က အတူတူအလုပ်တွဲလုပ်ခဲ့ဖူးတဲ့ ကလောင်ပျံဦးဘကိုး က သူတွေ့ကြုံခဲ့တာတွေကို ပြန်လည်ရေးသားရာမှာ - ''ကိုဇင်သည် စာရိတ္တကောင်းသူ ဖြစ်သည်။ အရက်၊ ဆေးလိပ်မသောက်၊ ကွမ်းမစား၊ လူပျိုဖြစ်သော်လည်း အပျော်အပါးမလိုက်စား၊ အမျိုးသမီးများနှင့် အရော တဝင်မလုပ်။ သူ့ကို အမျိုးသမီးတယောက်ယောက်နှင့် နောက်ပြောင်လျှင် မကြိုက်။ အလုပ်၌သာ စိတ်ဝင် စားသည်။ အလုပ်လုပ်ရာတွင် အလွန် စေ့စပ်သေချာသည်။ အမှားအယွင်းမရှိရအောင် အထပ်ထပ်စစ် ဆေးသည်။ အလုပ်ကို မြန်မြန်ပြီးခြင်းထက် သေသေချာချာရှိသည်ကို သူသဘောကျသည်။ အလုပ်ကို ပြီးစလွယ် ညံ့ဖျင်းအောင်လုပ်သည်ကို သူ မကြိုက်။ ထို့ကြောင့် အခြားသူများကို စိတ်မချ။ သူကိုယ်တိုင် လုပ်ရမှ ကျေနပ်သည်'' လို့ တွေ့ရပါတယ်။

အဲဒီကာလ သခင်ဇင်ရင်းနှီးရသူတွေထဲမှာ လူထုဦးလှနဲ့ ဆွေမျိုးနီးစပ်ေ တ်ာတဲ့ ညောင်လေးပင်က ဦးဘကြင်၊ ကိုဆောင်း(နောင်-ရဲဘော် သုံးကျိပ်ဝင်)၊ ဟံသာဝတီ ဦးဘခင်(ဟံသာဝတီ ဦးညွန့်ရဲ့ သမက်)၊ သခင်ကျော်စိန်၊ ကိုကျော်မြင့်လေး(နောင်-ဆိုရှယ်လစ်ဝန်ကြီး)၊ သခင် သန်းထွန်း စသူတို့ ပါဝင်ပါတယ်။

ဦးဘကြင်နဲ့ကိုဆောင်းတို့က ကန်ထရိုက်ယူပြီး ဗိုလ်ချုပ်လမ်းနဲ့ သိမ်ဖြူလမ်းထောင့်မှာရှိတဲ့ ဟာရီကရစ္စနား ရုပ်ရှင်ရုံမှာ ခေတ်သစ်သဘင်ဆိုပြီး ညဝက်စနစ်နဲ့ ပြဇာတ်ရုံသွင်းကပြတဲ့အခါ ကိုဇင်လည်း မန်နေဂျာ၊ စာရင်းကိုင် လုပ်ပေးရပါတယ်။ အဲဒီအချိန်တုန်းက သခင်သန်း ထွန်းနဲ့ အများဆုံးတွဲခဲ့ပါသတဲ့။

သခင်သန်းထွန်းရဲ့ စည်းရုံးမှုကြောင့် ကိုဇင် သခင်ဖြစ်လာရတာ၊ ကွန်မြူနစ် ပါတီဝင်ဖြစ်ခဲ့တာလို့ ကျော်လင်းစာပေထူထောင်သူ တိုးတက်ရေးသခင်အုန်းမြင့်က ပြောပြဖူးပါတယ်။

၃၈ လမ်း၊ အခန်း ၂၂၇ ကို ကြီးပွားရေးမဂ္ဂဇင်းတိုက်ပြောင်းတဲ့အချိန်တုန်းက သခင်ဇင့်ကိုတွေ့ဖူးတဲ့ စာရေးဆရာမကြီးဒေါ်ခင်ဆွေဦးက ''ထူးလည်းထူးတဲ့ ရဲရင့်သူတွေ''(ကလျာမဂ္ဂဇင်း၊ ဇန်နဝါရီ၊ ၂ဝ၁၅) ဆောင်းပါးမှာ အခုလိုရေး ခဲ့တာကို တွေ့ရပါတယ်။

''ကျမတို့မိသားစု ၃၈ လမ်းမှာနေစဉ်ကာလ သခင်ဇင်က ဦးလေးလှ (လူထုဦးလှ)နှင့် ပါလာတတ်တယ်။ ဦးလေးလှ ကြီးပွားရေးမဂ္ဂဇင်းမှာ ကျမဖေဖေ(မဟာဆွေ)ဟာ နေသူရိန်အမည်နှင့် ရေးခဲ့ဖူးပါတယ်။

ဒို့မေမေ၊ သူပုန်ကြီး၊ စစ်ထွက်သူ လုံးချင်းဝတ္ထုတွေနဲ့ နာမည်ကြီးနေတဲ့ အချိန်။ ရဲသတင်းစာတိုက်မှာ လခမယူဘဲ အယ်ဒီတာလုပ်နေတဲ့အချိန်။ သခင်ဇင်က ၃၈ လမ်းကို လူထုဦးလှနှင့်အတူ ရောက်လာက တည်းက ကျန်းမာရေး ချို့ချို့တဲ့တဲ့ ညီမလေးခင်ဆွေအေးကို ချီချော့ပြီး ဆေးတွေလည်း တိုက်ပေးတတ်ပါ တယ်။ အိမ်မှုကိစ္စတွေ၊ တံမြက်စည်း လှည်းတာတွေ စသဖြင့် မေမေ့ကိုအကူအညီပေးတော့ ကျမမေမေက တသက်လုံး သခင်ဇင့်အကြောင်း ပြောလို့မဆုံးနိုင်ပါဘူး။''

၁၉၃၉ ခုနှစ်မှာ လူထုဦးလှဟာ ဒေါ်အမာနဲ့ အိမ်ထောင်ကျပြီး ကြီးပွားရေးမဂ္ဂဇင်းတိုက် မန္တလေးကိုပြောင်း သွားတော့ သခင်ဇင်ဟာ ပျဉ်းမနားက ကိုထွန်းရှိန်ဆိုတဲ့ မိတ်ဆွေနဲ့ပေါင်းပြီး ဆူးလေဘုရားလမ်းနဲ့ အနော် ရထာလမ်းထောင့်က လေးထပ်တိုက် ပထမထပ်မှာ ကြံသကာအရောင်းအဝယ်လုပ်ငန်း လုပ်ခဲ့ကြပါတယ်။

မြေအောက်တော်လှန်ရေးသမား

၁၉၃၉၊ သြဂုတ်လ ၁၅ ရက်နေ့မှာ ဗမာပြည်ကွန်မြူနစ်ပါတီ စတင်ဖွဲ့စည်းပြီး သိပ်မကြာခင်မှာပဲ သခင်ဇင် ဟာ ကွန်မြူနစ်ပါတီဝင် ဖြစ်လာခဲ့ ကြောင်း၊ ထိုကာလတွင် သခင်ဇင်သည် တောင်သူလယ်သမားပြဿနာ ကို ဇောင်းပေးလေ့လာကြောင်း၊ တို့ဗမာအစည်းအရုံး ဗဟိုအမှုဆောင်တယောက် ဖြစ်လာကြောင်း ဗကပ တပ်မှူးဟောင်း ဦးရဲလင်းရဲ့ သခင်ဇင့်အကြောင်းရေးထားတဲ့ မှတ်စုမှာ တွေ့ရပါတယ်။

၁၉၃၉ ခုနှစ်၊ နိုဝင်ဘာ ၁ဝ ရက်၊ စနေနေ့မှာ တို့ဗမာအစည်းအရုံး အထွေထွေအတွင်းရေးမှူး သခင်အောင် ဆန်းနဲ့ သခင်လူငယ်မျိုးချစ် ကျောင်းသားတစုဟာ ဗမာ့မြေပေါ်ရှိ အင်္ဂလိပ်နယ်ချဲ့တွေကို အမြန်ဆုံးဆုတ် ခွာပြေးသွားအောင် လက်နက်စွဲကိုင်ပြီး မောင်းနှင်တိုက်ခိုက် ကြမှ နိုင်ငံ့လွတ်လပ်ရေးကို အမှန်တကယ် ရရှိ နိုင်တော့မည်ဟုယုံကြည်ကြတဲ့အတွက် သခင်မြ(ဗဟိုအဖွဲ့ချုပ်ခေါင်းဆောင်)၊ သခင်အောင်ဆန်း (နိုင်ငံခြား ဆက်သွယ်ရေးခေါင်းဆောင်)၊ အဖွဲ့ဝင်တွေအဖြစ် သခင်လှဖေ၊ ကိုလှမောင် (ကျောင်းသား)၊ ကိုလှမောင် (မိတ္ထီလာ)၊ ကိုဗဟိန်း(ကျောင်းသား)၊ ကိုဗဆွေ(ထားဝယ်)၊ သခင်ချစ်၊ ကိုထွန်းရွှေ(နဂါးနီ)၊ ကိုကျော်ငြိမ်း (ကျောင်းသား) စသူတွေနဲ့ မြေအောက် တော်လှန်ရေး ဗဟိုအဖွဲ့ချုပ် (Underground Unit) ကို ဖွဲ့စည်းခဲ့ကြ ပါတယ်။

၁၉၄၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ သခင်အောင်ဆန်း ဂျပန်ကပြန်ရောက်လာပြီးတဲ့အခါ မြေအောက်တပ်ပေါင်း စုဖွဲ့ရန် ညွှန်ကြားတဲ့အတွက် မြေအောက်တော်လှန်ရေးဗဟိုအဖွဲ့ချုပ်ကို ကျယ်ပြန့်တောင့်တင်းလာအောင် ဒေသအသီးသီးက နယ်စည်းရုံးရေးမှူးတွေနဲ့ ထပ်မံဖြည့်စွက် ဖွဲ့စည်းခဲ့ပါတယ်။

အဲဒီဖွဲ့စည်းမှုမှာ သခင်ခင် မောင်(ဗစိန်၊ ထွန်းအုပ်သခင်)၊ သခင်စံဖေ(မော်လမြိုင်)၊သခင်တင်ထွန်း(ပျဉ်း မနား)၊ သခင်လင်း (နတ္တလင်း)၊ သခင်ပါ(သနပ်ပင်၊ ပဲခူး) တို့နဲ့အတူ သခင်ဇင်ဟာ ပဲခူးနယ်စည်းရုံးရေး မှူးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း ၁၉၈၅ ခုနှစ် က ရန်ကုန်တက္ကသိုလ်၊ သမိုင်းဌာနကပြုစုတဲ့ ဗိုလ် ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိမူကြမ်း၊ စာ-၁၉၆-၁၉၇ မှာ တွေ့ရပါတယ်။

၁၉၄၂ ခုနှစ် ဂျပန်တပ်မတော်နဲ့ BIA (Burma Independent Army) တို့ ပူးပေါင်းပြီး မြန်မာပြည်ကို ဝင် လာတဲ့အချိန်မှာ နယ်မြေ အသီးသီး က သခင်တွေဟာ ဘီအိုင်အေဖွဲ့စည်းရေး၊ နယ်ချဲ့ကို အပြီးအပိုင် မောင်းထုတ်ရေးနဲ့ အုပ်ချုပ်ရေးယန္တရားတပ်ဆင်ရေးတို့အတွက် ဖာပွန်စစ်ကြောင်းက ချီတက်တိုက်ပွဲဝင်ခဲ့ သူ ရဲဘော်သုံးကျိပ်ဝင်တပ်မှူးကြီး ဗိုလ်ဇင်ယော်အား သခင်ဇင်နဲ့အတူ ဒိုက်ဦးမြို့မှာ တွေ့ဆုံခဲ့ပုံကို ဗကပ တပ်မှူးဟောင်း ဦးစောရင်က အခုလို ရေးသားခဲ့ပါတယ်။

''ထိုစဉ်က သခင်ဇင်သည် ဗိုလ်မှူးဇင်ယော်နှင့်တွဲဖက်ခါ နယ်မှလာကြသော သခင်အပေါင်းနှင့်တွေ့ဆုံပြီး ဘီအိုင်အေဖွဲ့စည်းရေးနှင့် အုပ်ချုပ် ရေးယန္တရား တပ်ဆင်ဖွဲ့စည်းရေးလုပ်ငန်းတာဝန်များကို နယ်အလိုက် ညှိနှိုင်းပေးခဲ့ပါသည်။ ....''

''သခင်ဇင်သည် နယ်ခံပုဂ္ဂိုလ်ဖြစ်သည်ကတကြောင်း၊ မမှန်မကန်လုပ်ရပ် များကို အမြဲဆန့်ကျင်ခဲ့သည့် အစဉ်အလာရှိသည့် ပုဂ္ဂိုလ်တဦး ဖြစ်သည့်အားလျော်စွာ အထက်အဖွဲ့အစည်းများမှ ညွှန်ကြားမှုအရ ဗိုလ်မှူးဇင်ယော်အား မည်သည့်နယ်မှ မည်သည့်ပုဂ္ဂိုလ်များသည် မည်သို့ရှိသည်၊ တည် ကြည်ဖြောင့်မတ် သည်၊ လုပ်သားပြည်သူတို့၏ကြည်ညိုလေးစားမှုခံယူရရှိသူဖြစ်သည်၊ စသည်တို့အား စကာတင် ထောက်ခံ တင်ပြကာ ပဲခူးခရိုင်မြောက်ပိုင်းမှ တို့ဗမာအစည်းအရုံးဝင်များကို ထောက်ခံကာ ဘီအိုင်အေဖွဲ့စည်းရေးနှင့် အုပ်ချုပ်ရေးယန္တရား ဖွဲ့စည်းရေးအတွက် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။''

၁၉၄၃ ခုနှစ် ဂျပန်ခေတ်မှာ ဒေါက်တာဗမော်ရဲ့ ဆင်းရဲသားပါတီနဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းတို့ရဲ့တို့ ဗမာ အစည်းအရုံးဝင် သခင်တွေပူးပေါင်းပြီး ''တို့ဗမာဆင်းရဲသားအစည်းအရုံး'' ဆိုတာ ဖွဲ့ခဲ့ပါတယ်။

အစည်းအရုံးမှာ သခင်ဇင်က အလုပ်အမှုဆောင်အဖြစ် ညောင်လေးပင် မြို့နယ်မှာ တာဝန်ယူဆောင်ရွက်ခဲ့ ပါတယ်။ တို့ဗမာဆင်းရဲသားအစည်းအရုံးလုပ်ငန်းတွေလည်းလုပ်ရင်း သခင်ဇင်က ဂျပန်တော်လှန်ရေး အတွက် လျှို့ဝှက်ပြင်ဆင်ခဲ့ပုံကို ရဲဘော်ဖိုးသံချောင်းရဲ့ ဒီမိုကရက်တစ်မြန်မာ့အသံအသံလွှင့်ချက် (၁၅၊၃၊၂ဝ၁၄) မှာ အခုလို တင်ပြထားပါတယ်။

''ဂျပန်တော်လှန်ရေးမစခင် ဖြစ်ပေါ်ခါနီးကာလမှာ ဒေါက်တာဗမော်နဲ့ သခင်တွေ ပူးပေါင်းပြီးတော့ ''တို့ဗမာ ဆင်းရဲသားအစည်းအရုံး'' ဆိုတာ ကိုထူထောင်ခဲ့ကြတယ်။ အဲဒီအစည်းအရုံးမှာ သခင်ဇင်ဟာ အစည်း အရုံးဝင်ဖြစ်ပြီး သူဟာ အဲဒီအစည်းအရုံးရဲ့လုပ်ငန်းတွေကို အပေါ်ယံဗန်းပြအဖြစ်လုပ်ပြီး လက်တွေ့မှာ ဂျပန်တော်လှန်ရေးအတွက် နယ်တွေဆင်းပြီး ပြင်ဆင်နေပါတယ်။ သူ့ရဲ့တကယ့်တာဝန်က အဲဒီအချိန်မှာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ညောင်လေးပင်မြို့နယ်အတွင်းရေးမှူး ဖြစ်ပါတယ်။ သူအဲဒီလို လုပ်ကိုင်နေ တာကို အဲဒီတုန်းက သူနဲ့အတူတူ တို့ဗမာဆင်းရဲ သားအစည်းအရုံးထဲမှာ လုပ်နေတဲ့သူတွေ ဘယ်သူမှ မရိပ်မိကြပါဘူး။ နောက်ဆုံး ဂျပန်တော်လှန်ရေးပြီးတယ် ဆိုတော့မှ 'သြော် သခင်ဇင်ကလည်း သခင် ဗဟိန်း၊ သခင်သန်းဖေတို့နဲ့တန်းတူ ဒီဒေသမှာ ဂျပန်တော်လှန်ရေးကို ခေါင်းဆောင်ခဲ့သူ တယောက်ပါ လား' လို့ သူတို့သိကုန်ကြတာပါ။''

(ဆက်လက်ဖော်ပြပါမည်)

ထွန်းဝင်းငြိမ်း  
(သခင်ဇင် စာအုပ်၊ ယဉ်မျိုး စာအုပ်တိုက်၊ ၂၀၁၆ ထုတ်မှ)

Comments