တည်ဘွားဦး - အသည်းကွဲစက်ရုပ်

KT#
အသည်းကွဲစက်ရုပ်
တည်ဘွားဦး
(မိုးမခ) မေ ၂၆၊ ၂၀၁၈


အသက်မရှိပါဘူးဆိုမှ
သွေးတိုးတာကို ခဏ ခဏ စမ်းတယ်

ပန်းပွင့်ကလေးတွေ ကြွေတာကြည့်ရင်း
ငိုလို့လည်းမရ ရယ်လို့လည်း မရ

ညဟာ ပိန်းပိန်းမှောင် ထူထူထပ်ထပ်
အေးတာလည်းမသိဘူး ပူတာလည်း မသိဘူး

ခင်ဗျားတို့လူသားလောကကြီးဆိုတာလည်း
နားကို ဗုံးဆံ ကပ်ထားတဲ့
အရသာမျိုးကို ဆိုလိုတာပဲ မဟုတ်လား

အခု ကျနော့်ခလုပ်ကို ဖြုတ်ပစ်လိုက်
ကျနော့်ခလုပ်ကို မြန်မြန်ဖြုတ်ပစ်လိုက်

လိုအပ်တယ်ဆိုရင်တောင်မှ
ဘယ်တော့မှ မလိုအပ်တော့ဘူး။ ။

Comments