ကျော်ဆွေဝင်း (အင်းမ) ● အိပ်မက်မှားတဲ့ရာသီ


ကျော်ဆွေဝင်း (အင်းမ) ● အိပ်မက်မှားတဲ့ရာသီ
(မိုးမခ) ဧပြီ ၂၆၊ ၂၀၁၈

ခေတ်ဟာက ဆုန်ပေါက်ပြေးနေတယ်
တို့တွေအားလုံး
မီရာရထားပေါ် တိုးလို့တွဲလဲ
အိပ်မက်တွေဆီ အားခဲ
အော်ဟစ်မာန်သွင်း ခုတ်မောင်းနေလည်း
အရွေ့ကနည်း ပွဲကမလှ
ဆိုရေးရှိတော့ဆိုကြ
ဆဲသံတွေကိုလည်း ကြောက်ြကရနဲ့
ပေါက်ကရရှစ်ဆယ် အွန်လိုင်းပေါ်
သူရဲကောင်းတွေများလာ
လ္ဘက်ရည်ဆိုင်မှာ လေတိုက်နှုန်းများလာ
ဝေ့စ်ကုတ်ဝတ်
ကိုယ့်ကိုယ်ကို တံဆိပ်ကပ်သူတွေများလာ
အခုမှ
ကိုယ်ဖော်တဲ့ဆေး ကိုယ်စားရမှာကြောက်လာသလို
ကွင်းလယ်ဒိုင် ခရာမှုတ်ထားပါလျှက်
ထွက်မယ့်သူ ကွင်းပြင်ရောက်မလာလို့
ကွင်းဝင်ဖို့ တစ်ဆို့ဆို့ဖြစ်နေတဲ့ ကစားသမားလို
စက်တင်ဘာဟာ ကိုယ့်ဒေါသနဲ့ကိုယ် ခြောက်ချား
ငါတို့အားလုံး
တော်သလင်းနေနဲ့ စိတ်တွေသေနေပြီလား
သမိုင်းတွေဟာ
ပယောဂတစ်ခုခုကြောင့်
သားလျှောသွားခဲ့ပြီလား
အမြစ်မပြတ်သေးတဲ့ အပူကနှောက်
ဒေါင်းယောင်ဆောင်တဲ့ကျီးတွေက ဖောက်နဲ့
(တတိယမျက်လုံးတွေကို ပုန်းကွယ်ဖို့)
ခြောက်ဆယ့်ခြောက်ဟာ
အားလုံးကို ဆက်ခြောက်နေလေတော့
ကိုယ့်ဝေဒနာကိုယ်တောင် အန်မချရဲလောက်အောင်
တောက်တဲ့အော်သံတွေအကြား
စားနေရတဲ့သစ်သီးတွေလည်း
အခွံထူ အစေ့များနေတော့တယ်။ ။

ကျော်ဆွေဝင်း (ရွှေအင်း)

Comments