ဇင်လင်း ● ပြည်သူတွေ ပွန်းပဲ့မှုအနည်းဆုံးဖြစ်စေမယ့် နိုင်ငံရေးမူဝါဒနဲ့ ဖွဲ့စည်းပုံကို ပြင်ဆင်မယ်

ဇင်လင်း ● ပြည်သူတွေ ပွန်းပဲ့မှုအနည်းဆုံးဖြစ်စေမယ့် နိုင်ငံရေးမူဝါဒနဲ့ ဖွဲ့စည်းပုံကို ပြင်ဆင်မယ်
(မိုးမခ) ဇွန် ၃ဝ၊ ၂ဝ၁၈

ပြီးခဲ့တဲ့ ဇွန်လ ၂၃ နဲ့ ၂၄ ရကနေ့တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီးကို  ရန်ကုန်မြို့ မြန်မာကွန်ဗန်းရှင်းစင်တာမှာ အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း မီဒီယာသတင်းတွေအရ သိရတယ်။ ညီလာခံ ကာလအတွင်း အခြေ အနေတွေကို သတင်းမီဒီယာတွေက ရှုထောင့်အမျိုးမျိုးကနေ ဖေါ်ပြခဲ့ကြတာတွေ့ရတယ်။ နိုင်ငံလုံး ဆိုင်ရာ ညီလာခံဖြစ်တဲ့ အလျောက် တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေအပါအဝင် ညီလာခံကိုယ်စားလှယ် ၁,ဝဝဝ ကျော် တက်ရောက် ခဲ့ကြောင်း သိရတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ ညီလာခံကနေ ဗဟို အလုပ်အမှုဆောင်အဖွဲ့ လစ်လပ်နေရာတွေအတွက် တိုးချဲ့ဖွဲ့စည်းပြီး ဗဟိုကော်မတီကို လူဦးရေတိုးချဲ့လိုက်ကြောင်း ပါတီက ထုတ်ပြန်ခဲ့တယ်။၂ ရက်ကြာကျင်းပတဲ့ ညီလာခံ ပထမနေ့ ဇွန်လ ၂၃ ရက်မှာ တိုင်းနဲ့ ပြည်နယ်အလိုက် ဗဟိုကော်မတီဝင် အသစ် ၄၂ ယောက်နဲ့ အရံဗဟိုကော်မတီဝင်အသစ် အယောက် ၃ဝ တို့ကို  ဆန္ဒမဲပေးပြီး ရွေးချယ်ခဲ့ကြတယ်။

ဇွန် ၂၄ ရက်နေ့မှာတော့ မူလဗဟိုကော်မတီဝင်တွေနဲ့ ကော်မတီဝင်အသစ်တွေဟာ ဒုတိယ ဗဟိုကော်မတီရဲ့ ပထမ အကြိမ် အစည်းအဝေး ပြုလုပ်ခဲ့ကြကြောင်း ပါတီရဲ့ သတင်းထုတ်ပြန်ချက်အရ သိရတယ်။  မူလဗဟိုကော်မတီဝင်တွေနဲ့ ကော်မတီဝင်အသစ်တွေဟာ ဒုတိယဗဟိုကော်မတီ ပထမအကြိမ် အစည်းအဝေး ပြုလုပ်ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ လစ်လပ်နေရာတွေကို ဖြည့်ဆည်းခဲ့ကြောင်း သိရတယ်။ ထပ်တိုးလာသူတွေကတော့ ဗဟိုအဖွဲ့က ဦးသိန်းဦး၊ တနင်္သာရီ တိုင်းက ဒေါက်တာ တင်မျိုးဝင်း၊ မကွေးတိုင်းက ဦးအောင်ကြည်ညွန့်၊ စစ်ကိုင်းတိုင်းက ဒေါက်တာမြင့်နိုင်၊ ကချင်ပြည်နယ် က ဦးအင်ထုံးခါးနော်ဆမ်နဲ့ မန္တလေးတိုင်းက ဦးတင်ထွဋ်ဦးတို့ ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူလ ဗဟိုကော်မတီမှာ ကော်မတီဝင် ၁၂ဝ နဲ့ အရံကော်မတီဝင် ၃ဝ ပါဝင်ပါတယ်။ အခု ထပ်မံ တိုးချဲ့လိုက်ပြီးနောက် ဗဟိုကော်မတီမှာ တိုင်းနဲ့ပြည်နယ်အသီးသီးက ကော်မတီဝင်ပေါင်း ၁၄၈ ယောက်ရှိလာပါ တယ်။ အဆိုပါ ကော်မတီဝင်တွေကို အခြေပြုပြီး ပြန်ကြားရေးနဲ့ စီးပွားရေးကော်မတီ၊ အမျိုးသမီးလုပ်ငန်းအဖွဲ့၊ တောင်သူ လယ်သမားရေးရာ လုပ်ငန်းအဖွဲ့နဲ့ အလုပ်သမားရေးရာအဖွဲ့ ဆိုပြီး ကော်မတီနဲ့ အဖွဲ့တွေ ဖွဲ့စည်းထားပါတယ်။ ဗဟို အလုပ် အမှုဆောင်အဖွဲ့ကို အဖွဲ့ဝင် ၁၅ ယောက်နဲ့ ဖွဲ့စည်းထားပြီး ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်တယ်။ လက်ရှိမှာတော့ ဗဟို အလုပ် အမှုဆောင်အဖွဲ့ကို အတွင်းရေးမှူး အဖွဲ့ကနေ ဦးဆောင်နေကြောင်း သိရတယ်။

ညီလာခံဖွင့်တဲ့နေ့မှာ  ‘အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ’ “ဒုတိယအကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံ” ရဲ့ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့တဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ပါတီတွင်း သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်လာ ခဲ့ရင်လည်း ပြည်သူတွေရဲ့ အကျိုးကိုရှေးရှုပြီး ဆောင်ရွက်သွားကြဖို့ တိုက်တွန်းခဲ့ကြောင်း RFA သတင်းကတဆင့် ကြားရ တယ်။

“အချင်းချင်းအပြန်အလှန် ယုံကြည်လေးစားမှု၊ သဘောထားကြီးမှု၊ သည်းခံခွင့်လွှတ်မှုနဲ့ ဆက်လက်ပြီးတော့ လက်တွဲ ဆောင်ရွက်ရင်း အဖွဲ့ချုပ်ရဲ့ သမိုင်းအစဉ်အလာ၊ ဂုဏ်သိက္ခာတန်ဖိုးတို့ကို ထိန်းသိမ်းခြင်းနဲ့ ပိုမို မြင့်မားအောင် ဆောင်ရွက် ရေးတို့ကို လုပ်ဆောင်ကြရမှာ ဖြစ်သလို တစ်ဖက်မှာလည်း ပါတီရဲ့ အားသာချက် အားနည်းချက်တွေအပေါ်မှာ အချင်းချင်း အမြင်မတူမှုတွေ သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်လာပါကလည်းပဲ ပါတီရဲ့အကျိုး၊ ပြည်သူရဲ့အကျိုးကို ရှေ့ရှုဦးထိပ်ပန် ဆင်ပြီးတော့ ကျနော်တို့အားလုံး ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။” လို့ ညီလာခံ သဘာပတိ ဦးညီပုက မှာကြားခဲ့ပါ တယ်။

ဒီ့အပြင် ညီလာခံကနေ ရွေးချယ်တာဝန်ပေးခံရတဲ့သူတွေအနေနဲ့ နေရာပေးတာမဟုတ်ဘဲ တာဝန်ပေးတာဖြစ်တယ်လို့ မှတ်ယူပြီး ဆောင်ရွက်သွားကြဖို့လည်း ပြောခဲ့တယ်လို့ ဆိုတယ်။ နိုင်ငံတော် အစိုးရရဲ့ ရည်ရွယ်ချက်တွေ အောင်မြင် အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့၊ အင်အားပြည့်ဝပြီး ခိုင်မာတောင့်တင်းတဲ့အဖွဲ့အဖြစ် ဆက်လက် ရပ်တည် နိုင်ဖို့၊ အဖွဲ့ချုပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အရည်အချင်းပြည့်ဝပြီး နိုင်ငံ့အကျိုး သယ်ပိုး ဆောင်ရွက်နိုင်ဖို့ စတဲ့ အချက်တွေကို ရည်ရွယ်ပြီး ညီလာခံ ကျင်းပတာဖြစ်ကြောင်းလည်း ဦးညီပုက သဘာပတိမိန့်ခွန်းမှာ ထည့်သွင်းပြောကြား ခဲ့တာ တွေ့ရတယ်။ ၂ ရက်ကြာ ကျင်းပခဲ့တဲ့ ညီလာခံမှာ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ နိုင်ငံရေးအစီရင်ခံစာ၊ စည်းရုံး ရေး အစီရင်ခံစာတွေ တင်ပြခဲ့ပြီး၊ ပြည်နယ်နဲ့တိုင်းအလိုက် ပါတီဗဟိုကော်မတီဝင်တွေ၊ အရံ ဗဟိုကော်မတီဝင်တွေကို ရွေးချယ်ခဲ့ကြောင်း သတင်းတွေအရ သိရတယ်။ ယခင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ  ဗဟိုအလုပ်အမှုဆောင် အဖွဲ့ ဝင်(၁၅) ဦးရှိပါတယ်။ အခု အဖွဲ့ဝင် (၆)ဦး ထပ်တိုးခန့်အပ်လိုက်တဲ့ အတွက် စုစုပေါင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (၂၁) ဦး ဖြစ်လာတယ်လိုံသိရတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ ဒုတိယအကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ပါတီ ညီလာခံအပြီး ဇွန်လ ၂၄ ရက်နေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပါတီ ဒုတိယ ဥက္ကဋ္ဌ-၂ ဖြစ်တဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် က သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ဖြေဆိုခဲ့တာတွေ့ရတယ်။ မေးခွန်းတွေကို ရိုးရိုးရှင်းရှင်း ပွင့်ပွင့်လင်းလင်း ဖြေကြား ခဲ့ကြောင်း တွေ့ရတယ်။ ပါတီဗဟိုကော်မတီဝင်တွေ၊ အရံ ဗဟိုကော်မတီဝင်တွေကို ရွေးချယ်တဲ့နေရာမှာ တစုံတရာ သြဇာ လွှမ်းမိုးမှုမရှိဘဲ လွတ်လွတ်လပ်လပ် အများသဘောတူ ရွေးချယ်ခဲ့ကြောင်း ဒေါက်တာ ဇော်မြင့်မောင် က သတင်းထောက် တစ်ဦးရဲ့ မေးခွန်းကို ဖြေဆိုခဲ့တာတွေ့ရတယ်။ ညီလာခံကိုယ်စားလှယ်များ အတည်ပြုဆုံးဖြတ်လိုက်တဲ့ ပါတီရဲ့ ရှေ့လုပ် ငန်းစဉ် ၅ ရပ်ကိုလည်း ဗဟိုအလုပ်အမူဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာ မျိုးညွန့်က သတင်းစာရှင်းပွဲမှာ ဖြေကြားသွားပါ တယ်။ အဲဒီ ရှေ့လုပ်ငန်းစဉ် ၅ ရပ်အနက် လုပ်ငန်းစဉ် (၁)ကတော့ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ လူမှုစီးပွား ဘဝတိုးတက်မြင့်မားရေး၊ (၂) အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနှင့် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး၊ လုပ်ငန်းစဉ် (၃)က ၂ဝ၁၈ ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေး၊ (၄) ၂ဝ၂ဝ အထွေထွေ ရွေးကောက်ပွဲ အောင်နိုင်ရေး၊ (၅) အဖွဲ့ချုပ်အစိုးရ၏ မူဝါဒနှင့် လုပ်ငန်းစဉ်များကို ဝန်းရံခြင်း တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒေါက်တာ မျိုးညွန့်က- “ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်တွေမှာလည်း နိုင်ငံတော်အစိုးရရဲ့ ဦးစားပေး ရည်မှန်းချက် ၃ ရပ်ကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရေးဆိုပြီးထည့်သွင်းထားပါတယ်။ အစိုးရရဲ့ ရည်မှန်းချက်တွေ ကတော့ တရားဥပဒေ စိုးမိုးရေးနဲ့ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေးနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးဖြစ်ပါတယ်။” လို့ ဆိုပါတယ်။

အဲဒီနောက် သတင်းထောက်တစ်ဦးရဲ့ မေးခွန်းတစ်ခုကတော့ ပြည်ထဲရေးဝန်ကြီးဌာနက အစိုးရလက်အောက်မှာ ရှိ သလား ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ဒီမေးခွန်းကို ဒေါက်တာ ဇော်မြင့်မောင်က ပြန်လည်ဖြေကြားရာမှာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်လိုတဲ့ အချက်တွေထဲမှာ အဲဒီအချက်လည်း ပါဝင်တယ်လို့ဆိုပါတယ်။ ပြည်ထဲရေးတာဝန်ရှိသူကို ကာကွယ်ရေးဦးစီးချုပ်ကသာ ခန့်အပ်ပိုင်ခွင့်ရှိတဲ့အတွက် ကိုင်တွယ်ရ ခက်ခဲကြောင်း၊ ဒါပေမဲ့ NLD ကိုယ်စားလှယ် အများစု ရှိတဲ့ လွှတ်တော်အနေနဲ့ အစိုးရကို စောင့်ကြည့်ထိန်းသိမ်းတာတွေ လုပ်နေကြောင်း ဖြေကြားခဲ့ပါတယ်။

နောက် သတင်းထောက်တစ်ဦးရဲ့ မေးခွန်းကတော့ ၂ဝဝ၈ ဖွဲ့စည်ပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပါတယ်။

“၂ဝဝ၈ ဖွဲ့စည်ပုံအခြေခံဥပဒေပြင်ဆင်ရေးကို ကျနော် ဘယ်ပုံဘယ်နည်းများနဲ့ ပြင်ပါတယ်ဆိုတာ ပြည်သူတွေကို မထိခိုက် တဲ့၊ ပြည်သူတွေ ပွန်းပဲ့မှုအနည်းဆုံးဖြစ်နိုင်တဲ့ ကျနော်တို့ရဲ့ မူဝါဒဖြစ်တဲ့ ကျနော်တို့တတွေဟာ တည်ငြိမ်အေးချမ်းစွာ နဲ့ နော် ကျနော်တို့ နိုင်ငံရေးလမ်းကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းခြင်းဆိုတဲ့ နည်းလမ်းကိုပဲ သုံးမှာဖြစ်ပါတယ်၊ အဲဒီတော့ ဒီနေ့ ကျနော်တို့ ငြိမ်းချမ်းရေးဆွေးနွေးနေတာမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်တဲ့ဟာတွေ ပါပါတယ်၊ အဲဒီတော့ ကျနော်တို့ ဒီငြိမ်းချမ်းရေးညီလာခံကြီးကနေ ချမှတ်လာမယ့် မူတွေပေါ်မှာ မူတည်ပြီးလို့ရှိရင် ပြည်ထောင်စုလွှတ်တော်က နေပြီးတော့ ပြည်ထောင်စုအစိုးရဆိုတာ သဘောတူညီပြီးလို့ရှိရင် အဲဒီမှာ အခြေခံဥပဒေပြင်ဆင်ရေးဆိုတာ ပါပါတယ်။” လို့ ဒေါက်တာ ဇော်မြင့်မောင်က ပြန်လည်ဖြေကြားခဲ့တာတွေ့ရတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ငြိမ်းချမ်းရေး ရရှိရေးအတွက်လည်း ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ကြောင်း၊ ပြိမ်းချမ်းရေးဆွေးနွေးပွဲမှာပါတဲ့ ပြည်ထောင်စု သဘောတူညီမှုဆိုတာကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးရင် ဖွဲစည်းပုံပြင်မှာ ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံကတော့ ပြင်ကို ပြင်ရမှာ ဖြစ်ပါကြောင်း၊ ဒေါက်တာ ဇော်မြင့်မောင်က ဆိုပါတယ်။ အဂတိလိုက်စားမှု ကင်းစင်ရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့ကို အလေးထား ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တယ်။

ပြည်သူတွေ စီးပွားရေးလိုအပ်ချက်တွေ ရှိနေတယ်ဆိုတာ သိထားပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြုပြင်ပြောင်းလဲဖို့ လုပ်နေတယ်လို့ ပြောပါတယ်။ ပြည်သူတွေ ဆင်းရဲတွင်းကလွတ်ဖို့ လုပ်ဆောင်နေတာတွေရှိသလို မြေယာမူဝါဒ ချမှတ်ပြီး တောင်သူတွေ သိမ်းဆည်းခံရတဲ့ မြေယာတွေ ပြန်ရရေး ဆောင်ရွက်နေတယ်လို့လည်း ဒေါက်တာ ဇော်မြင့်မောင် က ပြောပါတယ်။ လက်ရှိ အစိုးရအနေနဲ့ ပြည်သူတွေ ဆင်းရဲနေတာ သိပါကြောင်း၊ နိုင်ငံတကာဖိအားတွေ ရှိနေတာလည်း သိပါကြောင်း၊ ပြည်သူ့အကျိုးကို ဆောင်ရွက်ရာမှာ အဆုံးအစဆိုတာ မရှိကြောင်း၊ ပြည်သူတွေအနေနဲ့တော့ အမြဲတမ်း လိုအပ်နေဦးမည်ဖြစ်ကြောင်း၊ ပြည်သတို့လိုအပ်ချက်ကို ဖြည့်ဆည်းမပေးနိုင်သေးသည်ကိုလည်း သိရှိပါကြောင်း၊  တတ်နိုင်သမျှစေတနာသန့်သန့်နဲ့ ပြည်သတို့အတွက် လုပ်ဆောင်နေကြောင်း၊ ကျေနပ်သလားဆိုလျှင် ကျေနပ်မှု မရှိ သေးကြောင်း၊ ယနေ့နိုင်ငံမှာ ငြိမ်းချမ်းရေးရရှိဖို့လိုအပ်နေတာလည်း သိပါကြောင်း၊ ငြိမ်းချမ်းရေးရဖို့ ပါတီရဲ့ဦးစားပေး လုပ်ငန်းအဖြစ် ဇောက်ချလုပ်နေပါကြောင်း၊ အခု ၂ ဖွဲ့တိုးလာကြောင်း၊ နောက်ထပ်အဖွဲ့တွေ တိုးလာအောင်လည်း ကြိုးစားနေကြောင်း၊ ငြိမ်းချမ်းရေးကိစ္စဟာ ဒီမိုရေစီအမြစ်တွယ်ရေးအတွက် အဟန့်အတားဖြစ်နေတာလည်း သိပါကြောင်း၊ ဒါကြောင့် ငြိမ်းချမ်းရေးတည်ဆောက်ရေးအတွက် တွန်းအားဖြစ်ဖို့ ဒီ ညီလာခံကို လုပ်ခြင်းဖြစ်ပါကြောင်း၊ သမ္မတကြီး ပြောခဲ့တဲ့ အဂတိကင်းစင်ရေး မူးယစ်ဆေးကင်းစင်ရေးဆိုတာတွေလည်း လုပ်နေပါကြောင်း၊  စသဖြင့် ဒေါက်တာ ဇော်မြင့်မောင်က ရှင်းလင်းဖြေကြားခဲ့တာတွေ့ရတယ်။

အမှန်တော့ ပြည်သူလူထုက လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအနေနဲ့ဘာတွေလုပ်ဆောင်နေတယ်ဆိုတာ သိချင်နေကြတယ်။ ဒါကြောင့် မီဒီယာတွေကတဆင့် အခုညီလာခံအပြီး မှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမျိုး မကြာမကြာ လုပ်ပေးနိုင်ရင် ပါတီနဲ့ အဖွဲချုပ်အပေါ် ပြည်သူလူထုက ပိုပြီး နားလည် ယုံကြည်လာမှာဖြစ်တယ်။ ညီလာခံ အပြီးမှာ ပြုလုပ်တဲ့ မီဒီယာနဲ့ထိတွေ့ ရှင်းပြမှုမျိုးကို ပြည်နယ်နဲ့တိုင်းအသီးသီးက ဝန်ကြီးချုပ်တွေလည်း အလားတူ သတင်းစာနဲ့ တွေ့ဆုံမှုမျိုး လုပ်သင့်တယ်။ လတ်တလော လူမှုစီးပွားရေးအခက်အခဲတွေကြောင့် ပြည်သူလူထုအတွင်း ဖြစ်ပေါ်နေတဲ့ စိတ်ဖိစီးမှုတွေ လျော့ပါးစေဖို့ အစိုးရကက်ဘိနက်အဖွဲ့ဝင်တွေနဲ့ ဝန်ကြီးချုပ်တွေအနေနဲ့ သတင်းစာရှင်းလင်းပွဲတွေ အခါ အားလျော်စွာ လုပ်ကြဖို့လိုပါတယ်။ ညီလာခံအပြီး သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တွေရဲ့ မူဝါဒပိုင်းဆိုင်ရာ မေးခွန်းတွေကို ဦးဉာဏ်ဝင်း၊ ဒေါက်တာ မျိုးညွန့်နဲ့ဒေါက်တာ ဇော်မြင့်မောင်တို့က အတတ်နိုင်ဆုံး ရှင်းလင်းဖြေကြားခဲ့ ခြင်း ဟာ အတော်အကျိုးရှိတယ်လို့ ဆိုနိုင်တယ်။

မကြာသေးမီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ပြောကြားချက် တချို့ကို သတိပြုကြစေချင်တယ်။ ဖေဖေါ်ဝါရီ ၁၃ ရက်နေ့ မွန်ပြည်သစ်ပါတီ (NMSP) နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ NCA သဘောတူ စာချုပ် လက်မှတ်ရေးထိုးပွဲမှာ - နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က - “ဒီကနေ့ ကျွန်မတို့ပြည်သူတွေအတွက် ကျွန်မတို့နိုင်ငံအတွက် လုပ်ရမယ့် ကိစ္စရပ်တွေ ဖြည့်ဆည်းပေးရမယ့် လုပ်ငန်းစဉ်တွေ အများကြီးရှိနေပါတယ်။ ပြည်သူတွေ ရင်ဆိုင်နေရတဲ့ မပြေလည်မှုတွေကို ပြေလည် စေဖို့ မငြိမ်းချမ်းမှုကနေ ဖြစ်ပေါ်လာတဲ့ စိုးရိမ်ကြောင့်ကြမှုတွေ၊ မတည်မငြိမ်ဖြစ်မှုတွေကို ဖယ်ရှားပေးနိုင်ဖို့သတို့အတွက် သေချာရေရာတဲ့ အနာဂတ်တွေကို ဆောင်ကြဉ်းပေးဖို့ ကျွန်မတို့ ညီညွတ်ကြဖို့ အချိန်တန်နေပါပြီ။ ကျွန်မတို့အချင်းချင်း လက်တွဲလုပ်ကိုင်ခြင်းကပဲ အတိတ်က စခဲ့တဲ့ သံသယနဲ့ မုန်းတီးမှုတွေကို ပြေပျောက်စေနိုင်ပါလိမ့်မယ်။”

“ကမ္ဘာ့အလယ် တင့်တယ်အားကောင်းတဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ထွန်းရေးအတွက်၊ နောင်လာမယ့် မျိုးဆက်တွေ တောက်ပရေးအတွက်၊ ကျွန်မတို့ပြည်သူတွေနဲ့အတူ ကြိုးပမ်းတဲ့နေရာမှာ စေတနာ၊ ပညာ၊ သတ္တိလိုအပ်ပါ တယ်။ နိုင်ငံ့အပေါ်ထားအပ်တဲ့ စေတနာ၊ စေတနာရဲ့အသီးအပွင့်တွေ ဝေဆာစေနိုင်မယ့် ပညာ၊  ပညာရဲ့လမ်းညွှန်မှုအရ လုပ်ရဲတဲ့သတ္တိတွေနဲ့ ရှေ့ငြိမ်းချမ်းရေး၊ နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းတွေကို တာဝန်ကျေစွာ ဆောင်ရွက်သွားကြ ပါစို့လို့ တိုက်တွန်းမေတ္တာရပ်ခံချင်ပါတယ်”  လို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းနှိုးဆော်ခဲ့တာ တွေ့ရတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီးက ချမှတ်လိုက်တဲ့ ရှေ့လုပ်ငန်းစဉ်တွေ အ ကောင်အထည်ဖေါ်ရေးအတွက် ပူပူနွေးနွေး တာဝန်ပေးအပ်ခံရတဲ့ ပါတီဗဟိုကော်မတီဝင်တွေနဲ့ အရံဗဟိုကော်မတီဝင် တွေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖေါ်ပြပါ တိုက်တွန်းနှိုးဆော်ချက်ကို အလေးအနက် သတိပြု လိုက်နာကြဖို့လိုမှာ ဖြစ်ပါတယ်။
The First Weekly Journal - Vol.8; No.339 (29-6-2018) ၌ ဖေါ်ပြသည့် ဆောင်းပါး။

Comments