စာပေ အနုပညာသတင်းနဲ့ လှုပ်ရှားမှုများ (မေတတိယပတ်)

စာပေ အနုပညာသတင်းနဲ့ လှုပ်ရှားမှုများ (မေတတိယပတ်)K (မိုးမခ) မေ ၁၅၊ ၂၀၁၈
 
ငြိမ်းချမ်းရေးကဗျာရွတ်ပွဲများ - မေ ၁၄၊ ၁၆၊ ၁၉၊ ၂၀ မြန်မာပြည်အနှံ့ ကျင်းပမည်

နှစ်ပေါင်းများစွာဖြစ်ပွားနေသော ပြည်တွင်းစစ်ကြောင့် တိုင်းရင်းသားဒေသများတွင် ထိုးစစ်များရပ်ဆိုင်းရေးနဲ့ စစ်ဖြစ်ပွားရာ နယ်မြေများအတွင်း ပိတ်မိနေသော ပြည်သူများလွှတ်ပေးရေးအတွက် တောင်းဆိုပွဲနှင့် ငြိမ်းချမ်းရေးကဗျာရွတ်ဆိုပွဲများကို မြန်မာနိုင်ငံ မြို့ကြီးတော်တော်များများမှာ ကျင်းပပြုလုပ်ဖို့ စီစဉ်နေကြတယ်လို့သိရပါတယ်။

အဆိုပါ ငြိမ်းချမ်းရေးတောင်းဆိုမှု ကဗျာရွတ်ဆိုမှုများကြောင့် အကြမ်းဖက်ဖြိုခွင်းမှုများအပြင် ဖမ်းဆီးထောင်ချမှုများကိုလည်း အာဏာပိုင်များက ပြုလုပ်လျက်ရှိပါတယ်။

မေလ ၆ရက်နေ့က မန္တလေးမြို့ကျုံးဘေးမှာ ပြုလုပ်ခဲ့သောငြိမ်းချမ်းရေး တောင်းဆိုကဗျာရွတ်ဆိုပွဲများတွင်လည်း ကဗျာ ဆရာ ကလင့်(မန္တလေး)အပါအ၀င် ငြိမ်းချမ်းရေးလိုလားသူများကို ဖမ်းဆီး ထောင်ချနေပြီး မေလ ၁၂ ရက်နေ့က ရန် ကုန်မြို့ တာမွေမြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ငြိမ်းချမ်းရေးလှုပ်ရှားမှုမှာလည်း လူ ၁၀ဦးမထက်မနည်း အကြမ်းဖက်ဖြိုခွင်း ဖမ်း ဆီးခံခဲ့ရပါတယ်။

ငြိမ်းချမ်းရေးကဗျာရွတ်ဆိုပွဲပြုလုပ်မယ့် မြို့ကြီးများကတော့ မေလ ၁၄ ရက်နေ့ - ရန်ကုန်၊ မေလ ၁၄ ရက် - မုံရွာ၊ မေလ ၁၆ ရက် - မန္တလေး၊ မေလ ၁၉ ရက် - ပခုက္ကူ၊ မေလ၂၀ - ပျဉ်းမနားမြို့တို့မှာဖြစ်ကြောင်းသိရပါတယ်။ အဆိုပါ ပြုလုပ်မယ့် ငြိမ်းချမ်းရေး ကဗျာရွတ်ဆိုပွဲများကို အဖွဲ့အစည်းအသင်းအပင်းတခုက ဦးဆောင်ခြင်းမျိုးမဟုတ်ဘဲ ကဗျာဆရာများက စုပေါင်းတာဝန် ယူ စီစဉ်ကြခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။


ယနေ့ မေလ ၁၄ရက်နေ့ ညနေ ၄နာရီမှာ ရန်ကုန် မဟာဗန္ဓုလပန်းခြံအတွင်း ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးကဗျာရွတ်ပွဲနဲ့ ပတ် သက်ပြီး ကဗျာဆရာ မင်းသက်ဇဉ်က “ငြိမ်းချမ်းရေးတောင်းဆိုလို့ ကဗျာဆရာကလင့် အဖမ်းခံရတာ စာပေလွတ်လပ်ခွင့် ကို ပိတ်ပင်တာဖြစ်တယ်လို့မြင်တယ်။ အခြားသော ငြိမ်းချမ်းရေးပွဲတွေမှာလည်း အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးတာ တပ်မ တော်ထောက်ခံတဲ့ အဖွဲ့တွေက ၀င်ရောက် ရိုက်နှက်ဖမ်းဆီးတာတွေဟာ တရားဥပဒေမဲ့လွန်းတယ်။ နိုင်ငံသား အခွင့် အ ရေး လူ့အခွင့်အရေးကို ချိုးဖောက် ပြည်သူကို ကြောက်ရွံ့ထိတ်လန့်စေပြီး မလုံခြုံမှုတွေကို ပေးနေတာပါပဲ။ ၁၄ရက်နေ့ ကဗျာရွတ်ပွဲဟာလည်း ကဗျာဆရာတယောက်အနေနဲ့ ငြိမ်းချမ်းရေး လိုလားတောင့်တသူ တယောက်အနေနဲ့ မတရားမှုကို လက်ပိုက်ကြည့်မနေနိုင်တဲ့အတွက် ပူးပေါင်းပါဝင်တာဖြစ်တယ်”လို့ ပြောပြပါတယ်။

 
ရေဆေးပန်းချီချစ်သူများအတွက် ရေဆေးသီးသန့်ပြပွဲ - မေ ၁၈ - ၂၀

Sense Of Light & Drama အမည်ရတဲ့ စုပေါင်းရေဆေးပန်းချီပြပွဲကို
ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ် အောင်ဆန်းကွင်းမြောက်ဘက် တိုက်တန်းရှိ OK Art galleryမှာ မေလ ၁၈ရက်မှစတင်ပြီး မေလ ၂၀ ရက်ထိ ပြသသွားမယ်လို့ သိရပါတယ်။

 မြို့ပြ၊ကျေးလက် ရှုခင်းများနဲ့ မြင်ကွင်းများကိုရေးဆွဲထားတဲ့ ရေဆေးကားမျိုးစုံကို အဆိုပါ ရေဆေးပန်းချီပြပွဲမှာ ကြည့်ရှုရမှာဖြစ်ပြီး ပါဝင်ရေးဆွဲပြသတဲ့ ပန်းချီဆရာများကတော့ အောင်သင်းဦး၊ တင်ဌေးအောင်၊ စစ်မိုးအောင်၊ မျိုးမင်းသိန်း၊ အောင်ဝင်းထွဋ်၊ အောင်သူရတို့ဖြစ်ပါတယ်။

 ၃ ရက်ကြာပြုလုပ်မယ့် Sence Of Light & Drama ရေဆေးပြပွဲကို ပြပွဲရက်အတွင်း နေ့စဉ် မနက် ၁၀နာရီ မှ ညနေ ၅နာရီ ထိပြသွားမှာဖြစ်ပါတယ်။


ကဗျာဆရာ မင်းချမ်းမွန်ရေးတဲ့ အက်ဆေးစာအုပ်သစ်ထွက်ရှိ
ကဗျာဆရာ မင်းချမ်းမွန်ရေးတဲ့ သစ်ရွက်ပေါ်က ပျားရည်စက်များ (ရသအက်ဆေး စုစည်းမှု)အမည်ရတဲ့ အက်ဆေးစာအုပ် ကို ယခုမေလထဲမှာ ရှင်မတောင်စာပေကနေ ထုတ်ဝေထားပါတယ်။

စုစုပေါင်း အက်ဆေး ၂၂ ပုဒ်ပါဝင်ပြီး ပါဝင်တဲ့အက်ဆေးများကတော့ “ ခွဲ မပွင့်လို၊ အိမ်ရောင်းမည်၊ အမှိုက်များ၊ တောင်ပြို ရာ ပြတ်တဲ့ မြက်တွေ။ ဘ၀၏အချိန်ကာလ သစ်တော၌၊ အယ်ဒီတာနှင့် မင်းသမီး၊ ဆည်းဆာရဲ့အလျားအနံ၊ ဇရာသို့ တိုင် တစ် ၀က်အလံ၊ ခေါင်းမီးတောက်နေတဲ့ညနေခင်းတွေ၊ ဘုရားပွဲ၊ အပြောင်းအလဲတိမ်တိုက်များ၊ အိမ်မက်ထဲမှာ အထပ် ပေါင်း တစ်ထောင်၊ စာအုပ်လမ်းကို ဖြတ်သန်းခြင်း၊ ဆိတ်နှစ်ကောင်လမ်း၊ ကျွန်တော်နှင့်စာအုပ်များ၊ ဆူးလေလမ်းက လေ ညင်း …တို့၊ နွေဦးအလွန် သစ်ရွက်များ၊ စံသွေရာဆီ တရွေ့ရွေ့၊ ကျိန်စာ၊ ရွာချောင်းငယ် ကွေ့ကောက်များသော်လည်း၊ ကဗျာလွတ် ပန်းဆိုးတန်း၊ သစ်ရွက်ပေါ်က ပျားရည်စက်များတို့ဖြစ်ပါတယ်။

စာရေးသူကိုယ်တိုင် ကျွန်တော်နှင့် ချစ်လှစွာသော အက်ဆေး ဟုဆိုကာ အမှာစာရေးသားထားပြီး “ရသစာတမ်းတိုင်း အက်ဆေးဖြစ်နိုင်သည်။ အက်ဆေးတိုင်း ရသတိုင်း၊ ရသအက်ဆေး၊ မဖြစ်နိုင်၊ ထိုသို့ရသစာတမ်း၊ ရသအက်ဆေးနှင့် အက်ဆေးတို့ ကွာခြားမှုရှိသည်ကို သိစေအပ်ပါသည်။ ကဲ ဒီတော့… ယခုစာချစ်သူတို့ ဖတ်ရှုရမည့် ကျွန်တော်၏ “သစ် ရွက်ပေါ်က ပျားရည်စက်များသည် အဘယ်သို့သော အက်ဆေးဖြစ်ပါသနည်း။” လို့ရေးသားထားပါတယ်။

 
Timeless Burma အမည်ရတဲ့ ဓာတ်ပုံပြပွဲ ပြသ - မေ ၁၃ - ၁၇
Timeless Burma အမည်ရတဲ့ ဓာတ်ပုံပြပွဲကို ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ အထက်ပန်းဆိုးတန်းလမ်းမှာရှိတဲ့ Rose Garden Hotel မှာ မေ ၁၃ရက်မှ ၁၇ထိ ကျင်းပပြုလုပ်နေကြောင်းသိရပါတယ်။

အဆိုပါပြပွဲမှာ မြန်မာ့ယဉ်ကျေးမှုဆိုင်ရာ ဓာတ်ပုံများကို အထူးပြသထားပြီး ရိုက်ကူးပြသသူ Malt Clavin ဟာ အလွတ် တန်း ခရီးသွား ဓာတ်ပုံဆရာ၊ စာရေးဆရာတဦးလည်းဖြစ်တယ်လို့လည်းသိရပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး (inter alia ‘Burma – Lost and found’ and ‘The Asian View – faces and thoughts’) စာအုပ်ကိုလည်း ထုတ်ဝေထား ပါတယ်။

၎င်း Timeless Burma ဓာတ်ပုံပြပွဲကို Rose Garden Hotel မှာ မေလ ၁၃ရက်မှ ၁၇ ရက်နေ့ထိ နေ့စဉ် မနက်၉နာရီမှ ၁၂နာရီထိ ပြသလျက်ရှိပါတယ်။

Comments