နေချိုသွေး ● ကျည်ဆန်ရထား

နေချိုသွေး ● ကျည်ဆန်ရထား
(မိုးမခ) မေ ၁၊ ၂၀၁၈

စစ်ကြီးကိုစီးပြီး ကျည်ဆန်ဟာ ရထားတစ်စင်းလို ခုတ်မောင်း
မျိုးဆက်ပေါင်းများစွာရဲ့အနာဂတ်
အသက်ဓါတ်ဟာ စက်ခေါင်းကနေ အငွေ့တလူလူ အူထွက်နေတယ်။

ဒါဟာ ကျည်ဆန်ရထား
ကျည်ဆန်ရထားရဲ့ ဥသြဆွဲသံဟာ
ချိန်ကိုက်ဗုံးပေါက်ကွဲသလို ထစ်ချုန်းမြည်ဟီးပြီး
နိုင်ငံတော်အလံပေါ် ဖျပ်ဖျပ်လူး ပြေးလွှာနေတယ်။

ကျည်ဆန်ရထားကိုကြည့်ပြီး
ခေတ်ကြီးက ကြောက်လန့်တုန်လှုပ်လို့
ဘူတာစဉ်တလျှောက် ဒုက္ခသည်တွေ အပြည့်အသိပ်
ကျည်ဆန်ရထားဟာ သွေးတွေကို တင်ဆောင်သွားပုံက
ကမ္ဘာစစ်ကြီးတုန်းက
ဂျူးတွေကို ရထားတွဲပေါ် စုပြုံတင်သွားသလို။

ကျည်ဆန်ရထားဟာ သံယံဇာတတွေကို
ဝါးမျိုးပြီး ခရီးဆက်တယ်
ကျည်ဆန်ရထားဟာ နှစ်ပေါင်းများစွာ
တရားမျှတ လွတ်လပ်ခြင်းတွေကို ဖြတ်ကြိတ်လို့
ကျည်ဆန်ရထား ရွေ့ လျားရာ လမ်းတလျှောက်
မြေဇာပင်တွေ အတုံးအရုံး လဲကျကုန်တယ်
ကျည်ဆန်ရထားပေါ်ကနေ ကြည့်လိုက်ရင်
ရှုမျှော်ခင်းမှန်သမျှ အနိဋ္ဌာရုံကြီးပဲ။

ကျည်ဆန်ရထားကို နောက်ဆုံးစစ်လက်ကျန်ပစ္စည်းလို
ပြတိုက်ပို့ရမယ့်နေ့ကို မျှော်မိတယ်။

ကျည်ဆန်ရထားဟာ စစ်ကြီးကိုစီးပြီး
သူ့ဈာပန သူချဖို့
ငြိမ်းချမ်းရေးဘူတာကြီးရဲ့
ဆန့်ကျင်ဘက်အရပ် ခုတ်မောင်းသွားလေရဲ့ ...။

နေချိုသွေး

Comments