နေချိုသွေး ● ဆလိုင်းတင်မောင်ဦး


နေချိုသွေး ● ဆလိုင်းတင်မောင်ဦး
(မိုးမခ) ဇွန် ၂၄၊ ၂၀၁၈

တရားဥပဒေမဲ့စွာ ရေးထိုးသွားတဲ့ခေတ်ကြီး
မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဉ်ဆိုတဲ့
သမိုင်းဆိုးခေတ်ကြီး
အဲဒီ့လိုခေတ်ဆိုးခေတ်ကြပ်ကြီးထဲမှာ
အမှန်တရားအတွက်
ယုံကြည်ချက် စိတ်ဓာတ်နဲ့
အာဏာရှင် စစ်ဖိနပ်အောက် ဒူးမထောက်ခဲ့သူ
*ဆလိုင်းတင်မောင်ဦး*
အာဇာနည် ဘာမထီယောက်ျား၂၄ နှစ်သား
ရန်ကုန်ဝိဇ္ဇာနဲ့ သိပ္ပံတက္ကသိုလ်
သတ္တဗေဒ တတိယနှစ်ကျောင်းသား
အယဉ်နဲ့အရိုင်း ဆစ်ပိုင်းခွဲခြားလို့
အာဏာရှင်ကို အာခံအံတုခဲ့သူ။

၁၉၇၆ ခုနှစ် မတ်လ ၂၂ ရက်
ပါးကွက်အာဏာသား ခွေးရူးအောက်တန်းစားတွေရဲ့
စစ်ဆေးရိုက်နှက်ညှဉ်းပန်းနှိပ်စက်ခံလိုက်ရတယ်။

တရားမျှတမှုနဲ့ မဟုတ်မခံစိတ်ရှိသူ
သူလိုလူကို နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂/၁ တဲ့
ဥပဒေဟာ တရားလက်လွတ်
အာဏာရှင်တစုရဲ့ရက်စက်ကြမ်းကြုတ်မှုနဲ့
ဇွန်လ၂၆ ရက် အမှောင်ကြီးစိုးတဲ့နံနက်မှာ
ကြိုးပေးကွပ်မျက်ခံလိုက်ရတယ်။

ကြိုးစင်ပေါ် ရင်ကော့မတက်ခင်
သူရဲကောင်းတယောက်ရဲ့ယုံကြည်ချက်နဲ့ကြွေးကြော်သံ
အင်စိန်ထောင်ကြီး သိမ့်သိမ့်တုန်လို့
"မင်းတို့ ငါ့ခန္ဓာကိုယ်ကိုသာ သတ်လို့ရမယ်
ငါ့ရဲ့ယုံကြည်ချက် ရပ်တည်ချက်တွေကို
ဘယ်တော့မှသတ်လို့ရမှာ မဟုတ်ဘူး
မင်းတို့စစ်ဖိနပ်အောက်
ငါ ဘယ်တော့မှ ဒူးမထောက်ဘူး
ငါ ဘယ်တော့မှ ဒူးမထောက်ဘူး"။

နေချိုသွေး

Comments