သားကြီးမောင်ဇေယျ - သာလီစွ ရခိုင်ပြည်နယ်

Photo - DVB
သားကြီးမောင်ဇေယျ - သာလီစွ ရခိုင်ပြည်နယ်
 (မိုးမခ) ဇွန် ၅၊ ၂၀၁၈

တဖက်နိုင်ငံကို ထွက်ပြေးသွားတဲ့ ဘင်္ဂလီတွေ ဘူးသီးတောင် ဂူတာပြင် ကျေးရွာမှာ တိတ်တဆိတ် ပြန်ဝင်နေပြီ ။

ဒီသတင်းကို အင်တာနက် လူမှုကွန်ယက် ပေါ်မှာ တွေ့လိုက်ရတော့ ရုတ်တရက် အံသြသွာပါးတယ်၊ စိုးလည်း စိုးရိမ်သွားပါတယ်။

မှတ်မှတ်ရရ မေလ ၂၂ ရက်နေ့မှာပါ။

ဒီသတင်း လူမှုကွန်ယက်ပေါ်တက်လာပြီး မရှေးမနှောင်းပဲ DVB သတင်းခန်းမှာ ဆွေးနွေးငြင်းခုန်တဲ့ အသံတွေ ထွက်လာပါတယ်။

သတင်းမှန်ရဲ့လား၊ သတင်းရင်းမြစ်က သေချာရဲ့လား။

နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်သလဲ။ စတဲ့ စတဲ့ မေးခွန်းတွေ တသီကြီးထွက်ပေါ်လာပါတယ်။

ဘူးသီးတောင် ပြည်နယ်လွှတ်တော်အမတ် က ပြောတယ် ဆိုတော့ သတင်းရင်းမြစ်က ခိုင်လုံတယ်လို့ သတင်းထောက်တစ်ယောက်က မှတ်ချက်ပေးပါတယ်။

မီးလောင်ပြင်မှာ နေအိမ်တွေ ဆောက်လုပ် ထားတဲ့ ဓ်ါတ်ပုံတွေပါ  အင်တာနက်ပေါ်တက်လာတော့ သတင်းက အတော်ကလေးခိုင်လုံနေပါပြီ။

ဒါပေမယ့် တာဝန်ခံတွေက ဒီထက်ပိုသေချာဖို့လိုတယ်။ အုပ်ချုပ်ရေးမှူးအပါအ၀င် ယုံကြည်ရသူတွေကို ဆက်သွယ်မေးမြန်းအတည်ပြုဖို့လိုသေးတယ်လို့ မှတ်ချက်ပေးပါတယ်။ သတင်းခန်းမှာ တာဝန်ကျနေတဲ့ တာဝန်ခံ ကိုဇင်မောင်က ခရိုင်အုပ်ချုပ်ရေးမှူးကို ဖုန်းဆက်ပြီး သတင်းမှန်မမှန် အတည်ပြုချက်ရဖို့ အကြိမ်ကြိမ် ဖုန်းခေါ်ပါတော့တယ်။ ဒါပေမယ့် ‘လူကြီးမင်း’ နဲ့သာ အကြိမ်ကြိမ်တိုးနေပါတယ်။ သတင်းအတည်ပြုချက်ကမရ။

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ဆရာချစ်ဝင်းမောင်က သူရေးတဲ့ မေယုကိုဆန် . . . မေယုကိုစုန်၍ အနောက်ဘက်တံခါးကို ဖြတ်သန်းကြည့်ရှုခြင်း စာအုပ်မိတ်ဆက်ပွဲ ဖိတ်ထားတာကြောင့် ရွှေတိဂုံအနောက်ဖက်မုခ် ပြည်သူ့ဥယဉ်ဝင်း ရှိ မောနင်းစတား လက်ဖက်ရည်ဆိုင် ကို အပြေးအလွှားသွားခဲ့ရပါတယ်။

စာအုပ်မိတ်ဆက်ပွဲ အခမ်းးအနားမှာ ဆရာချစ်ဝင်းမောင်၊ ဆရာခိုင်မြတ်ကျော်၊ ဟံသာဝတီဦးအုန်းကြိုင်၊ ဆရာဒေါက်တာဇော်သန်း တို့ရဲ့ ရခိုင်ခရီးစဉ်အကြောင်း ပြောကြတာတွေကိုနားထောင်ရင်း ရခိုင်ပြည်နယ်အရေးအခင်း က ကျန်ရစ်တဲ့ခြေရာလက်ရာတွေကို ပြန်လည်မြင်ယောင်မိပါတယ်။

လူသူကင်းမဲ့နေတဲ့ မီးလောင်ပြင်ကျေးရွာကြီးတွေ၊ စိုးရိမ်ထိတ်လန့်နေတဲ့ ဒေသခံတိုင်းရင်းသားတွေ၊ မလုံမလဲ နယ်စပ်ခြံစည်းရိုးတွေ၊ ပိုင်ရှင်မယ့်ငါးဖမ်းလှေတွေ၊ ရိပ်သိမ်းသူမဲ့ လယ်ကွင်းတွေ၊ နှုတ်ဆွံနေတဲ့ ဘင်္ဂလီ ရွာသားတွေ၊ မျက်လုံးစိမ်းစိမ်းနဲ့ ဒုက္ခသည်စခန်းက လူငယ်တွေ။ အိပ်မက်လွင်ပြင်တခုကို ဖြတ်သန်းခဲ့ရတဲ့ခရီးစဉ်ပါ။

အဲဒီခရီးစဉ်ကို ၂၀၁၇ သြဂုတ်လ ရခိုင်ပြည်နယ်အရေး ဖြစ်ပွားပြီး (၅) လ အကြာမှာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရဲ့ အစီအစဉ်နဲ့ သတင်းသမားတွေသွားရောက်ခဲ့တာပါ။

စာအုပ်မိတ်ဆက်ပွဲအပြိး  ရုံးပြန်ရောက်တော့ ကိုဝဏ္ဏခွာညိုရဲ့ သတင်းက အတော်ကလေးပြည့်ပြည့်စုံစုံတက်နေပါပြီ။

ဂူတာပြင်ကျေးရွာက မီးမလောင်ဘဲ ကျန်ခဲ့နေအိမ်တွေမှာ တဖက် ဘင်္ဂလားဒေင်္ချ့က တရားမဝင် ပြန်လည် ၀င်ရောက် နေထိုင်သူတွေရှိသလို မီးလောင်ပြင်တွေမှာ နေအိမ် သစ် ၇၆ လုံးဆောက်လုပ်နေထိုင်ကြတာလည်းရှိတယ်လို့ ဘူးသီး​တောင်​ပြည်​နယ်​လွှတ်​​တော်​ကိုယ်​စားလှယ်​ဦးထွန်း​အောင်​သိန်းရဲ့ပြောစကားကို ကိုးကားရေးသားထားတာပါ။

အဲဒီသတင်းမှာပဲ တရားမ၀င် ပြန်လည်ဝင်ရောက်လာသူတွေဟာ လွန်ခဲ့တဲ့ မတ်လ ကတည်းက ၀င်ရောက်လာတဲ့ အကြောင်း၊ လူဦးရေ တစ်ထောင် လောက်ရှိမယ်လို့ ခန့်မှန်းကြောင်းဖေါ်ပြထားပါသေးတယ်။ တရားဝင်လမ်းကြောင်းက ပြန်လာသူ ကတော့ (၅) ယောက်ပဲရှိသေးတယ်လို့ဆိုပါတယ်။

အဲဒါနဲ့ တဆက်တည်းမှာပဲ ဂှုတာပြင်ကျေးရွာနားက ကျောက်စာတိုင်အုပ်ချုပ်ရေးမှူး ဦးအင်္ဂါဖြူက မြေပြင်လက်ရှိအခြေအနေတွေကို သက်ဆိုင်ရာ အဆင့်ဆင့်ကိုတင်ပြထားတဲ့အကြောင်း နောက်ဆက်တွဲ ရေးသားထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်ကို လည်း ဒီဗွီဘီက ဖုန်းနဲ့ အကြိမ်ကြိမ်ခေါ်ဆိုခဲ့ပေမယ့် ပြန်လည်ဖြေကြားတာမရှိပါဘူး ဆိုပါတယ်။

ဒီသတင်းနဲ့ပါတ်သက်ပြီး သတင်းထောက်တစ်ယောက်ကမေးခွန်းထုတ်ပါတယ်။ တရားမ၀င် ပြန်ဝင်လာသူတွေ အိမ်သစ် အလုံးပေါင်း (၇၀) ကျော် ဆောက်လုပ်နေတာကို အုပ်ချုပ်ရေးမှူးတွေက ချက်ချင်း မသိနိုင်ဘူးလား၊ သူတို့ အခုလို ပြန်လာတာဟာ စွန့်စားရာမကျဘူးလားတဲ့။

အခြားတစ်ယောက်ကလည်း ဒီလူတွေဟာ တရားမ၀င် ပြန်ရောက်လာသူတွေ မဟုတ်ပဲ အရေးအခင်းကာလအတွင်း လွတ်ရာ ကျွတ်ရာ တစ်နေရာရာမှာ ရှောင်ပုန်း နေရာက အခုလို အေးချမ်းစ ပြုတဲ့ ကာလမှာ မိမိတို့ မူရင်းရွာဆီကို ပြန်လည်နေထိုင်ကြတာရော မဖြစ်နိုင်ဘူးလားလို့ ထပ်ဆင့်မေးခွန်းထုတ်ပါတယ်။

နောက်ဆုံးတော့ ဒေသခံ သတင်းထောက်ကိုယ်တိုင် ဂူတာပြင်ကျေးရွာကို သတင်းသွားယူသင့်တယ်လို့ ဆုံးဖြတ် အကြံပြုကြပါတော့တယ်။  တခါတခါတော့လည်း ပြေးကြည်တာက တွေးကြည်တာထက် မှန်တတ်တယ်မဟုတ်ပါလား။

သတင်းခန်းမှာ ရခိုင်ဂူတာပြင်က အိမ်သစ်ဆောက်နေထိုင်တဲ့ ဘင်္ဂလီ သတင်းတွေ အကြောင်း အပြန်အလှန် ငြင်းခုန်သံတွေ နားထောင်ရင်း တကြော့ပြန် ပဋိပက္ခတွေ ဖြစ်လာမှာကို စိုးရိမ်တဲ့ ဒေသခံတွေရဲ့ ထိတ်လန်နေတဲ့မျက်နှာတွေကို မျက်စိထဲမြင်ယောင်လာပါတယ်။

တကယ်တော့ နှစ်ပေါင်းများစွာ အမေ့ခံ ဒေသဖြစ်ခဲ့ရတဲ့ ရခိုင်ပြည်နယ်၊ ရေခံမြေခံကောင်းပေမယ့် စီးပွားရေး ချွတ်ခြုံကျခဲ့ရတဲ့ ရခိုင်ပြည်နယ်၊ ပညာရေး ကျန်းမာရေးတွေ နိမ့်ကျခဲ့ရတဲ့ ရခိုင်ပြည်နယ်၊ တရားဥပဒေ စိုးမိုးမှုတွေ အားနည်းခဲ့ရတဲ့ ရခိုင်ပြည်နယ်၊ အာဏာလုပွဲတွေရဲ့ မီးစ အဖြစ် အသုံးချ ခံနေရတဲ့ ရခိုင်ပြည်နယ်။

ဒီပြည်၊ ဒီနယ်က စိုးရိမ်သောကတွေ နဲ့ မငြိမ်းချမ်းနိုင်တဲ့ပြည်သူတွေရဲ့ ဘ၀ ကို မျက်ဝါးထင်ထင် မြင်ခဲ့ရသူတစ်ယောက် အနေနဲ့ ရင်နင့်အောင်ခံစားရပါတယ်။

နောက်ဆက်တွဲအနေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး (AI) အဖွဲ့ဟာ ရခိုင်ပြည်နယ်အရေးမှာ ARSA အဖွဲ့က ဟိန္နူ လူမျိုး ( ၉၉ ) ယောက် အသတ်ခံရတဲ့အမှုကို အတည်ပြု ပြောကြား လိုက်တယ် ဆိုတဲ့သတင်းတက်လာပါတယ်။ ဒီသတင်းကို နိုင်ငံတကာသတင်းစာတွေ မှာလည်း အသားပေး ဖေါ်ပြတာကိုတွေ့လာရပါတယ်။

မြန်မာတွေ၊ ဗုဒ္ဓဘာသာတွေကို လူဆိုးကြီးတွေ၊ အကြမ်းဖက်သမားတွေ အဖြစ် တဖက်သတ်ဖေါ်ပြခဲ့တဲ့ နိုင်ငံတကာသတင်းဌာနတွေက အခုလို ဘက်မျှတဲ့သတင်းတွေ စတင်ဖေါ်ပြလာတာပါ။

အရင်တုန်းက ရိုဟင်ဂျာတွေ၊ ဘင်္ဂလီတွေ ဘက်ကိုသာ အသားပေး ဖေါ်ပြခဲ့ တာနဲ့ ပါတ်သက်လို့ နိုင်ငံတကာ သတင်းဌာနတွေ၊ ရိုဟင်ဂျာ အဖွဲ့အစည်းတွေကိုပဲ တဖက်သတ်အပြစ်ပုံချလို့မရပါဘူး။ ကျွန်တော့်နိုင်ငံမှာ လွတ်လွတ် လပ်လပ်သတင်းယူခွင့် မရှိတာကလည်း အခြေခံ အကြောင်းရင်း တရပ်ဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ လွတ်လွတ်လပ်လပ် သတင်းယူခွင့် ပြုရင် ပြုလိုက်သလို နိုင်ငံတကာကလည်း တဖက်သတ်သတင်း ရေးသားဖေါ်ပြဖို့ ခက်ခဲ့လာမှာဖြစ်ပါတယ်။ ကျွန်တော်တို့လုပ်ရပ်တွေကလည်း မှန်ကန်ရှင်းလင်း ရင် ဘာမှ စိုးရိမ်စရာမလိုပါ။

ဒါကြောင့် မှန်တာလုပ်၊ ဟုတ်တာပြော ဖို့ အခွင့်လမ်းတွေ၊ သတ္တိတွေ ရှိဖို့ ကျွန်တော်တို့ အားထုတ်ရမှာပါ။

ဆက်တိုက်ဆိုသလို ၀င်လာတဲ့သတင်းက  ပြည်တွင်းပြည်ပ ဘာသာပေါင်းစုံအဖွဲ့Religions for Peace (RfP) ရဲ့အဖွဲဝင်  (၁၈) ယောက် ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွဲ့ဆုံပြီးနောက် နေ့ (၂၆-၀၅-၂၀၁၈) မှာပဲ ရခိုင်ကို ပထမဆုံးငြိမ်းချမ်းရေးခရီးစဉ်အဖြစ် သွားရောက်နေပါပြီ ဆိုတဲ့သတင်းပါ။

တရားနဲ့အညီ မှန်တာလုပ်သူတွေဟာ အရှိတရားကို အသိအမှတ်ပြုဖို့ ၀န်မလေးသလို ပွင့်လင်းမြင်သာအောင် လုပ်ဖို့လည်း သတ္တိရှိကြပါတယ်။

သာလီစွ ရခိုင်ပြည်နယ်။

သားကြီးမောင်ဇေယျ ( ၂၆- ၅- ၂၀၁၈)
News links - http://burmese.dvb.no/archives/271211

Comments