ရိုးခက် ● စစ်မိုးကရေစီ နိုင်ငံတော်

ရိုးခက် ● စစ်မိုးကရေစီ နိုင်ငံတော်
(မိုးမခ) ဧပြီ ၁၁၊ ၂၀၁၈

ဘယ်တရား
ဘယ်ဓားနဲ့ဆုံးဖြတ်တာလဲ
လူညီညီ မညီညီ
အခွင့်အရေးတန်းတူက ဘာလဲ
စကားလုံးတွေ
စာသားတွေ
စာရွက်ပေါ်မှာ ပုံအော
ဈေးပေါပေါနဲ့
လျှာပေါ်မြက်ပေါက်တွေ
အလှမွေးငါးတစ်ကောင်လို
ကျင်လည်ရာဝန်းကျင်
နုံအအ ညနေခင်းများ
ဖော်ဖော်ရွေရွေ အပြုံးတုများ
ဒီဇာတ်ရှိန် ဘယ်လောက်အထိ
မြင့်တက်နေဦးမှာလဲ
ကနဦးထွက်ခဲ့တဲ့အပျိုတော်အခန်းရှေ့ထွက်က
ခုထိမကောင်းနိုင်သေးဘူး
မိုးထားတဲ့ဓားက ထက်နေတာလား
ဆွဲထားတဲ့ပန်းချီက လှနေတာလား
မနက်ဖြန်ဟာ မှောင်မိုက်လို့
ရေများများ မီးမနိုင်ခဲ့ရင်
ငါတို့အားလုံး သင်းသပ်ခံနေရတဲ့နေ့
နောက်ကျောမှာထိုးတဲ့ဓားနဲ့
ဟောဒီနိုင်ငံရဲ့ ရာသီဥတုတွေ
ဖောက်ပြန်နေတယ် ။ ။

ရိုးခက်
၃၊ ၃၊ ၂၀၁၈

Comments