လင်းသက်ငြိမ် - ရှင်သန်ပါ

KT#
ရှင်သန်ပါ
လင်းသက်ငြိမ်
(မိုးမခ) မေ ၄၊ ၂၀၁၈

လူ့အဖြစ်ဟာ ဘယ်ဘဝကကျလာတာလဲ
အဲ့ဒီလိုစလိုက်ပြီဆိုတာနဲ့ ဘယ်လိုဆုံးရမယ်မသိသေး
ရောမမြို့ကြီးလည်း တစ်ရက်တည်းဆောက်ခဲ့တာမဟုတ်
လူလည်း တစ်ရက်တည်းအရွယ်ရောက်ကြီးပြင်းလာတာမဟုတ်
ဒီလောက်ဆိုရွာလည်လို့ရပြီ ဆက်လျှောက်
ဖိနပ်သံ တရှပ်ရှပ်မြည်အောင် လျှောက်
တခါတလေ လက်ထဲက စားစရာပြုတ်ကြတယ်
တခါတလေ စားစရာထဲ လူကိုယ်တိုင်ပြုတ်ကြတယ်
အထက်နဲ့အောက်ကို တစ်ကြောင်းစီသွားကြည့်တာ
အပေါ်ကိုရောက်ဖို့သာအချိန်လိုတာပါ
အဆင်းက နာရီပတ်မထားဘူး
နွေအကြိမ်ကြိမ် မိုးအကြိမ်ကြိမ် ဆောင်းအကြိမ်ကြိမ်
ကျိန်စာတစ်လှည့် ဆုလာဘ်တစ်လှည့်
ခဏခဏကျရှုံးရ ခဏခဏစိတ်ဓာတ်တက်ကြွရ
နေရတုန်းတော့ပျော်ပျော်ပေါ့
ငိုစရာရှိငို ပျော်စရာရှိပျော်
ဆဲရေးစရာရှိဆဲရေး မေတ္တာပို့စရာရှိမေတ္တာပို့
ခြေနင်းဖတ်ထဲက မြက်ပင်တွေသေဖို့မတွေးဘူး
ဆီးပြီးပွေ့ထားလို့မရမှတော့ ကြယ်ကြွေတာအလကားပဲ
လေလည်လိုက် ပြေလည်လိုက်နဲ့
လမ်းပေါ်မှာ ဘီးတွေပြေးလွှား
အိုးကင်းပူထဲရောက်တာတောင် ပွင့်ပြသွားတဲ့
ပြောင်းဖူးတွေ ဦးညွတ်စရာ သိပ်ကောင်း ။


Comments