မောင်မိုးသူ - နာရေး သက်ကြီးနှင့် ဘကြီးမိုး


မောင်မိုးသူ - နာရေး သက်ကြီးနှင့် ဘကြီးမိုး
(ကုမုဒြာအွန်လိုင်း၊ ရန်ကုန်) မိုးမခ၊ မေ ၄၊ ၂၀၁၈


ပြည်သူ့ရင်ပြင် မောနင်းစတား သော ကြာဝိုင်း လူစုံတုန်းမှာ သားငယ်ညီညီက မမကြည် ကွယ်လွန်သွားတဲ့သတင်းကို ပြောပြပါတယ်။

မမကြည်ဆိုတာ သူငယ်ချင်း အ ထောက်တော်လှအောင်ရဲ့ ဇနီး ဒေါ်ကြည်ကြည်မြင့် ဖြစ်ပါတယ်။ မမကြည်ကွယ်လွန်ချိန်မှာ အသက် ၉၇ နှစ်ရှိပြီဆိုတော့ ဘကြီး မိုး အံ့ဩရပါတယ်။ မမကြည် အသက်ကြီးပြီ ၊ ၉၀ ကျော်တာတော့ ဘကြီးမိုး သိပါတယ်။ ဒါ ပေမဲ့ ၉၇ နှစ်ဆိုတာတော့ ထင်မထားမိဘူး။
ကိုလှအောင်တို့ မမကြည်တို့ဇနီးမောင်နှံဟာ သတင်းဂျာနယ်ခေတ်ကတည်းက ဘကြီးမိုးတို့ သူငယ်ချင်းတစ်သိုက်ပေါ်မှာ ဆိုးမျိုးခံပြီး တိုက်ကျွေးပြုစုခဲ့တဲ့သူ ဖြစ်ပါ တယ်။ သမီးကလေး သန္တာ ဆိုတာလည်း ဘကြီးမိုးတို့ လက်ပေါ်မှာ ကြီးတယ်လို့ တောင် ဆိုနိုင်ပါတယ်။
အထောက်တော်ဦးလှအောင်နဲ့ မောင်မိုးသူတို့ဟာ စာပေလောကသားချင်းမို့ တွေ့ဆုံခင်မင် ရင်းနှီးခဲ့ကြစဉ်က ဦးလှ အောင်တို့ ဦးမိုးသူတို့ဆိုပြီး တစ်ယောက်နဲ့ တစ်ယောက် တလေးတစား စတင်ခင်မင် ပေါင်းသင်းလာခဲ့သူများ ဖြစ်ပါတယ်။

ဘကြီးမိုးဟာ မိုးဦးပန်းစာပေတိုက် တည်ထောင်ထုတ်ဝေစဉ်က ရန်ကုန်တက္က သိုလ်ထွက် စာ ရေးဆရာများဖြစ်တဲ့ ထွန်း ထွန်း(ဆေးသိပံ္ပ) နဲ့ သိန်းသန်းထွန်းတို့ရဲ့ စာအုပ်တွေကိုလည်း ထုတ်ဝေဖြစ်ခဲ့ပါ တယ်။

အကြောင်းတိုက်ဆိုင်စွာ ပြောရမယ် ဆိုရင် ထွန်းထွန်း၊ သိန်းသန်းထွန်းနဲ့ ကိုလှအောင်တို့ဟာ တိုက်ကြီးသားသုံးယောက် ဖြစ်ပြီး ငယ်ပေါင်းတွေ ဖြစ်ပါတယ်။ ကိုလှအောင်က ထွန်းထွန်းကို ငယ်နာမည် မောင် တုတ်လို့ ခေါ်သလို ထွန်းထွန်းကလည်း မောင်လှအောင်လို့ ခေါ်ပါတယ်။ သူတို့အ ချင်းချင်း မင်းနဲ့ငါနဲ့ပဲ ပြောကြတယ်။ သူတို့ သုံးယောက်ကြားထဲရောက်သွားမိတဲ့ ဘကြီးမိုးကိုလည်း ဦးလှအောင်၊ ဦးမိုးသူ အခေါ်အဝေါ်ပျောက်ပြီး မင်းတွေ ငါတွေနဲ့ ဖြစ်သွားကြပါတယ်။ တကယ်တော့ သူတို့ သုံးယောက်စလုံးဟာ သုံးနှစ်လောက် ကြီး နိုင်ပါတယ်။

မြန်မာသတင်းစာလောကခေတ်မှာ ကိုလှအောင်ရဲ့ သတင်းဂျာနယ်ဟာ အင် မတန် အောင်မြင်ခဲ့တဲ့ ဂျာနယ်တစ်စောင် ဖြစ်ပါတယ်။ ဘကြီးမိုးလည်း သတင်းဂျာ နယ်မှာ ရေးခဲ့ဖူးပါတယ်။ ဦးလှအောင် သတင်းဂျာနယ် ရပ်ဆိုင်းပြီးသည့်နောက် သောင်းပြောင်းထွေလာကိုင်တော့လည်း ဘကြီးမိုး ဝင်ရေးဖြစ်ပါတယ်။ အဲသည်လို ရင်းနှီးတဲ့ သူငယ်ချင်း အယ်ဒီတာတစ် ယောက် ဖြစ်ပါတယ်။

ကိုလှအောင်ဟာ မည်းမည်းပုပု၊ အရုပ်ဆိုးဆိုးငနဲတစ်ယောက်ဖြစ်ပေမဲ့ သူ့ထက် အများကြီးကြီးတဲ့ မမကြည်ကတော့ ဖြူဖြူ နုနုနဲ့အလွန်လှ အလွန်ယဉ်ကျေးပြီး ဘကြီးမိုးတို့ ဆိုးမျိုးကိုခံပြီး ပြုစုလုပ်ကိုင်ပေးခဲ့သူပဲ ဖြစ်ပါတယ်။ အဲသည်တုန်းက ငယ်ငယ် ချောချောနဲ့ သမီးလေးသန္တာကလည်း သားသမီးနှစ်ယောက်ရဲ့မိခင် အမေကြီး တစ်ယောက် ဖြစ်နေပေါ့။ သူ့သားတောင် အိမ်ထောင်ကျနေပြီပဲ။

ဦးလှအောင် ကွယ်လွန်ပြီးသည့်နောက်တွင်လည်း (ဦးလှအောင် ကွယ်လွန်တော့ ဘကြီးမိုးက ထောင်ထဲမှာ ရှိနေခဲ့တာပါ။) နောင် ဦးလှအောင်ရဲ့ နှစ်ပတ်လည်အခမ်း အနားတွေ ပြုလုပ်ကျင်းပတော့မှ ဘကြီးမိုး တက်ဖြစ်တာ ဖြစ်ပါတယ်။

သူတို့ ယခုနေထိုင်တဲ့နေရာက လှိုင် သာယာ FMI CITY ထဲက အိမ်တစ်လုံး မှာ ဖြစ်နေတော့ ဝင်ရထွက်ရတာ အတော် ခက် ၊ ရှာရဖွေရ မေးရမြန်းရတာလည်း အတော်ခက်တဲ့နေရာ ဖြစ်ပါတယ်။ ယခင် အ ခေါက်ခေါက် စားဖို့သောက်ဖို့ ရောက်ခဲ့ကြ တုန်းကတော့ သူများကားနဲ့ လိုက်လာရတာ ဖြစ်လေတော့ ပြဿနာမရှိဘူးလေ။ အခုကျတော့ သားငယ်နဲ့နှစ်ယောက်တည်း လာရတာဖြစ်လေတော့ အတော်ပဲ မေးရ မြန်းရ ရှာရပါတယ်။

အသုဘအခမ်းအနားက ညနေ ၄းဝဝ နာရီမှာ ဆောင်ရွက်မယ့်အကြောင်း သိရ ပေမဲ့ မနက်စောစော နေမပူခင်ဘဲ ဘကြီး မိုးတို့သားအဖ အရောက်သွားပြီး နှုတ် ဆက်ကြဖို့ စိတ်ကူးပါတယ်။ အဲသည်နေ့ ညပိုင်းမှာလည်း ကိုလှအောင်ရဲ့တပည့် မျှားနီက ဖုန်းဆက်ပြီး မမကြည်ဆုံးတဲ့ အ ကြောင်း ပြောပါတယ်။ သမီး သန္တာက ဘကြီးမိုး ပင်ပန်းမယ် မလာပါနဲ့လို့ ပြောသတဲ့။ ဘကြီးမိုးကတော့ မမကြည် ကွယ်လွန်တာ အသုဘလိုက်မပို့နိုင်သည့်တိုင် အိမ်ကို အရောက်သွားပြီး သန္တာတို့မိသားစုကို နှုတ်ဆက်မယ်လို့ ပိုင်းဖြတ်ပြီးသား ဖြစ်ပါတယ်။

ဘကြီးမိုးရောက်တော့ သန္တာရဲ့အမျိုးသား ကိုတင်ဝင်းက သတင်းစာထွက်ဝယ် သတဲ့။ နာရေးကြော်ငြာက သည်နေ့ထုတ် သတင်းစာမှာပါတာကိုး။ ကလေးတွေက ဘကြီးမိုးတို့သားအဖကို ကော်ဖီနဲ့ မုန့်တိုက်ပါတယ်။ သန္တာက ဘကြီးမိုးကို ပင်ပန်းပါတယ် မလာပါနဲ့လို့ ကိုမျှားနီနဲ့ ပြောခိုင်းတယ်လေလို့ ပြောရှာပါတယ်။ အေး မျှားနီက ပြောပါတယ်၊ ဒါပေမဲ့ ဘ ကြီးမိုးကို မောင်လေး မောင်လေးလို့ အမြဲ ခေါ်ပြီး ချစ်ခင်စောင့်ရှောက်ခဲ့တဲ့ လူတစ် ယောက် ကွယ်လွန်သွားချိန်မှာ မိသားစု ရှိရာကို လာထိုက်တယ်လို့ ယူဆလို့ လာခဲ့တာပါ၊ ညနေ ၄းဝဝ နာရီမှာ သုသာန်ကို ပို့ဆောင်တဲ့ ပွဲကို မလိုက်နိုင်တော့ဘူးလို့ သန္တာတို့ ဇနီးမောင်နှံအား ပြောပါတယ်။ သူတို့ဇနီးမောင်နှံက ဟုတ်ပါတယ်၊ ဘကြီး မိုး ရပါတယ်ဟု ပြောကြရှာပါတယ်။

နာရေးခရီးကအပြန် အမေလူထု ဒေါ်အမာက ပြောဖူးတဲ့စကားကို ဘကြီး မိုး သတိရမိပါတယ်။ အမေမာ ပြောဖူးတာ က အသက်ရှည်ရှည် နေရသူတွေအတွက်ကတော့ အသေများများနဲ့ တွေ့ရတာပေါ့ကွယ်တဲ့။
အမေမာပြောတာလည်း ဟုတ်ပေတာ ပေါ့လေ။ ဘကြီးမိုးလည်း အသက် ၈၂ နှစ် ရှိလာပြီဖြစ်လေတော့ ခင်မင်ရင်းနှီးကျွမ်း ဝင်ပြီး ကွယ်လွန်သွားကြရှာတဲ့ ဆရာသမားများ၊အနုပညာသည်များအကြောင်းကို လွမ်းတော်မူဖို့ စာကိုစီတယ်ဆိုပြီး သရဖူမဂ္ဂဇင်းမှာ လစဉ်ရေးသားခဲ့လို့ မနှစ်က ၂၀၁၇ မှာပဲ လွမ်းတော်မူပေါင်းချုပ် စာအုပ် ကြီးတစ်အုပ် ထွက်ခဲ့ပေါ့။ ဆရာသမားတွေ၊ မိတ်ဆွေတွေ၊ ရဲဘော်တွေ ကွယ်လွန်သွားကြ ရှာတာလည်း များလှပေါ့။

၃၁ လမ်းအိမ်ကိုရောက်တော့ ညနေ ၃းဝဝ နာရီမှာ ပြုလုပ်မယ့် ၃၁ လမ်း၊ ၃၂ လမ်း ရပ်ကွက်အတွင်းရှိ ၈၀ ကျော် အဘိုး အဘွားများကို ကန်တော့တဲ့အခမ်းအနား ဓမ္မာရုံမှာ ပြုလုပ်မယ့်အကြောင်း သိရပါ တယ်။ ဘကြီးမိုးကလည်း ၈၀ ကျော်ပြီဆို တော့ ဖိတ်ကြားတာပဲပေါ့လေ။ ပုံမှန်အား ဖြင့်တော့ ဘကြီးမိုးဟာ ရပ်ကွက်တွင်း ကိစ္စဝိစ္စမှာ သွားခဲလာခဲ ထွက်ခဲတဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ ဒါပေမဲ့လည်း သည် တစ်ခါ သက်ကြီးပူဇော်ပွဲကိုတော့ တက် မယ်ဆိုပြီး ကြိုးစားသွားခဲ့ပါတယ်။

၃၁ လမ်း၊ ၃၂ လမ်းမှာ နေထိုင်ကြတဲ့ ၈၀ ကျော် အဘိုးအဘွားများက ၁၈ ဦး ရှိသတဲ့။ ဘကြီးမိုး ဓမ္မာရုံပေါ်ရောက်သွားေ တော့ ဘကြီးမိုး အပါအဝင် အဘိုး ငါး ယောက်၊ အဘွား လေး ယောက်ဖြစ်ပြီး စာရင်းအရ အဘိုးအဘွား စာရင်းမှာ အဘိုးက ခြောက်ယောက် ခုနစ်ယောက် လောက်ရှိပြီး အဘွားတွေက ၁၂ ယောက်၊ ၁၃ ယောက်လောက်ရှိတာကို သိရပါ တယ်။ ၈၀ ကျော် သက်ကြီးရွယ်အိုများမှာ အမျိုးသားထက် အမျိုးသမီးများက ပိုမို များပြားကြောင်း ဘကြီးမိုး သတိပြုမိ ခဲ့ ပါတယ်။

ဘကြီးမိုး ဘဝတစ်လျှောက်လုံးမှာ စာပေပြီးရင် ရုပ်ရှင်ခရီးတွေကို ဖြတ်သန်း ခဲ့ရလေတော့ စာပေနယ်၊ ရုပ်ရှင်နယ်က အနုပညာရှင်ပေါင်းစုံကို သိခဲ့ခင်ခဲ့ ကြုံဆုံ ခဲ့ရသူ ဖြစ်ပါတယ်။ လမ်းထဲ အရပ်ထဲမှာ တော့ သိပ်ပြီး အကျွမ်းတဝင်မရှိခဲ့လှပါဘူး။ ယခု သက်ကြီးပူဇော်ပွဲ တက်မိတော့မှ အဘိုးအဘွားများနဲ့ ရပ်ကွက်ထဲက ပုဂ္ဂိုလ်များနဲ့ ကြုံကြ ဆုံရတွေ့ရတာ ဖြစ်ပါ တယ်။

အမေ လူထုဒေါ်အမာပြောတဲ့အတိုင်း ဘကြီးမိုးလည်း ၈၂ နှစ်ကျော်အထိ ဘယ်လောက် အသက်ရှည်ရှည် နေရမလဲဆို တာကို မသိနိုင်သလို ဘယ်လောက် အသေများများနဲ့ တွေ့ရကြုံရဆုံရဦးမလဲ မပြောနိုင်တော့ပါဘူး။

နာရေး၊ သက်ကြီးနှင့် ဘကြီးမိုးပါ။

Comments