ဆောင်းယွန်းလ ● ကွန်ဗီးနီးယန့်စတိုးထဲက အခိုးအငွေ့များ


ဆောင်းယွန်းလ ● ကွန်ဗီးနီးယန့်စတိုးထဲက အခိုးအငွေ့များ
(မိုးမခ) မေ ၂၃၊ ၂၀၁၈

နေကောင်းရဲ့လားမေးပြီး
ကောင်းသောနေ့ဖြစ်ပါစေလို့
ကျေးဇူးတင်ကြောင်းပြောနေခဲ့ရတဲ့နေ့တွေ

လူအုပ်ကြီးရဲ့လက်ထဲ
စီးကရက်နဲ့ မီးခြစ်တွေပါသွားတယ်
ဆေးခြောက်ရနံ့က ကောင်တာမှန်နံရံမှာကပ်ကျန်ခဲ့တယ်
ကလေးတွေရဲ့လက်ထဲ
ချိုချဉ်သကြားလုံးနဲ့ အချိုရည်ပုလင်းတွေပါသွားတယ်
အရောင်းစာရေးရဲ့လက်ထဲ အကြွေခပ်မွဲမွဲ တဆုပ်ကျန်ခဲ့တယ်

စိတ်ဖိဆီးမှုသယ်ယူလာသူတချို့ က
ကုန်ဈေးနှုန်းကို ဆဲရေးတိုင်းထွာမှုစကားလုံးနဲ့ တိုင်းတာကြပြီး
တဂါလံ သုံးဒေါ်လာတန် ဓာတ်ဆီကို
တချို့က ငါးဒေါ်လာဖိုးဝယ်ပြီး တမြို့လုံးပတ်ဖို့ စဉ်းစားပုံပဲ

ကတုန်ကယင်လက်တွေနဲ့ 
ခုန်ပေါက်မြောက်ကြွနေသူ လူတယောက်လည်းရောက်လာတယ်
စတိုင်အပြည့်နဲ့  အခမဲ့အစားအသောက်ကဒ်ပြားကိုင်ထားသူများလည်း ပေါက်လာတယ်
နွေပေါက်ရင် အအေးခွက်တွေဖြည့်ပေးဖို့ အချိန်မလောက်သလို
အိမ်ပါအမှိုက်တွေပစ်ထည့်သွားတဲ့ အမှိုက်အိတ်ကောက်ဖို့
လက်မောင်းနှစ်ဖက်လည်း မလုံလောက်ဘူး

တချို့က
ဆိုင်ပြင်က သူတောင်းစားကိုပဲမြင်ကြပြီး
ဆိုင်တွင်းမှာ လာတောင်းစားသူ ကိုယ်ကိုယ်တိုင်ကိုမမြင်နိုင်ကြဘူး
ရူးနေသူ မူးနေသူအားလုံးရောက်လာတယ်
ကွဲနေသူ ပြဲနေသူအားလုံးလည်းရောက်လာတယ်

ကွန်ဗီးနီးယန့်စတိုးဆိုတဲ့ အမည်တလုံးအောက်မှာ
ဆိုင်ရှင်ကတော့ ကွန်ဗီးနီးယန့်ဖြစ်သွားလေရဲ့
ကိုယ့်မှာတော့ ကျိုးပဲ့နေတဲ့မျက်နှာနဲ့ အိမ်ပြန်လာခဲ့ရပေါ့။

ဆောင်းယွန်းလ

Comments