စိုးနောင် (မုံရွာ) ● ထန်း

 စိုးနောင် (မုံရွာ) ● ထန်း
(မိုးမခ) မေ ၂၃၊ ၂၀၁၈

မနှစ်က
ထန်းတောကြီးဟာ
ဒီနှစ်
ထန်းသင်္ချိုင်းကြီးဖြစ်သွားပြီ။

ထးန်ဖို၊ ထန်းမနဲ့ ထန်းပင်ငယ်တွေရဲ့
ထန်းမိသားစုတွေဟာ
သေကွဲ ရှင်ကွဲ ကွဲနေကြ။

ပိုက်ဆံဗုံးနဲ့ အကြမ်းဖက်တိုက်ခိုက်ခံရလို့
ထန်းပင်တွေဟာ
အစုလိုက် အပြုံလိုက် သေဆုံးလို့။

ထန်းပင်တွေကို
အိပ်မက်ထဲထိလာခြောက်လှန့်နေတာ
လက်မည်းကြီးမဟုတ်ဘူး
လက်ဖြူကြီး။

နွေနဲ့မြည်းဖို့
ထန်းရည် ကိုလာနဲ့ ထန်း Label မရှိတော့ဘူးဆိုရင်။

မိုးကို ပုန်းဖို့
ထန်းလက်တဲလေး မရှိတော့ဘူးဆိုရင်။

ဆောင်းမှာ မွှေးဖို့
ထန်းပင်မြစ်ရနံ့လေး မရှိတော့ဘူးဆိုရင်။

ထန်းပင်တွေ ကာကွယ်ပေးခဲ့လို့
တတိယမြန်မာနိုင်ငံပေါ်ပေါက်ခဲ့ဖူးတာ
စတုတ္ထမြန်မာနိုင်ငံသားတွေ မေ့နေကြပေါ့။

တောပြုန်း တောင်ပြုန်း
ပြီးတော့
ထန်းပြုန်း။

စစ်ဟာမပြုန်းသရွေ့
အာဏာရှင်ဟာ မပြုန်းသရွေ့။

ထန်းပင်တွေဟာ
နိုင်ငံတော်ကို ထမ်းထားနိုင်တယ်
နိုင်ငံတော်ဟာ
ထန်းပင်တွေကို ထမ်းမထားနိုင်ဘူးလား။       ။

စိုးနောင် (မုံရွာ)

Comments