ဆည်းဆာရိပ် ဘိုးဘွားရိပ်သာအတွက် ရန်ပုံငွေတေးဂီတ ဖျော်ဖြေပွဲ ပြုလုပ်မယ်

ဆည်းဆာရိပ် ဘိုးဘွားရိပ်သာအတွက် ရန်ပုံငွေတေးဂီတ ဖျော်ဖြေပွဲ ပြုလုပ်မယ်
K (မိုးမခ) မေ ၃၀၊ ၂၀၁၈

စာရေးဆရာမ ဒေါ်သန်းမြင့်အောင်တည်ထောင်ဖွင့်လှစ်ထားသော ဆည်းဆာရိပ် ဂီလာနဘိုးဘွားရိပ်သာနှင့် အနုပညာ ဆည်းဆာရိပ်အတွက် ရန်ပုံငွေတေးဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့ပြည်လမ်းရှိ အမျိုးသားကဇာတ်ရုံမှာ ဇွန်လ ၂ရက်နေ့ ည ၆နာရီမှ ၁၁နာရီထိ ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။

အဆိုပါ ရန်ပုံငွေတေးဂီတဖျော်ဖြေပွဲကို နိုင်ငံကျော်ရုပ်ရှင်၊ ဂီတ အနုပညာရှင်များက မိမိတို့တတ်စွမ်းသော အနုပညာဖြင့် သီဆိုဖျော်ဖြေကာ အလှူခံပေးခြင်းဖြစ်ပြီး ပါဝင်ဖျော်ဖြေပေးကြမယ့်အနုပညာရှင်များကတော့ စိန်ဝင်းထွန်း၊ ဂျော်နီ၊ မိုးမိုး၊ စစ်သွေး၊ ဇွဲပြည့်၊ စိန်လင်း၊ မင်းခေတ်မင်း၊ ထွန်းကိုကို၊ သားငယ်၊ ရတနာမိုင်၊ အေသင်ချိုဆွေ၊ ချမ်းချမ်း၊ ဆုပန်ထွာ၊ ပိုပို၊ နန်းခင်ဇေယျာ၊ ယွန်း၊ ပွင့်၊ ဘီလီလမင်းအေး၊ ပိုးမီ၊ ယွန်းတို့ဖြစ်ပါတယ်။

ဝင်ကြေးအနေနဲ့ ၆၀၀၀ ကျပ်၊ တသောင်းကျပ်၊ နှစ်သောင်းကျပ်၊ ငါးသောင်းကျပ်အထိဖြစ်ပြီး မန်းသီရိတေးသံသွင်းမှ ရောင်း ချပေးနေပါတယ်။ ရရှိလာတဲ့ ရန်ပုံငွေများကို ဆည်းဆာရိပ်မှာ ရှိတဲ့အသက်၇၀ကျော်ဘိုးဘွားများနဲ့ ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာလောကမှ အိုမင်းမစွမ်းဖြစ်ပြီး ခိုကိုးရာမဲ့ ဂီလာနအနုပညာရှင်ဘိုးဘွားများရဲ့နေထိုင်စားသောက်ရေး၊ ကျန်းမာ ရေး အစရှိတဲ့ကဏ္ဍများမှာ အသုံးပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

“ဆည်းဆာရိပ်ဘိုးဘွားရိပ်သာကို ၂၀၁၀ခုနှစ်က ကျမတို့ တည်ထောင်ခဲ့တယ်။ အခုချိန်ထိဆိုရင် ဘိုးဘွား ၁၂၀ ဦးရေ နီးပါး ရှိပါတယ်။ အားလုံးဟာ ဂီလာနတွေချည်းပါပဲ။ သန်စွမ်းတဲ့ ဘိုးဘွားများကို တခြားသော ရိပ်သာများကို ပို့ပေးပါ တယ်။ ဂီလာနဘိုးဘွားတွေကိုတော့ ကျမတို့ဆီမှာသာစောင့်ရှောက်တဲ့အတွက် ခိုကိုးရာမဲ့ မိသားစုမဲ့ နေစရာမဲ့ ဆေး ဝါးကုသမှုခံယူရမယ့် ဘိုးဘွားတွေချည်းပါပဲ”လို့ တည်ထောင်သူ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်က ရန်ပုံငွေ ဖျော် ဖြေပွဲပြုလုပ်မယ့်အကြောင်း မေလ ၁၅ရက်နေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဆည်းဆာရိပ် ဂီလာနဘိုးဘွားရိပ်သာနှင့် အနုပညာဆည်းဆာရိပ်ကို စာရေးဆရာမကြီး ဒေါ်သန်းမြင့်အောင်က ၂၀၁၀ခုနှစ် တွင် စတင်ထူထောင်ခဲ့ပြီး ဘိုးဘွားများအယောက် တရာကျော်ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။

Comments