သျှင်မိုးပြေး - ပြဿဒါးနှင်း


သျှင်မိုးပြေး - ပြဿဒါးနှင်း
(မိုးမခ) ဇွန် ၄၊ ၂၀၁၈


ငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင်လိုပေါ့နှင်း
ချစ်သူကို မေ့နိုင်ဖို့  ကမ္ဘာအနှံ့ ခြေဆန့်ကြသူတွေလို
ပင်လယ်တွေဆီကို လွင့်လာခဲ့တယ်
နှင်းကို မေ့လိုမေ့ငြား
သောင်ပြင်ပေါ်မှာ နှင်းလို့ ရေးချလိုက်တယ်။
ရေလှိုင်းတွေဟာ အခွေလိုက်ကျနေတဲ့ နှင်းရဲ့ဆံစတွေလို
ကိုယ့်ဆီကို အတင်းပြေးလာနေတဲ့အခါ
ကျောက်ဆောင် ကျောက်သားလို ပဲ့ကြွေလို့
အဟူးဟူးတိုက်ခတ်နေတဲ့ လေတွေမှာ ကိုယ့်နာမည်ခေါ်သံတွေ
အဝေးမှာ နှင်းများရှိနေမလား
ကိုယ့်ရဲ့ကမ်းပါးဟာ မဝေးပေမယ့်
နှင်းဟာ ဘယ်တော့မှ ဆိုက်ကပ်မလာခဲ့ဘူး
ပင်လယ်ဟာ ကိုယ့်မျက်ရည်တွေနဲ့  လှိုင်းထန်လို့
နှင်းနဲ့ပစ်ပစ်ခါခါ ဝေးကြဖို့တဲ့လား
အလန့်တကြားပင်လယ်ဆီ ပြေးထွက်ခုန်ဆင်းပြီး အော်ခေါ်နေမိတယ်
နှင်းရေ.. နှင်းရေ ..နှင်းရေ .. ။

ဘယ်ရင်ခွင်ကိုမှ ဆောင်းမခိုချင်တဲ့မာနတရားတွေ
ရွှဲရွှဲနင့်နင့် မောင်းနှင်လာတဲ့ ပျော်ရွှင်မှုတွေဟာ
ဆိတ်ဆိတ်နေတတ်တဲ့ ဖုန်းလေးနားမှာ တစဆီပြန့်ကျဲ
မကြင်နာလိုတဲ့ အကြင်နာတရားကြီးသူ
မငဲ့ညှာခဲ့တဲ့ စာနာတရားကြီးသူ
ပြတ်သားနိုင်တဲ့ သံယောဇဉ်ကြီးသူတို့
မြက်ပင်လေးတွေလို အဆုံးမရှိ ၀တ်တွားရှင်သန်ခဲ့
အကုန်လုံးပုံအောမယ့်ကောင်မှာ
မျှော်လင့်စရာ အပြုံးတချက်တောင် မပွင့်မယ့် ဥပေက္ခာမြို့တံခါးတွေနဲ့
လွင့်စင်သွားတဲ့ ဝတ်ဆံမှုန်တွေလို
ရက်ရက်စက်စက် အေးစက်ကိုက်ခဲ
နှင်းရေ ... နှင်းရေ ... နှင်းရေ ။

သံသရာကို အစုန်အဆန်မျောမယ်
နှင်းနဲ့ မသက်ဆိုင်တဲ့ ရက်ပေါင်းများစွာမှာ ငရဲခံပြီး
နှင်းရဲ့ချစ်ခြင်းမေတ္တာကို ကုသိုလ်ပြုမယ်
ဆက်ပြီးကန်းနေတဲ့ အိပ်မက်အသေတွေနဲ့
နှင်းမရှိတဲ့နိုင်ငံ
နှင်းမရှိတဲ့မြို့
နှင်းမရှိတဲ့နာရီထဲ ပြေးထွက်ကြိုးစားရင်း
အရပ်ရှစ်မျက်နှာမှာ နှင်းနဲ့ ပြန်တွေ့ခဲ့
ဘယ်လောက်ပဲ ဝေးကွာပါစေ
"တနေ့ မှာ ပြန်ဆုံကြမယ် နှင်း..."
ဒီစကားတောင် ပြောခွင့်မရှိ မျှော်လင့်ခွင့်မရှိ
နှင်းရှိရာမှာ ခမ်းခြောက်ရမယ့်မြစ်တစ်စင်း
ဆွံ့အနေရမယ့် ချစ်ခြင်းတရားများစွာ
ကမ္ဘာဘယ်နှစ်ခုစာ နှင်းကိုထပ်စောင့်နေရဦးမှာလဲ
နှင်းနဲ့စကားတွေပြောနေရင်း အတိုင်းမသိ အမိုက်မှောင်ထဲထိုးကျ
နှင်း အပြုံးတွေနဲ့ လန့်နိုးရတဲ့ည
ကြယ်တွေကင်းမဲ့နေတဲ့ ကောင်းကင်မှာ
ညဟာ ပကတိငြိမ်သက်လို့
နက်ရိုင်းလို့
နှင်းရဲ့ အဝေးမှာ ဘာအဖြစ်မှမရှိခဲ့
လွမ်းလိုက်တာ
နှင်းရေ .. နှင်းရေ.. နှင်းရေ ... ။

သျှင်မိုးပြေး
June 1, 2018.

Comments