နိုင်ငံရေးအကျဉ်းသားဟောင်း ဦးရွှေထူးရေးတဲ့ ၀တ္ထုစာအုပ်မိတ်ဆက်ပွဲ ရန်ကုန်မှာလည်း ပြုလုပ်မယ်





နိုင်ငံရေးအကျဉ်းသားဟောင်း ဦးရွှေထူးရေးတဲ့ ၀တ္ထုစာအုပ်မိတ်ဆက်ပွဲ ရန်ကုန်မှာလည်း ပြုလုပ်မယ်
K (မိုးမခ) မေ ၂၄၊ ၂၀၁၈


မန္တလေးမြို့နေ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးရွှေထူး (ကလောင်အမည် အောင်ဇေယျ-မန္တလေး)ရေးတဲ့ မြစ်ဧရာ နဒီရိုး မှာ မိုးချုပ်ခဲ့ပြီ အမည်ရတဲ့ ၀တ္ထုစာအုပ်မိတ်ဆက်ပွဲအခမ်းအနားကို ရန်ကုန်မြို့လမ်းမတော်သံဈေးရှိ Yangon Book Plaza မှာ မေလ ၂၇ ရက်၊ နေ့လယ် ၃နာရီမှာ ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။

ဦးရွှေထူး(စာရေးဆရာ အောင်ဇေယျ-မန္တလေး)ဟာ စစ်အစိုးရလက်ထက်များမှာ ပုဒ်မ(၅)(ည)(၁၇/၁)၊ ၁၂၄(က)၊ ပုဒ်မ ၁၇ (၂)၊ ပုဒ်မ ၁၉(စ) အစရှိတဲ့ ပုဒ်မများနဲ့ မန္တလေးထောင်၊ တောင်ကြီးထောင်တို့မှာ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ရပြီး ၂၀၁၂ မှ ပြန်လည်လွတ်မြောက်လာသူဖြစ်ပါတယ်။

အဆိုပါ မြစ်ဧရာ နဒီရိုးမှာ မိုးချုပ်ခဲ့ပြီး ၀တ္ထုရှည်နဲ့ပတ်သက်ပြီး ဦးရွှေထူးက “ ကျနော် ဘာကိုတင်စားပြီးရေးခဲ့တာလဲဆိုရင် ဗမာပြည်ရဲ့အဖြစ်ကို ဧရာဝတီနဲ့တင်စားပြီး ရေးခဲ့တာပါ။ ဘာကြောင့်လဲဆိုရင် ဗမာပြည်ဟာ လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၇၀ ကျော်ကြာလာခဲ့ပေမယ့် အခုထက်ထိ ဗမာပြည်က အထူးသဖြင့် ပြည်တွင်းစစ်ကြီးဒဏ်ခံနေရတုန်းပဲ။ ကျနော့်စာအုပ် ရဲ့အဓိကရည်ရွယ်ချက်ကတော့ ပြည်တွင်းစစ်ဆန့်ကျင်ရေးပါပဲ”လို့ပြောပြပါတယ်။


စာအုပ်ပါအကြောင်းအရာ၊ စာအုပ်ဖြစ်တည်လာပုံနဲ့ပတ်သက်ပြီးတော့လည်း “လွတ်လပ်စမြန်မာနိုင်ငံမှာ လက်ဝဲ၊လက်ယာ ဆူပူသောင်းကျန်းမှုတွေ ဖြစ်ပျက်ပြီးကတည်းက ဒီပြည်တွင်းစစ်ကြီးက ဒီကနေ့ထိအောင် မပြီးနိုင်တော့ဘူး။ ဒီစာအုပ်က ကျနော်အနည်းဆုံး ၃အုပ်လောက် ရေှးမှ ပြည့်စုံလိမ့်မယ်။ ဒါက ပထမပိုင်းလို့ပြောလို့ရပါတယ်။ စာအုပ်ကို ဘယ်ကနေ စ ထားသလဲဆို ၁၉၄၉ခုလွတ်လပ်ရေးရပြီးကာစမှာ လက်ဝဲဘက်ကနေ ဗကပတို့ အလံနီတို့က တောခိုကြတယ်။ အဲလိုပဲ လက်ယာဘက်ကစောဘဦးကြီးတို့က ဗမာပြည်ထဲကနေ ကရင်ပြည်နယ်ခွဲထွက်ပြီး ကရင်နိုင်ငံထူထောင်ရေးဆိုပြီး သူပုန် ထကြတယ်။ အဲဒီသူပုန်ထမှုဟာ ဘယ်လောက်ပြင်းထန်ခဲ့သလိုဆို ရန်ကုန်တမြို့ပဲကျန်တော့တယ်။ အဲလိုပဲအထက် ဗမာ ပြည်ဆိုလို့ရင်လည်း မြို့ကြီးတွေ အကုန်ကျသွားတယ်။ ဧရာဝတီမြစ်ရိုးတလျှောက်မှာ ရှိတဲ့မြို့တွေကျကုန်တယ်။ ရန်ကုန် မန္တလေးလမ်းတလျှောက်လုံး မြို့တွေကျကုန်တယ်။ အဆိုးဆုံးပေါ့။ တိုင်းပြည်ရဲ့မုန်တိုင်းအထန်ဆုံးကာလပေါ့။ အဲဒီလို အချိန်ကာလမျိုးမှာ အထက်ဗမာပြည် မေမြို့တိုင်းစစ်ဌာနချုပ်ဖွဲ့စည်းပုံအောက်က စစ်မြေပြင် အင်ဂျင်နီယာတပ်က တပ်မှူး တပ်ဗိုလ်တပ်သားတွေက ရန်သူဆီမှာ အညံ့မခံဘဲ လက်နက်မချဘဲ ခံတိုက်တယ်။ အဲဒီအဖြစ်အပျက်က စထားတဲ့ ၀တ္ထု ဖြစ်ပါတယ်” လို့ ပြောပြပါတယ်။

စာအုပ်ရေးသားဖြစ်တဲ့အချိန်ကာလကိုတော့ “၂၀၀၀ခုနှစ် မန္တလေးထောင်ကနေ တောင်ကြီးထောင် အရွှေ့ခံရပြီးနောက် ၃နှစ်မှာ ဒီပဲယင်းလုပ်ကြံမှုကြီးဖြစ်တယ်။ ဒါကိုကြားရတဲ့အချိန်မှာ ကျနော် တော်တော် စိတ်ထိခိုက်တယ်။ ကျနော်တို့ ရဲ့ဒီမိုကရေစီ မျှော်လင့်ချက်ကြီး သွားပါပြီဆိုပြီး အဲဒီစိတ်ကို အခြေခံပြီး ဒီဝတ္ထုကို စရေးခဲ့တာ၊ ထောင်ကြီး ထောင်ထဲမှာ ကျနော် အကြမ်းဖျင်းရေးခဲ့တယ်။ ၂၀၁၂ စက်တင်ဘာနောက်ပိုင်း ထောင်ကလွတ်ပြီး ၅နှစ်လောက်ကြာမှ ဒီဝတ္ထုကို အဆုံးသတ်ထုတ်ဝေနိုင်ခဲ့တယ်လို့ ပြောပြပါတယ်”လို့ ပြောပြပါတယ်။

ယခု မြစ်ဧရာ နဒီရိုးမှာ မိုးချုပ်ခဲ့ပြီစာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကို မေလ ၁၃ရက်နေ့က မန္တလေးမြို့မိုးကောင်းတိုက် အလယ်ရွှေကျောင်းမှာလည်း ပြုလုပ်ခဲ့ပါတယ်။

Comments