လင်းသက်ငြိမ် ● အေးစက်သောသတ္တုများ


လင်းသက်ငြိမ် ● အေးစက်သောသတ္တုများ
(မိုးမခ) မေ ၂၂၊ ၂၀၁၈

မနေ့က ဘာဖြစ်သွားမှန်းမသိလိုက်ဘူး
ဒီနေ့လည်း ဘာဖြစ်ဦးမယ် မသိသေးဘူး
မာလိန်မှူးမှောက်နေတော့
ရေစီးက သဘောင်္ကို သယ်ဆောင်တယ်
ဦးတည်ရာမဲ့ မီးခိုးငွေ့လား
ညကြီးထဲက ချောင်းဆိုးသံလား
ပုလင်းတလုံး ကျကွဲသံဟာ အခန်းထဲကနေ
အပြင်ကို တိုးထွက်သွား
ဆိုလက်စတေး ဘယ်လိုဆုံးရမလဲ
ရှူနေတဲ့လေကို ဘယ်လိုမှုတ်ထုတ်လိုက်သလဲ
ကိုယ်မသိပဲ အရာရာဖြစ်ပျက်နေလိုက်ကြတာ
ဆံပင်လေးကိုသပ်နေရင်း ကြီးပြင်းလာတယ်
ကြီးပြင်းလာရင်း ဆံပင်တွေကိုသပ်နေတယ်
ပေါင်မုန့်တွေများစွာ ငါ့ကိုစားသုံးပြီးပေါ့
ဝက်ပေါင်ခြောက်တွေကော
ကော်ဖီမစ်တွေကော
ငါ အစားသုံးခံရင်း ရုပ်ရှင်တွေဆက်ကြည့်နေ
ဖန်သားပြင်ကြီးထဲ ဘယ်သူ ငါ့ကိုထည့်သွားတာလဲ
တိတ်ဆိတ်တဲ့ညဟာ မီးရထားတစင်းလို အရှိန်နဲ့ခုတ်မောင်း
အမှောင်ကိုဆွဲဖွင့်နေတဲ့ အလင်းရောင်မှာ
စိတ်က လူကို ဆွဲထူတယ်
ပြီးရင်လည်း ပြန်အိပ်ရမယ့် အတူတူ
ဘာဖြစ်လို့ နိုးထနေရဦးမှာလဲ
လေယျာဉ်တွေ အဆင်းလမ်းမှာ
အတောင်ချင်း ထိခတ်မတတ် ပြည့်ကျပ်
မိုးရွာပြီး မနက်ခင်းတခုမှာ မြင်ရ
တီကောင်ခြေရာတွေနဲ့ လမ်းတွေ။

လင်းသက်ငြိမ်

Comments