တေးရေးဆရာ သော်ဒီဝေ၏ သတ္ထုသံပါသော သီချင်းများရှိုး မေလ ၅ ရက်နေ့ ပြုလုပ်မယ်


တေးရေးဆရာ သော်ဒီဝေ၏ သတ္ထုသံပါသော သီချင်းများရှိုး မေလ ၅ ရက်နေ့ ပြုလုပ်မယ်
K (မိုးမခ) ။ မေ ၄၊ ၂၀၁၈


ကဗျာဆရာ၊ ပန်းချီဆရာ၊ တေးရေးဆရာ ဝေချစ်ကို(ခ) သော်ဒီဝေရေးသားခဲ့ပြီး တခေတ်တခါကျော်ကြား အောင်မြင်ခဲ့ တဲ့ရော့စ်သီချင်းများသီဆိုမယ့် A Tribute Concert ရှိုးကို ရန်ကုန်မြို့မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံမှာ မေလ ၅ရက်(စနေနေ့)၊ ည ၇နာရီမှာ ကျင်းပမယ်လို့သိရပါတယ်။

A Tribute to Thaw Di Wai Concert မှာ ပါဝင်သီဆိုကြမယ့် အဆိုတော်များကတော့ လေးဖြူ၊ အငဲ၊ ဖိုးကျော်၊ ဂျီ လတ်၊ သအို၊ M သီဟ ၊ကျော်ဇင်သိုက်၊ကိုးနိုင်း၊ သားငယ်၊ အိမ့်ချစ်၊ လိမ္မော်သီး၊ ခင်စုစုနိုင်၊ Jewel၊ ငဲငယ်လေး၊ လမင်းခ၊ မိုင်းမိုင်းဆိုင်းတို့ဖြစ်ပါတယ်။

အဆိုပါ သတ္ထုသံပါသော သီချင်းများ A Tribute Concertနဲ့ပတ်သက်ပြီး အဆိုတော်လေးဖြူက “ကိုဝေဆိုတာကလည်း ကျနော်တို့ရဲ့ဘ၀အစလို့ပြောလို့ရတာပေါ့။ ဒီလောကထဲမှာ လူတစ်လုံးသူတစ်လုံးဖြစ်ဖို့ သူက အများကြီး အထောက် အပံ့ပေးပြုခဲ့တဲ့သူပါ။ အစကတော့ သူက ကဗျာဆရာပါ၊ ပန်းချီဆရာပါ။ စရင်းနှီးတုန်းက သူက သီချင်းရေးဆရာ အ နေနဲ့စသိခဲ့ရပေမယ့် သူ့နဂို Background က ရော့စ်သီချင်းတွေအရမ်းကြိုက်ပြီး ပန်းချီနဲ့ကဗျာမှာ ပျော်ဝင်နေတဲ့ လူ စားပေါ့။” လို့ အသံလွှင့်မီဒီယာမှာ ပြောပြခဲ့ပါတယ်။

တေးရေးဆရာသော်ဒီဝေကို ၁၉၅၄ခု မတ်လ၁၅ ရက်နေ့မှာ အဖ ဦးထွန်း၊ အမိ ဒေါ်အုန်းမိ စစ်ကိုင်းတိုင်းကျေး လက်ဒေသ မှာ မွေးဖွားခဲ့ပြီး တက္ကသိုလ်ဝင်တန်းအထိ ရေဦးအထက်တန်းကျောင်းတွင်ပညာသင်ကြားခဲ့ပါတယ်။ ၁၉၇၄ မှ၁၉၇၇ထိ မန္တ လေးအနုပညာကျောင်းမှာ ပန်းချီပညာကို သင်ယူခဲ့ပါတယ်။

၁၉၈၇ ခုနှစ်မှာ အဆိုတော် ဟယ်ရီလင်းအတွက် ကြိုက်သလိုနေနိုင်တယ် တေးစီးရီး ကိုယ်တိုင်ရေးသား ထုတ်ဝေဖို့ကြိုး စားခဲ့သော်လည်း ခွေမထွက်နိုင်ခဲ့ပေ။ ထို့နောက်ပိုင်းမှစတင်ပြီး လေးဖြူ၊ ဟယ်ရီလင်း၊ အငဲ၊ ဖိုးကျော်၊တင်ဇာမော်အစရှိတဲ့ ရော့စ်အဆိုတော်များအတွက် ရော့စ်သီချင်းများရေးသားခဲ့ပါတယ်။

၂၀၁၃ခုနှစ်မှာ မြို့တစ်မြို့၊ လသုံးစင်းအမည်ရှိတဲ့ အင်္ဂလိပ်မြန်မာနှစ်ဘာသာနဲ့ ကဗျာစာအုပ်ထုတ်ဝေထားပြီး လိဒ်ဂစ်တာ သမား နိုင်ဇော်နဲ့တွဲဖက်ပြီး ဂန္တ၀င်အတောင်ပံရိုက်ခတ်သံနှစ်များဆိုတဲ့ Instrumental ခွေကိုလည်း ထုတ်ဝေထားပါတယ်။

Comments