ကိုအောင်မှိုင်း - ဒီမိုကရေစီစနစ်အတွက် မြန်မာ့တပ်မတော်အဆင်သင့်ဖြစ်ပြီလား - ( ၃)


ကိုအောင်မှိုင်း - ဒီမိုကရေစီစနစ်အတွက် မြန်မာ့တပ်မတော်အဆင်သင့်ဖြစ်ပြီလား -  ( ၃)

(မိုးမခ) ဇွန် ၁၃၊ ၂၀၁၈

တိုင်းပြည်အကျိုးစီးပွါးထက် ပိုအရေးကြီးတာ မရှိဘူးလို့ကျနော်ထင်တယ်။ ကနေ့ တပ်မတော်ထဲမှာ အရာရှိအရာခံအကြပ် တပ်သားအားလုံးခေါင်းစားနေတဲ့ပြဿနာကတော့ တိုင်းပြည်အကျိုးစီးပွါးနဲ့ ဗိုလ်ချူပ်ကြီးများအကျိုးစီးပွါး ထိပ်တိုက်တိုး ပြီဆိုတဲ့အခါ ဘယ်ဘက်က ရပ်တည်ရမလဲဆိုတဲ့ကိစ္စဟာ အတော်ဖြေရကြပ်တဲ့ မေးခွန်းဖြစ်နေပါတယ်။ တိုင်းပြည်ကို ပြန် ကြည့်လိုက်တော့လဲ နေရာတကာမှာ လူစဉ်မမှီတဲ့ဘ၀ မျက်နှာငယ်ရတဲ့ဘ၀ ဆင်းရဲမွဲတေမှုတွေက ထင်ထင်ရှားရှားဆို သလို ပေါ်ပေါ်လွင်လွင်ဖြစ်နေတဲ့ကာလမှာ ဗိုလ်ချူပ်ဟောင်းကြီးများနဲ့ ဗိုလ်ချူပ်လက်သစ်အချို့ ရဲ့ ကြွယ်ဝချမ်းသာမှုတွေ ကလဲ ပေါ်ပေါ်ထင်ထင်ကို မြင်နေရ ကြားနေရပြန်တော့ မှားတာတော့မှားမှန်း သိနေတယ်လို့ဘဲ ပြောရတော့မယ်ထင်ပါ တယ်။ ဖေါ်လံဖားချင်တဲ့ ကြေးစားတွေကလွဲရင် လက်ရှိအခြေအနေကို တပ်မတော်သားအားလုံး တီးမိခေါက်မိရှိနေကြ တာကတော့သေချာပါတယ်။ လက်ရှိဗမာပြည်က မီလျှံနာသူဌေးကြီး ၁၀၀ကျော်မှာ အများစုက ဗိုလ်ချူပ်ဟောင်းတွေနဲ့ လက်ဝေခံတွေလို့ဆိုပါတယ်။ တချို့ က ဘီလျှံနာအထိပိုင်ဆိုင်ကြတယ်လို့လဲ သိရပါတယ်။ အဲဒီဗိုလ်ချူပ်ဟောင်းကြိးတွေ က အဲဒီပိုက်ဆံတွေနဲ့ တင်းတိမ်မနေနိုင်ကြဘဲ ပိုက်ဆံထပ်ရှာခွင့်မရလို့ ဒေါသထွက်နေကြပြီး ပြဿနာမျိုးစုံရှာခံနေရတဲ့ နိုင်ငံကို မြန်မာနိုင်ငံလို့ခေါ်ရတော့မယ် ထင်တာပါဘဲဗျာ။


ကနေ့ဗမာပြည်မှာ လူထုနဲ့စစ်တပ်ကြား ပြင်းပြင်းထန်ထန် အတွေးအခေါ်တိုက်ပွဲတွေ ဖြစ်နေကြပါတယ်။ “တပ်မတော်သည် အမိ တပ်မတော်သည်အဖ”ဆိုတဲ့ အတွေးအခေါ်ဟာ လူထုနဲ့စစ်တပ်ကြားကို ပက်ပက်စက်စက်သွေးခွဲလိုက်တဲ့ လုပ်ကြံမှု ဘဲဖြစ်ပါတယ်။ “တပ်မတော်သည်အမိ တပ်မတော်သည်အဖ” ဆိုတာရဲ့ အဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်းပြောရရင် စစ်တပ် အကျိုးစီးပွါးသည်သာပထမ စစ်တပ်အကျိုးစီးပွါးထက် အရေးကြီးတာမရှိဆိုတဲ့ သဘောဖြစ်ပါတယ်။ ခက်တာက တပ်မ တော်ဆိုတာဘယ်သူလဲလို့မေးရင် တပ်မတော်သားလုံးလို့ဖြေမှာသေချာပါတယ်။ တကယ်တော့ ဒါဟာရောချလိုက်တာဘဲ ဖြစ်ပါတယ်။တကယ့်လက်တွေ့ အဖြေကတော့ တပ်မတော်ဆိုတာ တပ်မတော်ကာကွယ်ရေးဦးစီးချူပ်က စပြီး ကြီးစဉ်ငယ် လိုက် ဗိုလ်ချူပ်ကြိးတွေကို ခေါ်တာဖြစ်နေတာကို တွေ့ ရမှာဖြစ်ပါတယ်။တပ်မတော်ရဲ့ အကျိုးစီးပွါးကို ပြောပါဆိုရင်လဲ အဲ ဒီ ဗိုလ်ချူပ်ကြိးဆိုသူများရဲ့ အကျိုးစိးပွါးဘဲဖြစ်နေတာ လက်တွေ့ဘ၀ပါ။အရင်ခေတ် ဗိုလ်ချူပ်ကြိးဟောင်းတွေနဲ့ တပည့်တ ပန်းတွေခေတ်ကလဲ အတူတူပါဘဲ။ အခုခေတ်လဲ သိပ် ထူးမခြားနားလှဘူးလို့ထင်ပါတယ်။ ဒါကိုစစ်အာဏာရှင်ယဉ်ကျေးမှု လို့ သုံးနုံးလေ့ရှိပါတယ်။ ဆိုလိုတာက စစ်အာဏာရှင်ကိုဗဟိုပြုပြီး သူနဲ့သူ့အုပ်စုက စစ်တပ်ကိုအပိုင်စီး စီးပွါးရှာတဲ့ဖြစ်စဉ် ကို ရည်းညွန်းလေ့ရှိတာပါ။ ဒီအတွက် စစ်တပ်ထဲမှာ အာဏာရှင်အ၀န်းအ၀ိုင်းထဲ ရောက်အောင် ဖိနပ်တိုက်တဲ့မောင်တွေ အောက်ခံဘောင်းဘီလျှော်တဲ့မောင်တွေ ပိုက်ဆံ အသေအကြေရှာပေးကြတဲ့မောင်တွေ စသဖြင့် ဂုဏ်သိက္ခာမဲ့စွာ ဖေါ် လံဖားကြရလေ့ရှိပါတယ်။ “အထက်ဖားအောက်ဖိ” ဆိုတာ ကနေ့ဗမာ့တပ်မတော်တွင်း ဆိုရိုးစကားတခုပါ။

တိုင်းပြည်အကျိုးစီးပွါးဆိုတာကတော့ မြန်မာနိုင်ငံတ၀ှမ်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားပြည်သူလူထုအများစုကြီးရဲ့  အကျိုးစီးပွါးလို့ တိတိကျကျ ဆိုလိုတာဖြစ်ပါတယ်။ တိုင်းပြည်ဆင်းရဲရင် အားလုံးဆင်းရဲမယ်။ တိုင်းပြည်ချမ်းသာရင် အား လုံးချမ်းသာကြမယ်ဆိုတဲ့ တိုင်းပြည်ကံကြမ္မာနဲ့ထပ်တူဖြစ်နေတဲ့ လူထုကြိးကိုဆိုလိုတာဖြစ်ပါတယ်။ ထူးဆန်းတာက အဲဒီ တိုင်းပြည်ကံကြမ္မာနဲ့ ထပ်တူဖြစ်နေတဲ့ လူထုကြီးထဲမှာ မပါတဲ့လူတန်းစားတရပ်က ဗမာပြည်မှာရှိနေပြန်ပါတယ်။ အဲဒီလူ တန်းစားကတော့ တိုင်းပြည်မွဲရုံမကလို့ ပြာပုံတိုးတိုး သူတို့ကတော့ အနေသာကြီးဆိုတဲ့ စစ်ဗိုလ်ချူပ်လူတန်းစားဘဲဖြစ်ပါ တယ်။ တသက်စားမကုန်တဲ့ စိန်ရွှေရတနာတိုက်တာ အိုးအိမ်တွေအပြင် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတဲ့ စစ်ဗိုလ်ချူပ် အုပ်စုအကျိုးစီးပွါး ကာကွယ်ရေးအမိန့် စာအုပ်စိမ်းကြီးအရ လုပ်ချင်တာလုပ်ခွင့်ရနေပြန်တာတောင် လူထုကိုဗိုလ်မကျရရင် ထ္မင်းစားမ၀င်တဲ့ ရောဂါအခံကရှိနေပြန်တော့ ငွေထုပ်ကြီးတပိုက်ပိုက်နဲ့ ကြေးစားတွေမွေးပြီး တိုင်းပြည်ဖျက်နေကြတာကို လည်း အခိုင်အမာတွေ့ ရမှာဖြစ်ပါတယ်။ ဗမာစကားပုံတခုရှိပါတယ်။အဲဒါကတော့ “မင်းသားကြီးမလုပ်ရလို့ကတော့ ပတ်မကြီးထိုးဖေါက်ပစ်မယ်” ဆိုတာ အဲဒီအုပ်စုပါဘဲ။

စစ်ဗိုလ်ချူပ်တွေ သိမ်းထားတဲ့လယ်မြေတွေက လယ်သမားတွေကို စစ်တပ်က အကြမ်းဖက်နှင်ထုတ်ကြတဲ့အခါ လက်တွေ့ တာဝန်ယူလုပ်ရတဲ့ ရဲဘော်တွေ အရာရှိငယ်တွေဟာ အတော့်ကို မျက်နှာမသာမယာဖြစ်နေတာ သတိထားမိပါတယ်။ လယ်မြေတွေပိုင်ရှင်အစစ်အမှန်က လယ်သမားတွေမှန်း သူတို့တကယ်သိကြပါတယ်။ ခက်တာက “တပ်မတော်သာအမိ တပ်မတော်သာအဖ” ဆိုတာတွေ “တသွေးတသံတမိန့်” ဆိုတာတွေ “ရေပါတာဘဲလိုချင်တယ် ရေဘူးပေါက်တာ မလိုချင် ဘူး” ဆိုတာတွေနဲ့ တပ်မတော်သားအားလုံးဟာ အတွေးအခေါ်အရရော လုပ်ဟန်အရပါ ချူပ်နှောင်ခံထားရတာ ဖြစ်ပါ တယ်။ ဒီအတွက် ဘာဖြစ်သလဲလို့မေးရင် တပ်မတော်တရပ်နဲ့မတူတော့ဘဲ ပိုက်ဆံရလို့ စစ်တိုက်နေတဲ့ စစ်တပ်တခုသာ သာဘဲဖြစ်နေတော့တာပေါ့ဗျာ။ ကမ္ဘာမှာလဲ ပိုက်ဆံရလို့ စစ်တိုက်နေကြသူတွေ အများအပြားရှိနေတာတွေ့ရပါတယ်။ သူ တို့ဟာ နိုင်ငံလက္ခဏာတော့ မဆောင်ကြပါဘူး။ စစ်ဗိုလ်ချူပ်တွေအတွက် စစ်တိုက်တာမဟုတ်ဘဲ တိုင်းပြည်အတွက် စစ်တိုက်တာဖြစ်ချင်ရင်တော့ အနည်းဆုံး “ပြည်သူသာအမိ ပြည်သူသာအဖ”ဆိုတဲ့ ပြည်သူ့ရင်ခွင်ကို ပြန်ဝင်ဘို့ကျိုးစား ကြဘို့ဟာ အဓိကဖြစ်မယ်ထင်ပါတယ်။

မြန်မာနိုင်ငံရဲ့  အကြီးမားဆုံးပဋိပက္ခကတော့ ပြည်သူလူထုအကျိုးစီးပွါးနဲ့ စစ်ဗိုလ်ချူပ်တွေအကျိုးစီ်းပွါး ထိပ်တိုက်ဖြစ်မှု လို့ဘဲ ပြောရတော့မှာပါ။ တိုင်းပြည်ရဲ့  နိုင်ငံရေး စီးပွါးရေး အုပ်ချူပ်ရေး တရားစီရင်ရေး အားလုံးလိုလိုမှာ စစ်တပ်က ဇွတ် ပါဝင်ပါတ်သက်နေတာကလဲ ဒီကိစ္စပါဘဲ။ စစ်တပ်ကပြောပြောနေတဲ့ အမျိုးသားရေးတို့ အမျိုးသားနိုင်ငံရေးတို့ဆိုတာ ကိုယ်ကျိုးသမားတွေအတွက် ကိုယ်ကျိုးစီးပွါးကာကွယ်ဘို့ အကောင်းဆုံးမျက်နှာဖုံးလို့ဘဲ ရှင်းရှင်းလင်းလင်းမြင်ပါတယ်။ အမျိုးသားနိုင်ငံရေးလို့ ပါးစပ်ကပြောပြီး လက်တွေ့က တိုင်းပြည်ဖျက်တဲ့ အလုပ်တွေလုပ်နေလို့ကတော့ တိုင်းပြည်လဲ မကောင်း စစ်တပ်လဲမကောင်းဖြစ်မှာပါ။ ပုဂ္ဂိုလ်ဟောင်းကြီးများရဲ့ ကိုယ်ကျိုးစီးပွါးအတွက် တိုင်းပြည်ကို ပက်ပက်စက်စက် နှိပ်ကွပ်သတ်ဖြတ်လုယက်ခဲ့တဲ့ သမိုင်းကလဲ သိတ်မဝေးလှသေးတဲ့ကာလမှာဘဲ ရှိနေသေးတာဆိုတော့ လက်ရှိတပ်မ တော်မှာရှိတဲ့ အရာရှိအရာခံအကြပ်တပ်သားများ သံဝေဂယူနိုင်ကြစေလိုပါတယ်။

NLD အစိုးရ ၂၀၁၇နဲ့ ၂၀၁၈ခုနှစ်အတွင်းဆပ်ရမဲ့ နိုင်ငံတကာကြွေးမြီက အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ အရင်းအတွက်က ဒေါ်လာ သန်း ၄၀၀နဲ့ အတိုးအတွက်က ဒေါ်လာ သန်း ၂၀၀ ပေါင်း ဒေါ်လာသန်း ၆၀၀ကျော် ရှိပါတယ်။ ဒီအကြွေးတွေပြန်ပေးရမဲ့ အချိန်က NLD အစိုးရ ၂နှစ် သက်တမ်းမှာ ဖြစ်နေပါတယ်။ ဒီအကြွေးတွေက စစ်အုပ် စုရဲ့  ဆီးသီးဘန်း ၀ိုင်းမှောက်ခဲ့တာကြောင့် တင်ခဲ့ရတာပါ။ စာရင်းအရ အတိအကျပြောရရင် ၂၀၁၆ခုနှစ် ဒီဇင်ဘာလ၃၁ ရက်အထိ နိုင်ငံရပ်ခြားကို ပေးရမဲ့ကြွေးမြီက အမေရိကန်ဒေါ်လာ ၈.၉၈ ဘီလျှံ ရှိနေတာပါ။ တရုတ်နိုင်ငံကိုပေးရမဲ့အကြွေး က အမေရိကန်ဒေါ်လာ ၃.၉၆ ဘီလျှံဖြစ်ပါတယ်။ ဒါက နိုင်ငံရပ်ခြားကြွေးမြီးပေါင်းရဲ့ ၄၄% လို့ဆိုပါတယ်။ ပြောချင်တာက တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံးမြီရှင်ကြီးလို့ပြောချင်တာပါ။

ဂျပန်နိုင်ငံကိုပေးရမဲ့အကြွေးက အမေရိကန်ဒေါ်လာ ၁.၉၉ ဘီလျှံ့ဖြစ်ပါတယ်။ဂျာမဏီနိုင်ငံကို အမေရိကန်ဒေါ်လာ ၆၃၈ သန်း၊ အာရှဖွံ့ ဖြိုးရေးဘဏ်တို့ကမ္ဘာ့ဘဏ်စတဲ့ ငွေချေးလို့ရတဲ့နေရာတိုင်းကချေးလိုက်ကြတာကတော့ အမေရိကန်ဒေါ် လာ ၁.၃၆ဘီလျှံရှိတယ်လို့ဆိုပါတယ်။ ၂၀၁၈-၂၀၁၉ခုနှစ် ကစပြီးဆပ်ရမှာဖြစ်ပါတယ်။ NLD အစိုးရနောက်ဆုံးသက်တန်း နှစ်ဖြစ်တဲ့ ၂၀၂၀-၂၀၂၁ ခုနှစ်မှာတော့ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော်ဆပ်ရမှာဖြစ်ပါတယ်။ တချို့အကြွေးတွေကို ကျနော်တို့တိုင်းပြည်က ၃၆ နှစ် ထိ ပြန်ဆပ်ကြရမယ်လို့သိရပါတယ်။ ဒီကြားထဲပြည်တွင်းကြွေးကလဲ၂၀၁၆ခုနှစ် ဒီဇင်ဘာလ ကုန်မှာ ကျပ် ၁၆ ဘီလျှံလောက် ရှိသေးတယ်လို့ သိရပါတယ်။

ဒီလောက်များပြားတဲ့ အကြွေးတွေ ကျနော်တို့နိုင်ငံမှာ အမှန်တကယ်ရှိနေတာပါ။ အဲဒီငွေတွေ ဘယ်ရောက်ကုန်သလဲ ဆိုတာတော့ ကျနော်တို့ စဉ်းစားမိကြတာအမှန်ပါ။ ဘာကြောင့်လဲဆိုတော့ ဒီကြွေးတွေကို ကျနော်တို့သားသမီးမြေးမြစ်တွေ အထိ ဆပ်ကြရမှာဖြစ်လို့ပါ။ လမ်းတံတားတွေဆောက်ခဲ့လို့ ကုန်တယ်ဆိုရင်တော့ အတော်ကိုးယိုးကားယားအဖြေလို့ဘဲ ပြောရမယ်ထင်ပါတယ်။ စာရွက်ထဲမှာရှိပြီး ပျောက်သွားတဲ့လမ်းတံတားတွေကိုသာ ပြန်ပြောကြမယ်ဆိုရင် ပြောမဆုံးပေါင် တောသုံးထောင်ဖြစ်ဦးတော့မှာပါ။ ကျနော်တို့ ဒါတွေအတွက်ပြောနေကြတာမဟုတ်ပါဘူး။ တိုင်းပြည်ကိုမလိမ်ကြပါနဲ့။ မညာ ကြပါနဲ့။ နိုင်ငံကိုပြန်ကြည့်လိုက်တော့ သစ်တောတွေလဲ ပြုန်းသလောက် ရှိနေပြီဖြစ်ပါတယ်။ ကျောက်စိမ်းထွက်တဲ့ နေရာ တွေမှာလဲ တောင်တွေပျောက်ပြီး ချိုင့်တွင်းနက်ကြီးတွေ ဖြစ်နေခဲ့ရပါပြီ။ ဓါတ်ငွေ့ထွက်ပြန်တော့လဲ အောက်ဈေးနဲ့ နှစ်ပေါင်း ၃၀ သဘောတူစာချူပ် ခဲ့တယ်လို့ဆိုပါတယ်။ သံယံဇာတကလဲ အားကိုးလောက်တဲ့ အနေအထားက မရှိတော့သလို ဆန် စပါးထုတ်လုပ်မှု သစ်တော ရေလုပ်ငန်းစတဲ့လုပ်ငန်းတွေကလဲ အတော့်ကို ဆုတ်ယုတ်လာနေတာဖြစ်ပါတယ်။ နည်းပညာ နဲ့ငွေရှာမယ်ဆိုတဲ့ စိတ်ကူးရှိလို့ကတော့ အိပ်မက်လို့ဘဲပြောရမှာပါ။

လောလောဆယ် မြန်မာနိုင်ငံသား ၄သန်းကျော် ၅သန်းလောက်ဟာ နိုင်ငံရပ်ခြားမှာကျွန်လို အလုပ်လုပ်ပြီး ပြန်ပို့တဲ့ငွေဟာ တိုင်းပြည်အတွက် ၀င်ငွေကြီးတခုဖြစ်နေတာပါ။ သဘောကတော့ လူငှားစားနေရသလိုဖြစ်နေတာပါ။ ကျနော်တို့ဖြစ်စေချင် တာ NLD ပါတီ၊ ကြံ့ခိုင်ဖွံ့ ဖြိုးရေးပါတီ၊ လူ့ဘောင်သစ်ပါတီစသဖြင့် ပါတီတွေ ပါတီအလုပ်လုပ်ကြတာ သဘာဝကျပါတယ်။

စစ်တပ်အနေနဲ့ စစ်တပ်အလုပ် စစ်တပ် လုပ်စေချင်တာဖြစ်ပါတယ်။ စစ်တပ်က နိုင်ငံရေးမလုပ်ဘူးပြောလိုက် စစ်တပ်က ငြိမ်းချမ်းရေးရမှ နိုင်ငံရေးကထွက်မယ်ပြောလိုက် ကဘောက်ကချာတွေလဲ ရပ်တန်းကရပ်သင့်ပါပြီ။ ဆင်းရဲတွင်းနက်နေ တဲ့ တိုင်းပြည်ကို ကယ်တင်ဘို့ ၀ိုင်းကြိုးစားသင့်ပါပြီ။ နောက်ကြောင်းလှန်ရင် နောက်ကြောင်းပြန်မယ်ဆိုတာမျိုးကတော့ အလွန်မိုက်ရိုင်းတဲ့ လူထုကိုခြိမ်းခြောက်တာ ဖြစ်ပါတယ်။ ကျနော်တို့နောက်ကြောင်းပြန်နေကြတာ မဟုတ်ပါဘူး။ တိုင်းပြည် ကို စစ်တပ်က အာဏာသိမ်းခဲ့တဲ့အတွက် ကနေ့ကျနော်တို့သားစဉ်မြေးဆက်အထိ ခံစားနေရတဲ့ ဒုက္ခတွေကို ကိုယ်တိုင် ခံစားနိုင်အောင်ရေးကြတာပါ။ ရှင်းရှင်းလင်းလင်းရေးရရင် စစ်တပ်ဆိုတာ နိုင်ငံရေးလုပ်လို့ရတဲ့ အဖွဲ့အစည်းမဟုတ်ပါဘူး။

စစ်တပ်ဆိုတာ လက်နက်ကိုင်အဖွဲ့ အစည်းဖြစ်တဲ့အတွက် စစ်တပ်နိုင်ငံရေးထဲဝင်ပါနေတာနဲ့ စစ်တပ် ပျက်တတ်သလို စစ်ဗိုလ်ချူပ်တွေလဲ အာဏာရှင်တွေ ဖြစ်ကုန်လေ့ရှိပါတယ်။ အတွေးအခေါ်အရ ဖေါက်ပြန်ကုန်သလို လက်တွေ့လဲ ကုန်သည် လိုလို ပွဲစားလိုလို စစ်ဗိုလ်လိုလိုတွေ ရှုပ်ကုန်လေ့ရှိပါတယ်။ ကနေ့ အဲဒီလိုဖြစ်နေတာပါ။ အောက်ခြေမှာရှိတဲ့ အရာရှိအရာခံ အကြပ်တပ်သားတွေကို စစ်မျက်နှာပြင်တွေဆီ ဇွတ်ပို့လေ့ရှိပါတယ်။ စစ်ပွဲတွေရှိနေမှ သူ့အတွက် အဆင့်နေရာရှိနေတယ် လို့ ယုံကြည်နေပုံရပါတယ်။ စစ်ပွဲတွေရှိမှ အစိုးရအပေါ် အကြပ်ကိုင်လို့ရတယ်လို့ ယုံကြည်နေပုံရပါတယ်။ ဒီအတွေးအခေါ် ဟောင်းတွေကြောင့် ကနေ့စစ်ဗိုလ်ချူပ်တွေ တိုက်ချင်လို့တိုက်တဲ့ စစ်ပွဲတွေဖန်တီးနေတာလို့  ကျနော်တော့ ယုံကြည်မိပါ တယ်။ ဗမာ့တပ်မတော်အနေနဲ့ ဒီမိုကရေစီစနစ်အတွက် အဆင်သင့်မဖြစ်သ၍ ဗမာပြည်ငြိမ်းချမ်းရေးနဲ့ ဝေးနေဦးမှာဖြစ် ပြီး မြန်မာပြည်သူပြည်သားအားလုံးလဲ ဆင်းရဲတွင်းနက်နေဦးမှာဖြစ်ကြောင်းပါဗျာ။

ကိုအောင်မှိုင်း (ဇွန်လ ၉ ရက် ၂၀၁၈ခုနှစ် )
အပိုင်း ( ၄ )ဆက်ရေးပါဦးမည်။






Comments