ညီဆောင်းဦး - ကျွန်တော် ခံစားသူ

Than Htay Maung


ညီဆောင်းဦး - ကျွန်တော် ခံစားသူ
(မိုးမခ) မေ ၇၊ ၂၀၁၈

ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးစာရေးဆရာတော်တော်များများကစာတွေရေးပြီး ဆန္ဒပြုကြတယ်။ ကဗျာတွေနဲ့ဖန်တီးတောင်းဆိုကြတယ်။ ထောက်ပြကြတယ်။ အဲ့ဒါကြောင့်ငြိမ်းချမ်းရေးစာတွေ၊ ကဗျာတွေတော်တော်များများကိုဖတ်ဖူးခဲ့တယ်။ ခေါင်းစဉ်အမျိုးမျိုး၊ အကြောင်းအရာ အမျိုးမျိုးနဲ့ဖန်တီးခဲ့ကြပေမယ့် အားလုံးကတညီတညွတ်တည်း ငြိမ်းချမ်းရေးဆီကို ဦးတည်နေကြပါတယ်။

 တွေးစရာကောင်းလာတာက နိုင်ငံသားတိုင်းမှာ တူညီတာတခုရှိနေပါတယ်။ အဲ့ဒါကတော့ မငြိမ်းချမ်းသေးတဲ့ မိမိတို့ရဲ့နိုင်ငံတော်ကြီးကို ငြိမ်းချမ်းချင်နေကြတာပါပဲ။ သေချာတာကတော့ ငြိမ်းချမ်းရေးဆိုတာကြီးကို နိုင်ငံသားတိုင်းမြင်ဖူးချင်နေကြတာပါ။ သတင်းစာတွေ၊ ဂျာနယ်တွေထဲမှာလည်း လိုက်ရှာကြည့်ကြပါတယ်။ ငြိမ်းချမ်းရေးသာ ဓားဆိုရင် တခါမှမသုံးရသေးလို့ သံချေးတက်နေလောက်ပါပြီ။

ဟိုတနေ့ကဖတ်လိုက်ရတဲ့ ကဗျာတစ်ပုဒ်ကြောင့်ငြိမ်းချမ်းရေးဟာ ကျွန်တော်တို့နိုင်ငံအတွက် အင်မတန်လိုအပ်နေပြီဆိုတာ ပိုပြီးသိလိုက်ရပါတယ်။ ကဗျာကိုဖန်တီးသူက လင်းခ(မော်လမြိုင်)ပါ။ ကဗျာခေါင်းစဉ်က” ဆူညံနေဆဲအလံတော်”။

ဆူညံနေတယ်ဆိုတာပဋိပက္ခဖြစ်နေလို့ပါ။ ကဗျာပါစာကြောင်းတွေကိုမဖတ်ခင်ခေါင်းစဉ်မှာတင် မငြိမ်းချမ်းတဲ့အရိပ်အယောင်တွေကိုတွေ့မြင်စေပါတယ်။ ဖန်တီးသူဟာလည်း ငြိမ်းချမ်းရေးမွတ်သိပ်နေသူတယောက်ဆိုတာကို သိဖို့ခေါင်းစဉ်နဲ့တင်လုံလောက်နေပါပြီ။ အပျိုးကောင်းတဲ့ ကဗျာဖန်တီးသူပါ။

ဖန်တီးသူ လင်းခ(မော်လမြိုင်) ရဲ့ကဗျာကိုခံစားကြည့်ရအောင်ပါ။

“မိုးပျံပူဖောင်းတွေကိုလက်ခုပ်တီးရုံနဲ့
ပေါင်မုန့်တွေထွက်ကျမလာပါဘူး
မျက်လှည့်ဆရာတွေတွားသွားခဲ့ဥယျာဉ်တော်
ဆံပင်အတုကိုဖားလျားချထားလျက်
ပွဲတော်မှာရနံ့အတုတွေမျက်နှာဖုံးစွပ်ထားဆဲ
နားကမမြင်ချင်တာတွေမြင်နေရသလို
မျက်စိကလည်းမကြားချင်တာတွေကြားနေရပေါ့
ဉာဏ်တုံးချင်ယောင်ဆောင်တဲ့ကြယ်တွေ
အတ္တဓားတွေခဏခဏဆွဲဆွဲထုတ်တော့
ပျံသန်းခြင်းတွေမှာမြှားတွေသာပိုအရပ်မြင့်လာတယ်။

မျက်ရည်လုပ်ကိန်းဂဏန်းတွေများနေသမျှ
အဖြေမထုတ်နိုင်သေးတဲ့ပုစ္ဆာတွေရှင်သန်နေဦးမှာပဲ
သရက်ပင်စိုက်မယ့်လေညင်းတွေထက်
တယောထိုးမယ့်မုန်တိုင်းတွေပိုအားကောင်းနေသလား
နွံအိုင်နှုတ်ခမ်းပေါ်ရောက်စလှည်းကလေး
ဇွန်ပန်းရုံအနီးမှာပဲရှိပါသေးတယ်
ပြိုင်တူတွန်းရင်ရွေ့မယ့်သီချင်း
အလင်းတွေတလူလူပွင့်ပါစေ။”

ကဗျာကဒီမှာတင်ပြီးသွားပါပြီ။

ကဗျာရဲ့( Log Line)ကို ”လွဲနေတာတွေပြန်တည့်စေချင်တဲ့ ငြိမ်းချမ်းရေးဆုတောင်း”လို့ အဓိပ္ပာယ်ဖွင့်ချင်ပါတယ်။ ငြိမ်းချမ်းရေးကိုဦးတည်ထားတဲ့အတွက် ဒီလိုကဗျာတွေမှာ(Main Theme)ဟာ အင်မတန်လေးနက်ပါတယ်။ ကဗျာဆိုတာမျိုးကလည်း အလွယ်တကူထုတ်ပြလို့မရတဲ့ စိတ္တဇရပ်ဝန်းဖြစ်သလို ထပ်ဆင့်တွေးတောလို့မပြီးနိုင်တဲ့တွေးမှုနယ်ပယ်ကြီးလည်း ဖြစ်နေတာကိုး။

ဖန်တီးသူ လင်းခ(မော်လမြိုင်) ရဲ့ အခုလိုကဗျာမျိုးဆိုရင် ခံစားသူတယောက်အနေနဲ့ ပိုလို့တောင် ဝန်တာကြီးပါသေးတယ်။ ခံစားမှုပေါ့လေ ဖန်တီးသူက အင်နဲ့အားနဲ့ စေတနာနဲ့ဖန်တီးထားတာတွေ လျှော့ကျလေပါပဲ။ အဲ့ဒါကြောင့် ဦးစွာစကားပလ္လင်ခံချင်တာက ကဗျာပါအကြောင်းအရာကိုပြန်လည်ခံစားတဲ့နေရာမှာ တစုံတရာအရသာပေါ့သွားတယ်ဆိုရင် ကျွန်တော့်ညံဖျင်းမှုလို့သာဝန်ခံပါရစေ။ ဖန်တီးထားတဲ့ကဗျာကနဂိုကတည်းက အင်မတန်ကောင်းပြီးသားကဗျာတပုဒ်ဖြစ်ကြောင်း အာမခံပါတယ်။

ဖန်တီးသူရဲ့ကဗျာ့အတွေးအခေါ်၊ ကဗျာ့ဝိညာဉ်၊ ကဗျာ့ဈာန်ကို လေးစားပါတယ်။
ဖန်တီးသူကသူ့ကဗျာရဲ့အစနဲ့အလယ်မှာ ဒီလိုတွေလုပ်နေလို့ဒါတွေဖြစ်လာမှာမဟုတ်ဘူးဆိုတာကို ပြထားပါတယ်။ကဗျာအဆုံးမှာတော့ ဖန်တီးသူဟာ သူသိပ်တောင့်တနေတဲ့ငြိမ်းချမ်းရေးပန်းတွေပွင့်ဖို့ ဆုတောင်းသွားသလို အတူတူအလုပ်လုပ်ကြဖို့ကိုလည်း တိုက်တွန်းသွားခဲ့ပါသေးတယ်။ ကဗျာဖန်တီးသူရဲ့တိုင်းပြည်အပေါ်ထားတဲ့စေတနာဟာ ကဗျာထဲမှာကို ထင်းနေအောင်တွေ့ရပါတယ်။

“မိုးပျံပူဖောင်းတွေကိုလက်ခုပ်တီးရုံနဲ့
ပေါင်မုန့်တွေထွက်ကျမလာပါဘူး
မျက်လှည့်ဆရာတွေတွားသွားခဲ့ဥယျာဉ်တော်
ဆံပင်အတုကိုဖားလျားချထားလျက်”
ဆိုတဲ့ကဗျာရဲ့ပထမဆုံးအပိုဒ်ဟာ ယနေ့ခေတ်ကိုထင်ဟပ်ပါတယ်။ လမ်းတွေဖောက်ကြတယ်။ တံတားတွေဆောက်ကြတယ်။ အဲ့ဒီလိုအထိမ်းအမှတ်ပွဲတွေလုပ်တိုင်း မိုးပျံပူဖောင်းတွေကိုလွှတ်တင်ကြတယ်။ လက်ခုပ်တွေတီးကြတယ်။ အဲ့ဒါတွေ ဟာ ကျွန်တော်တို့နိုင်ငံတွေမှာ အခုထိတွင်ကျယ်နေဆဲပါ။ အဲ့ဒီလိုလုပ်နေကြရုံနဲ့စားရေး၊ သောက်ရေး အစစအရာရာအခက်အခဲရှိနေတဲ့နေရာတွေမှာ စားစရာတွေ၊ နေစရာတွေရရှိလာမှာမဟုတ်ပါဘူး။ ဖန်တီးသူလည်း ဒါကိုဆိုလိုတယ်ထင်ပါတယ်။ တကယ်လိုအပ်တဲ့နေရာတွေကိုသာ ဖြည့်ဆည်းပေးစေချင်တဲ့ဖန်တီးသူရဲ့မေတ္တာတရားကို ခံစားမိပါတယ်။

“ပွဲတော်မှာရနံ့အတုတွေမျက်နှာဖုံးစွပ်ထားဆဲ
နားကမမြင်ချင်တာတွေမြင်နေရသလို
မျက်စိကလည်းမကြားချင်တာတွေကြားနေရပေါ့” တဲ့

ဒီကဗျာစာပိုဒ်ကိုခံစားရမယ်ဆိုရင် ယေဘုယျအားဖြင့် နားဆိုရင် အကြားအာရုံ၊ မျက်စိဆိုရင် အမြင်အာရုံလို့သတ်မှတ်ထားကြလေ့ရှိတယ်။ ဒါပေမဲ့ ဖန်တီးသူရဲ့Thinking ဟာ သိပ်ကောင်းပါတယ်။ ဖန်တီးသူဟာ သတင်းစာတွေမှာမငြိမ်းချမ်းသေးတဲ့ဒေသကသတင်းဆိုးတွေကိုဖတ်နေ၊ မြင်နေရပါတယ်။ အဲ့ဒီလိုမြင်နေ၊ ဖတ်နေတဲ့အတောတွင်းမှာပဲ ဖန်တီးသူနားထဲမှာ မငြိမ်းချမ်းသေးတဲ့ဒေသခံတွေရဲ့ငိုကြွေးသံ၊ အကူအညီ တောင်းသံတွေကို ကြားယောင်နေသလိုမျိုး နှလုံးသားထဲနစ်နေအောင် ခံစားနေရပါတယ်။ အဲ့ဒါကြောင့် မျက်စိနဲ့ကြားတယ်ဆိုပြီး ဖန်တီးထားတယ်လို့ ခံစားရပါတယ်။

နောက်တခု မငြိမ်းချမ်းသေးတဲ့ဒေသမှာ ဘာတွေဖြစ်နေကြပြီဆိုတာတွေကိုလည်း တဆင့်စကား တဆင့်နားကြားနေရပါတယ်။ အဲ့ဒီလိုကြားနေရင်း အတွေးပုံရိပ်တွေမှာ မငြိမ်းချမ်းကြတဲ့ဒေသခံတွေရဲ့ပြေးလွှားနေရပုံတွေ၊ အိုးအိမ်မဲ့နေရပုံတွေ၊ ပျက်စီးဆုံးရှုံးမှုတွေကိုမြင်နေရပါတယ်။ အဲ့ဒါကြောင့် နားနဲ့မြင်ရတယ်ဆိုပြီး ဖန်တီးထားတယ်လို့ ခံစားရပါတယ်။Thinking ကောင်းတဲ့သူတွေဟာ Creation ကောင်းကြတယ်ဆိုတာကို ဒီနေရာမှာ လင်းခ(မော်လမြိုင်)က သက်သေပြသွားပါတယ်။ ဒါဟာ Visual Image ကိုရော၊ Audio Image ကိုပါ လူသားတယောက်ပီပီ နောက်ထပ် လူသားတွေ မြင်နိုင်ကြားနိုင်အောင် ကရုဏာသက်သွားတာပါ။ ဖန်တီးသူရဲ့နှလုံးသားကိုဦးညွှတ်ပါတယ်။

“ဉာဏ်တုံးချင်ယောင်ဆောင်တဲ့ကြယ်တွေ
အတ္တဓားတွေခဏခဏဆွဲဆွဲထုတ်တော့
ပျံသန်းခြင်းတွေမှာမြှားတွေသာပိုအရပ်မြင့်လာတယ်။
မျက်ရည်လုပ်ကိန်းဂဏန်းတွေများနေသမျှ
အဖြေမထုတ်နိုင်သေးတဲ့ပုစ္ဆာတွေရှင်သန်နေဦးမှာပဲ
သရက်ပင်စိုက်မယ့်လေညင်းတွေထက်
တယောထိုးမယ့်မုန်တိုင်းတွေပိုအားကောင်းနေသလား” ဆိုတဲ့ ကဗျာပိုဒ်မှာလည်း ဖန်တီးသူရဲ့မချိတင်ကဲတွေကို တွေ့ရပါလိမ့်မယ်။ ငြိမ်းချမ်းရေး သင်္ကေတကိုချိုးဖြငှက်နဲ့ပမာပြုကြတယ်။ ဒါပေမဲ့ လူသတ်လက်နတ်တွေက အဲ့ဒီချိုးဖြူငှက်ထက်ပိုပြီး အမြင့်ပျံနေကြလို့ငြိမ်းချမ်းရေးနဲ့ ပိုပြီးဝေးနေ ရတာဖြစ်ကြောင်းကို ထောက်ပြခဲ့တယ်။ ဉာဏ်တုံးချင်ယောင်ဆောင်တဲ့ကြယ်တို့၊ အတ္တဓားတို့ စတဲ့ ပမာပေးအသုံးပြုထားတဲ့စကားလုံးတွေ ကလည်း လှပထိမိပါတယ်။ ပြည်တွင်းစစ်၊ ဆန္ဒပြပွဲ၊ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေးစတဲ့မျက်ရည်ချူပဋိပက္ခတွေများနေရင် ငြိမ်းချမ်းရေးဆိုတာ အဖြေမထုတ်နိုင်သေးတဲ့ပုစ္ဆာတွေထဲကတခုဆိုတာကို ဖော်ပြခဲ့တယ်။ Thinking Power သိပ်ကောင်းတဲ့ လင်းခ(
မော်လမြိုင်) ပါ။

“နွံအိုင်နှုတ်ခမ်းပေါ်ရောက်စလှည်းကလေး
ဇွန်ပန်းရုံအနီးမှာပဲရှိပါသေးတယ်
ပြိုင်တူတွန်းရင် ရွေ့မယ့်သီချင်း
အလင်းတွေတလူလူပွင့်ပါစေ။”

ဒါကတော့ကဗျာရဲ့ Ending ပိုင်းပါ။ ငယ်ငယ်ကသင်ခဲ့ဖူးတဲ့”လှည်းဘီးနွံထဲကျွံနေသည်” ကဗျာလေးကိုမော်ဒန်နည်းကျ ပြန်ပြီးဆန်းသစ် ထားတဲ့အပိုင်း။

ကျွန်တော်တို့နိုင်ငံသားတွေကို တပ်လှန့်လိုက်တဲ့ Ending ပိုင်းဆိုရင်လည်းမမှားပါဘူး။ ငြိမ်းချမ်းရေးပန်းတွေ တလူလူပွင့်ဖို့နွံအိုင်ထဲက တိုင်းပြည်ကြီးကို ကျွန်တော်တို့ပြိုင်တူတွန်းတင်ကြရပါလိမ့်မယ်။ ဒါကိုဖန်တီးသူက သူ့ကဗျာထဲမှာပြန်လည်သတိပေးနှိုးဆော်ထားပါတယ်။အိပ်ပျော်နေတဲ့အသိစိတ်တွေကို လှုပ်နှိုးပေးတဲ့ လင်းခ(မော်လမြိုင်)ရဲ့ငြိမ်းချမ်းရေးအတွက် ဆုတောင်းသံပါကဗျာကို ခံစားခွင့်ရလို့ အတိုင်းမသိ ဝမ်းမြောက်ပါတယ်။ ဖန်တီးသူလည်း အခုလိုနိုင်ငံကိုယ်စားပြုကဗျာကောင်းတွေကို များများစားစားဖန်တီးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါ တယ်။ ။

ညီဆောင်းဦး

Comments