လှကျော်ဇော ● တပ်ပြုပြင်ပြောင်းလဲရေး - အပိုင်း (၂)

လှကျော်ဇော ● တပ်ပြုပြင်ပြောင်းလဲရေး - အပိုင်း (၂)
(မိုးမခ) ဧပြီ ၂၅၊ ၂ဝ၁၈

● ဖိလစ်ပိုင်ကပေးတဲ့သင်ခန်းစာ
၁၄-၄-၂ဝ၁၈ နေ့ ဘီဘီစီကဆွေးနွေးခန်းမှာ ဦးသိန်းစိန်အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီးဖြစ်ခဲ့သူ ဦးရဲထွဋ်ပြောသွား တဲ့အချက်တရပ်က ဒီချုပ်ရွေးကောက်ပွဲတွေမှာ နိုင်တာမှန်ပါတယ်။ အဲဒီတုန်းက သူတို့က အတိုက်အခံတွေလေ။ အခု အစိုး ရအဖြစ် ၂ နှစ်လုပ်ပြီးချိန်မှာကျတော့၊ လူထုတွေက မကျေမနပ်ဖြစ်မှုတွေရှိတယ်။ အင်ဒိုနီးရှားတို့ ဖိလစ်ပိုင်တို့အဖြစ် အပျက် တွေလည်းရှိခဲ့တယ်လို့ ပြောသွားတာကြားရပါတယ်။ အာဏာရှင်စနစ်ကိုတိုက်ဖျက်အပြီး၊ ဒီမိုကရေစီအစိုးရတွေတဆက်ပဲရှိပြီး နောက်ဗိုလ်ချုပ်ဟောင်းတွေ ပြန်အာဏာရလာတာကို ပြောလိုဟန်ရှိပါတယ်။ ဒါပေမဲ့ အဲဒီဗိုလ်ချုပ်ဟောင်းတွေဟာ စစ် ယူနီဖေါင်းချွတ်ပြီး သာမန်အရပ်သားနိုင်ငံရေးသမားအဖြစ် နိုင်ငံရေးပါတီတရပ်ရဲ့ခေါင်းဆောင်အဖြစ် ရွေးကောက်ပွဲဝင် ရောက် ယှဉ်ပြိုင်အရွေးခံခဲ့ကြတာဖြစ်တာပါ။ ဒါ့အပြင် သူတို့မှာ ပြည်သူဖက်ကရပ်တည်ခဲ့တဲ့ သမိုင်းကြောင်းတွေလည်း ရှိခဲ့ ပါတယ်။

ဒါ့ကြောင့် ဒီနေရာမှာ ဖိလစ်ပိုင်က ဗိုလ်ချုပ်ကြီး ဖိဒယ်ရားမိုးစ်အကြောင်း ပြောချင်လာပါတယ်။

ဗိုလ်ချုပ်ရာမိုးစ်ဟာ ဖိလစ်ပိုင်အာဏာရှင်မာကိုစ်လက်ထက်က ဖိလစ်ပိုင်တပ်မတော်ရဲ့ စစ်ဦးစီးချုပ်ဖြစ်ခဲ့ပြီး ၁၉၈၆ မှာပေါ် ပေါက်ခဲ့တဲ့ မားကို့စ်ကို တော်လှန်ဖြုတ်ချခဲ့တဲ့ ပြည်သူ့အာဏာတော်လှန်ရေးကြီးစခဲ့တဲ့အထဲမှာပါဝင်ခဲ့ပြီး မားကိုစ့်ရဲ့ အဓိက ပြိုင်ဖက် ကိုရီဇိုအာကွီနိုကို ထောက်ခံအားပေးခဲ့သူဖြစ်ခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံရဲ့အာဏာရှင်စနစ်အလွန်ပထမဆုံးပြည်သူ တွေရွေးချယ်တင်မြှောက်ခံရတဲ့ အာကွီနိုရဲ့အစိုးရအဖွဲ့မှာ (၁၉၈၈-၁၉၉၁) မှာ ကာကွယ်ရေးဝန်ကြီးဖြစ်ခဲ့ပါတယ်။ အာကွီနို ကိုဖြုတ်ချဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တဲ့ စစ်တပ်အာဏာသိမ်းရန်ကြံစည်မှုတွေကိုလည်း သူပဲနှိပ်ကွပ်ခဲ့တာပါ။ ၁၉၉၂ ခုနှစ်ရွေး ကောက်ပွဲမှာ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရပြီး၊ ဖိလစ်ပိုင်နိုင်ငံရဲ့၁၂ ဦးမြောက်သမ္မတ (၁၉၉၂-၁၉၉၈) ဖြစ်လာခဲ့ ပါတယ်။ သူခေတ်မှာ စီးပွားရေးလည်း အတော်ဦးမော့လာခဲ့ပါတယ်။

သူသမ္မတဖြစ်နေစဉ်ကာလက တရုတ်ပြည်ကို လာလည်ခဲ့ဘူးပါတယ်။ ၁၉၇ဝ-၈ဝ ခုနှစ်များကစလို့ တံခါးဖွင့်ပေါ်လစီကျင့်သုံးလာတဲ့တရုတ်ပြည်မှာ အတော်ပွင့်လင်းလာတဲ့အတွက်၊ အဲသလိုအလည်အပတ်လာတဲ့ နိုင်ငံတကာကခေါင်းဆောင်များ ကို တရုတ်တက္ကသိုလ်များမှာ မိန့်ခွန်းတွေပြောခွင့်ပြုရုံမက၊ မိန့်ခွန်းတွေအပြီးမှာလည်း ကျောင်းသားများနဲ့ အမေးအဖြေ လုပ်ကြတာတွေရှိပါတယ်။ ပြီးတော့ အဲဒီအခမ်းအနားတွေကိုလည်း ရုပ်မြင်သံကြားကနေ တိုက်ရိုက်လွှင့်ပေးတတ်ပါ တယ်။(ဥပမာ-အမေရိကန်သမ္မတဘုရှ် (အငယ်) တို့၊ ဗြိတိသျှဝန်ကြီးးချုပ်တိုနီဘလဲတို့၊ သြစတျေလျဝန်ကြီးချုပ် ကဲဗင် ရောတ့်တို့ ဟောပြောတာတွေရှိခဲ့ပါတယ်။)

တရုတ်ပြည်မှာအလည်ရောက်နေစဉ် သမ္မတရာမိုးစ်လည်း ပီကင်းတက္ကသိုလ်မှာ ဟောပြောပို့ချမှုလုပ်ပါတယ်။ ဖိလစ်ပိုင်မှာစီးပွားရေးတိုးတက်ရေးအတွက် ဘာတွေလုပ်ဆောင်နေတယ်ဆိုတာတွေကို အဓိကထားပြောသွားပါတယ်။ အဲဒါအပြီး အ မေးအဖြေခန်းရောက်တော့၊ ကျောင်းသူတဦးက ဒီလိုမေးပါတယ်။

“သမ္မတဟောင်းမားကိုစ့်ပြောတာ တခုကြားဖူးပါတယ်။ သူအာဏာလက်လွှတ်ဖြစ်သွားရတာဟာ ရာမိုးစ်သစ္စာဖေါက်လို့တဲ့။ အဲဒါမှန်ပါသလား” တဲ့။ (မှတ်ချက်။ ရာမိုးစ်ဟာ မားကိုစ်နဲ့ ညီအကိုဝမ်းကွဲတော်စပ်ပါတယ်)

ဒီတော့ ရာမိုးစ်က ဒီလိုပြန်ဖြေပါတယ်။ “ဒါကတော့ ဘယ်ဖက်ကကြည့်သလဲဆိုတာအပေါ် မူတည်ပါတယ်။ မားကိုစ့် ဖက်က ကြည့်ရင် ကျွန်တော်ဟာ သစ္စာဖောက်ပါ။ မားကိုစ်က အာဏာရှင်စနစ်ထူထောင်ပြီး နှိပ်စက်ညှဉ်းပန်းမှုအမျိုးမျိုးလုပ်ခဲ့တာ ကြောင့် မုန်းတီးရွံရှာကြပြီး သူ့ကိုဖြုတ်ချဖို့ကြိုးစားခဲ့ကြတဲ့ပြည်သူများဖက်ကကြည့်ရင်တော့ ကျွန်တော်ဟာ သူတို့ရဲ့ သူရဲ ကောင်းပါ။ ပြည်သူအပေါ် သစ္စာရှိသူပါ။

ဒါ့ကြောင့်ပဲ ပြည်သူများက ရွေးကောက်ပွဲမှာ ကျွန်တော်ကို မဲပေးရွေးချယ်ခဲ့လို့ အခုသမ္မတဖြစ်လာတာပေါ့” တဲ့။

အဲသလို ပြည်သူဖက်ကရပ်တည်ခဲ့တဲ့သမိုင်းကြောင်းရှိခဲ့လို့ ပြည်သူတွေက ပြန်ပြီးကျေးဇူးဆပ်ခဲ့တာပါ။

ဗမာပြည်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် စစ်အုပ်စုဝင် ထိပ်သီးဗိုလ်ချုပ်ကြီးများအနေနဲ့ကတော့ စစ်အာဏာရှင် စနစ် သားစဉ်မြေးဆက်တည်တံ့အောင် ၂ဝဝ၈ ခြေဥကို ကာကွယ်စောင့်ရှောက်ထိန်းသိမ်းနေသမျှ ပြည်သူ့ဘက်ပြောင်းလဲ ရပ်တည်ဖို့၊ ပြည်သူနဲ့တသားတည်း ပြည်သူ့အကျိုးဆောင်ပေးဖို့ဆိုတာ ဘယ်လိုမှဖြစ်မလာနိုင်ပါဘူး။ ပြည်သူလူထုကို နှစ်ပေါင်းများစွာ ဒုက္ခပေးလာတဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေးမှာ ပြည်သူနဲ့တသားတည်း တိုက်ပွဲဝင်နိုင်ရေး အတွက် ပြည်သူ့ဘက်သို့စိတ်ဓာတ်အရရော၊ လုပ်ဟန်အရပါ လုံးလုံးလျားလျားပြောင်းလဲလာဖို့ လိုအပ်ပါတယ်။

ဒီအတွက် ရှေးဦးစွာပြည်သူတွေလိုလားတောင့်တနေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးလုပ်ငန်းစဉ်တွေမှာ-သဘောထား ကြီးကြီး အမြင်ကျယ်ကျယ် ရိုးသားဖြောင့်မတ်စွာနဲ့ လုပ်ဆောင်ပြသဖို့လိုပါတယ်။ အခုလို တို့တာဝန်အရေးသုံးပါးတို့၊ တပ်မ တော်မူ (၆) ချက် စတဲ့ပြည်သူနားခါးစေတဲ့ အပြောအဆိုမျိုးတွေကို တခါတမျိုး မရိုးရလေအောင်ပြောနေလို့ကတော့ မား ကိုစ့် အာဏာရှင်စနစ်ဖြုတ်ချရေးမှာ ဖိလစ်ပိုင်ပြည်သူတွေဘက်က ခိုင်ခိုင်မာမာရပ်တည်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး ဖိဒယ်ရားမိုစ်တို့လို ပြည်သူတွေကရွေးချယ်တင်မြှောက်ပေးတဲ့ သမ္မတမျိုး ဘယ်လိုမှ ဘယ်တော့မှဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။

လှကျော်ဇော
၂၁၊ ၄၊ ၂ဝ၁၈

Comments