လေပြေချမ်းချမ်း ● ဟစ်တလာရောဂါ

 လေပြေချမ်းချမ်း ● ဟစ်တလာရောဂါ
(မိုးမခ) ဇွန် ၃၀၊ ၂၀၁၈

မုန်တိုင်းတွေကိုကြောက်တဲ့
ကိုယ်လိုကလေးတွေ ဘယ်လောက်များရှိမလဲ။

အပြောင်းအလဲကို
လိုက်မပြောင်းလဲနိုင်သေးတဲ့နှလုံးသားနုနုများ။

အတွေ့အကြုံသစ်မှာနေဖျားပြီး
ရောင်စုံလက်နေတဲ့ လူတွေရဲ့စိတ်ကို
အံ့သြတကြီး
မျက်လုံးပြာဝေခါးသီးနေဆဲပေါ့။

နွေ မိုး ဆောင်းသဘာဝ
ဘာနဲ့မှနေသားမကျ
အကြောက်တရားနဲ့တော့ နေသားတကျ။

ဟိုးရှေးနှစ်တော်တော်ကြာက
အနွေးထွေးဆုံးရင်ခွင်ပျောက်ဆုံးမှုလား။

နောက်ကျောတဆုံးစိုက်ဝင်ဖူးတဲ့
ဓားဒဏ်ရာကြောင့်လား။
သူ့ယုံကြည်မှုဟာ သံသယကိုအရောင်ဆိုးခြင်း။
လူတွေကိုကြည့်တဲ့မျက်လုံးမှာ
မာကျောစိမ်းတောက်နေတဲ့ ကလေးငယ်ကိုတွေ့ရင်
မျက်လုံးလွှဲမပစ်ပါနဲ့ ။
တတ်နိုင်သမျှအလှိုက်လှဲဆုံး
နွေးထွေးစစ်မှန်စွာ ပြုံးပြလိုက်စမ်းပါ။
ဒါ အနာဂတ်ကမ္ဘာကို ကယ်တင်ခြင်းပဲ။
သင့်ကြောင့် ကလေးငယ်တယောက် ဒါမှမဟုတ်
သူငယ်ချင်းတယောက် သို့မဟုတ် လူတယောက်
ဘယ်တော့မှ စိတ်ဒဏ်ရာမရပါစေနဲ့။

“စိတ်ဒဏ်ရာ” ဆိုတာ
ဟစ်တလာ့လို ကမ္ဘာဖျက်ပိုး
ဘယ်တော့မှမကျက်တဲ့အနာတမျိုး။

အမှောင်ရိပ်ထဲက သူ ...
ဒီလိုနဲ့ …
ကမ္ဘာကြီးကို
တတိတိလှိုက်စားတော့မယ်။    ။

လေပြည်ချမ်းချမ်း

Comments