ကိုအောင်မှိုင်း ● ဥပါယ်တမျှင်

 ကိုအောင်မှိုင်း ● ဥပါယ်တမျှင်
(မိုးမခ) မေ ၁၆၊ ၂၀၁၈

အို
နတ်သမီး သုခိတာ
အသင်၏
စောင်းသံနှင့်တေးသီသံတို့ကား
ငါတို့အတွက် အိပ်မက်ကောင်းများစွာကို
ဖန်တီးပေးခဲ့ပါ၏။

အို
နတ်သမီး သုခိတာ
အသင်၏
ဂါထာမန္တံတို့ကား
ဖုတ်သရဲ ပြိတ္တာတို့အား
ကြောက်ဒူးတုန်စေခဲ့ပါ၏။

အို
နတ်သမီး သုခိတာ
အသင်၏
သွန်သင်ပြသမှုတို့ကား
လူသူတော်ကောင်းတို့အား
တရားဓမ္မဖြစ်စေခဲ့ပါ၏။

အို
နတ်သမီး သုခိတာ
အသင်၏
ယုံကြည်သက်ဝင်မှုတို့ကား
လူသားအားလုံးအတွက်
အင်အားကောင်းများဖြစ်စေခဲ့ပါ၏။

အို
နတ်သမီး သုခိတာ
သင်၏စောင်းသံနှင့်တေးသံအား
အဘယ်ကြောင့်ရပ်တန့်ခဲ့ပါသနည်း။
သင်၏ဂါထာမန္တံတို့အား
အဘယ်ကြောင့်ရပ်တန့်ခဲ့ပါသနည်း။
သင်၏သွန်သင်ပြသမှုတို့အား
အဘယ်ကြောင့်ရပ်တန့်ခဲ့ပါသနည်း။
သင်၏ယုံကြည်သက်ဝင်မှုတို့အား
အဘယ်ကြောင့်ရပ်တန့်ခဲ့ပါသနည်း။

အို
နတ်သမီး သုခိတာ
လောကတွင် ဖုတ်သရဲပြိတ္တာတို့ကား
တကျော့ပြန်သောင်းကျန်းလာကြချေပြီ။

သင့်အားပေးအပ်ခဲ့သော
ငါတို့ဝိညာဉ်တို့အား သင်သောက်စားခဲ့ပါ၏။

ထိုထိုသော ဝိညာဉ်တို့အားသစ္စာပြုကာ
ဖုတ်သရဲပြိတ္တာတို့အား နှိမ်နင်းပါလော့။

စောင်းနှင့်တေးသံများသီဆိုရင်း
တပ်ဦးမှ အလံကိုင်ပါဦးလော့။

ဤကား သင့်အတွက်
နောက်ဆုံးကြိမ်စာဖြစ်ပါစေသတည်း။

ကိုအောင်မှိုင်း
(မေလ ၁၄ ရက် ၂၀၁၈ ခုနှစ်)

Comments