အတန်ကြာရပ်နားထားတဲ့ POETA ကဗျာနှင့်​ရသ စာ​စောင်​ ပြန်ထွက်တော့မယ်


အတန်ကြာရပ်နားထားတဲ့ POETA ကဗျာနှင့်​ရသ စာ​စောင်​ ပြန်ထွက်တော့မယ်
K (မိုးမခ) မေ ၁၈၊ ၂၀၁၈

POETA ကဗျာနှင့်ရသစာစောင် အမည်ရတဲ့ စာပေမဂ္ဂဇင်းတစောင် ပထမအကြိမ်ထုတ်ဝေပြီးနောက် ရပ်နားထားရာမှ ယခု ဇွန်လအမီ ပြန်လည်ထုတ်ဝေသွားမည်ဖြစ်ကြောင်း ကဗျာဆရာ မိုးကျော်သိန်းထံက သိရပါတယ်။

စာမူ(ကဗျာ)များကို အဖွဲ့ဝင်​ ၆ ဦးပါဝင်​သည့်​ အယ်​ဒီတာ အဖွဲ့က ​ရွေးချယ်​မည်​ဖြစ်​ပြီး အွန်​လိုင်း​ပေါ်တွင်​ ဖတ်မိသမျှ ​ကဗျာများထဲမှ ၄င်းတို့ နှစ်​သက်​ရာ ကဗျာများကို ​ရွေးချယ်​​ဖော်​ပြသွားရန်​ စီစဉ်​ထားပြီး အဓိက ရည်ရွယ်ချက်ကတော့ ယခု ကာလတွင်မဂ္ဂဇင်းများနည်းပါးလာသောကြောင့် စာမျက်နှာဖြတ်သန်းမှု အားနည်းနေသည့် ကဗျာဆရာ လူသစ်များကို နေရာရစေရန် ရည်ရွယ်သောကြောင့် ထုတ်ဝေရခြင်း ဖြစ်ပါတယ်လို့လည်း ပြောပြပါတယ်။

ကဗျာ၊ ကဗျာဆိုင်ရာဆောင်းပါးများ၊ အင်တာဗျူး၊ နိုင်ငံတကာစာပေ၊ အက်ဆေးနှင့် ဝတ္ထုတိုများကို ရွေးချယ် ဖော်ပြသွား မည်ဖြစ်ပြီး စာမူရွေးချယ်ခြင်းကို “ပိုအဲတာ” အယ်ဒီတာများက ရွေးချယ်သွားမှာဖြစ်ပြီး တောင်းခံထားခြင်းမရှိဘဲ တဂ်တွဲ လာသောကဗျာနှင့် စာမူများ၊ တောင်းခံထားခြင်း မရှိဘဲ မက်ဆင်ဂျာမှ ပေးပို့လာသည့် ကဗျာနှင့်စာမူများကို ထည့်သွင်း ဖော်ပြမည် မဟုတ်ပါလို့လည်း သိရပါတယ်။

ဆက်လက်ပြီး စာမူ​ရွေးချယ်​ထားသူများကို ​ဖော်​ပြခွင့်​ ပြု မပြု သ​ဘောထားရယူရန်​ ကြိုတင်​အ​ကြောင်းကြားမည်​ ဖြစ်​ပြီး စာမူခအစား စာအုပ်​လက်​​ဆောင်​ ၃ အုပ်​စီ ပြန်​လည်​ချီးမြှင့်​သွားမည်​ ဖြစ်​ပြီး ၄င်းတို့၏ဆန္ဒအရ ​ဖော်​ပြခွင့်​​ပေးမှသာ ​ဖော်​ပြမည်​ဖြစ်​ပြီး စာမူခမရ၍ သို့မဟုတ်​ မပါဝင်​လို၍ ​ဖော်​ပြခွင့်​မ​ပေးပါက စာမူရှင်​၏သ​ဘောအတိုင်း ဖြစ်​​စေရန်​ တာဝန်​ယူပါသည်​လို့ မဂ္ဂဇင်းနဲ့ပတ်သက်တဲ့စည်းမျဉ်းများကိုလည်း ပြောပါတယ်။

တလတကြိမ်​ ထုတ်​​ဝေသွားရန်​ စီစဉ်​ထားပြီး အယ်​ဒီတာအဖွဲ့အား အ​ခြေအ​နေအရ နာမည်​​ဖော်​ပြမည်​ မဟုတ်​ဘဲ အလွှာစုံ နယ်​စုံမှ အယ်​ဒီတာ ၆ ဦး ပါဝင်​၍ အတတ်​နိုင်​ဆုံးနှင့်​ အ​ကောင်းဆုံး ဖြစ်​​စေရန်​ ရည်​ရွယ်​ထားပါတယ်လို့ POETA ပိုအဲတာ ကဗျာနှင့် ရသစာစောင် စီစဉ်သူ ကဗျာဆရာ မိုးကျော်သိန်းက ဆက်လက်ပြောပြပါတယ်။

Comments