ယနေ့ မြန်မာ့သဘင်ရှုခင်း (၂၀၁၈) တွေ့ဆုံပွဲ ဇွန်လ ၂ ရက်ပြုလုပ်မယ်



ယနေ့ မြန်မာ့သဘင်ရှုခင်း (၂၀၁၈) တွေ့ဆုံပွဲ ဇွန်လ ၂ ရက်ပြုလုပ်မယ်
K (မိုးမခ) မေ ၂၉ ၊ ၂၀၁၈


မြန်မာနိုင်ငံသဘင်ဖောင်ဒေးရှင်းမှဦးစီးကျင်းပတဲ့ ယနေ့ မြန်မာ့သဘင်ရှုခင်း (၂၀၁၈) အမည်ရတဲ့ သဘင်ပညာရှင်များ၊ ယနေ့သဘင်လောကနဲ့ပတ်သက်တဲ့တွေ့ဆုံပွဲအခမ်းအနားကို ဇွန်လ၂ရက် နေ့၊ နေ့လယ်၂နာရီ၊ ရန်ကုန်မြို့ Sule Shangrila Hotel မှာ ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။

အဆိုပါပွဲကျင်းပပြုလုပ်ရခြင်းနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံသဘင်ဖောင်ဒေးရှင်းမှ (၃) နှစ်ကျော်သက်တမ်းကာလအတွင်း သဘင်လောကအကျိုး၊ မိမိနိုင်ငံအကျိုး စွမ်းဆောင်သယ်ပိုးနိုင်ခဲ့သမျှကို ရှင်းလင်းတင်ပြခြင်း၊ မြန်မာ့သဘင်လောကရဲ့ သမိုင်းတန်ဘိုးနဲ့တကွ မျက်မှောက်ခေတ်သဘင်လောကအရွေ့များ၊ ဂေဇက်ဝင်ပွဲတော်များရဲ့အခြေအနေ မြန်မာ့သဘင် စင်မြင့်လို့ခေါ်ကြတဲ့ဇာတ်ခုံတွေပေါ်မှာ "ဆိုငိုပြော" ဇာတ်သဘင်ပညာများ ရှားပါးတိမ်မြုပ်ပျောက်ကွယ်လာခြင်း၊ ဇာတ် အဖွဲ့၊ ဆိုင်းအဖွဲ့များ ခေတ်အမြင်အတွေး ခေတ်သစ်နည်းပညာများနဲ့ ရိုးရာသဘင်ကို မြှင့်တင်ကြရန် အရိုးကို အရွက်မဖုံး စေဖို့ ထိန်းသိမ်းလုပ်ဆောင်ကြရန် မြန်မာတို့ရဲ့ သက်ရှိယဉ်ကျေးမှုအမွေအနှစ်များ ဖြစ်တဲ့ ရိုးရာသဘင်ကို ဝိုင်းဝန်းအား ပေးစောင့်ရှောက်ကြဖို့ လှုပ်ရှားမှုတရပ်အနေနဲ့ "ယနေ့မြန်မာ့သဘင်ရှုခင်း" ကို ကျင်းပတာဖြစ်ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံသဘင်ဖောင်ဒေးရှင်းကို သဘင်ပညာရပ်များရှင်သန်နိုင်ရေးနှင်သဘင်ပညာရှင်များ ရပ်တည်နိုင်ရေး " ဆိုတဲ့ ရည်ရွယ်ချက် ဆောင်ပုဒ်ဖြင့် ပန်တျာဦးမြကြည်၊ ဦးရဲထွဋ် (ကဗျာဆရာမောင်မျက်ရှင်)၊ မန္တလေးစိန်တင့်လွင်အစရှိတဲ့ဝါရင့် သဘင်ပညာရှင်များနာယကအဖြစ်ဆောင်ရွက်ကာ ရိုးရာအနုပညာ မြတ်နိုးသူများ ပေါင်းစုဖွဲ့စည်းထားတဲ့ အနုပညာဆိုင်ရာ သဘင်အဖွဲ့အစည်းလည်းဖြစ်ပါတယ်။

အဆိုပါ အခမ်းအနားကို ဇွန်လ၂ရက် နေ့၊ နေ့လယ်၂နာရီမှ ၄နာရီထိ Sule Shangrila Hotel ရှိBago ခန်းမမှာ ကျင်းပ သွားမှာဖြစ်ပြီး ရိုးရာသဘင် အဆိုအတီးအကများနဲ့ မြန်မာ့သဘင်ရနံ့ ထုံသင်းမွှေးပျံ့စွာ မြန်မာနိုင်ငံသဘင်ဖောင်ဒေး ရှင်းက ခင်းကျင်းတင်ဆက်ဖို့စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

Comments