ကိုသန်းလွင် ● မလေးရှားမှ ခေတ်ဆန်းချိန်

ကိုသန်းလွင် ● မလေးရှားမှ ခေတ်ဆန်းချိန်
(မိုးမခ) ဇွန် ၅၊ ၂ဝ၁၈

လွန်ခဲ့သော လပေါင်းအနည်းမျှအထိ ဝန်ကြီးချုပ် နာဂျစ်ရာဇတ် (Najib Razak) ၏ အစိုးရသည် သန်းပေါင်းများ စွာခြစားထား သည်ဟူသောအမှုနှင့် သပွတ်အူလိုက်နေသည့်တိုင် အာဏာကိုလက်လွှတ်ရဘို့အရေးအထိ မည်သူမျှမတွေးရဲပါ။ သို့သော် မလေးရှားအစိုးရ၏ နိဂုံးသည် လျင်မြန်စွာရောက်လာခဲ့ပါသည်။ အစိုးရပြုတ်ကျသွားခြင်း၊ လုံးဝဥသုံ နိဂုံးချုပ်သွားခြင်းမှာ မြန်ဆန်လွန်းသောကြောင့် အတိုက်အခံများကပင် လွန်စွာအံ့အား သင့်ခဲ့ရပါသည်။

ဆယ်စုနှစ်နီးပါးမျှ အသက် ၆၄ နှစ်ရှိပြီဖြစ်သော နာဂျစ်သည် မလေးရှားနိုင်ငံ၏ တရားစီရင်ရေးဆိုင်ရာနှင့် သူ၏ စည်းစိမ် တို့ကို ခိုင်မြဲစွာ ထိမ်းချုပ်ထားနိုင်ခဲ့ပါသည်။ သူ့ပါတီက မြောက်များစွာသောငွေကြေးကို ပြည်သူပြည်သားများထံ ရွေးကောက် ပွဲနီးချိန်တွင် ဖြန့်ဝေခဲ့ပါသည်။ မီဒီယာများကို ထိမ်းချုပ်ထားပြီး ဂျာနယ်လစ်များကို အသံတိတ်အောင် လုပ်ထားနိုင်ခဲ့ပါသည်။ အတိုက်အခံ နိုင်ငံရေးသမားအများအပြားမှာ ထောင်သို့ပို့ခြင်းခံရပါသည်။

မလေးရှား၏ဒုတိယအကြိမ်မြောက် ဝန်ကြီးချုပ်၏သား တတိယဝန်ကြီးချုပ်၏တူတော်သူမှာ သမ္မတဒေါ်နယ်ထရန့်နှင့်လည်း မိတ်ဆွေဖွဲ့နိုင်ခဲ့ပါသည်။ ၂ဝ၁၄ ခုနှစ်က ဂေါက်အတူရိုက်ခဲ့ပြီး “ခင်မင်လှစွာသော ဝန်ကြီးချုပ်သို့” စာတမ်းပါ ရေခွက်ကို လက်ဆောင်ပေးခဲ့ပါသည်။ အမေရိကန်တရားရေးဌာနက မေးခွန်းများစွာမေးရန်ရှိနေသူကို၊ သို့မဟုတ် ငွေကြေးအမြောက် အများကို အလွဲသုံးစားလုပ်ပါသည်ဟု စွတ်စွဲထားသူကို အိမ်ဖြူတော်တွင် ဧည့်ခံပွဲနှင့်ကြိုဆိုခဲ့သည်။

သို့ပါသော်လည်း မေလ ၉ ရက်နေ့ ရွေးကောက်ပွဲတွင် တခါတုန်းက သူ့ကိုဤနေရာရောက်အောင် တင်ပေးခဲ့သူ အသက် ၉၂ နှစ်အရွယ် ဒေါက်တာမဟာသီယာမူဟာမက်ကို (Dr Mahathir Muhamad) ရှုံးနိမ့်ခဲ့ပါသည်။ မလေးရှားအတိုက်အခံအင်အားစုမှာအစုစုကွဲနေပြီး (ယခုလည်း ကွဲနေဆဲဖြစ်သည်) သူတို့၏တခုတည်းသောတူညီချက်မှာ “နာဂျစ်ပြုတ်ကျရေး” ဖြစ် ပြီး ရွေးကောက်ပွဲဝင်ခဲ့ကြသည်။ နာဂျစ်မှာ မီဒီယာများကို ပိုင်စိုးထားပါလျက် ရွေးကောက်ပွဲတွင် အရှုံးကြီးရှုံးခဲ့ရသည်။

အမေရိကန်မှ စုံစမ်းစစ်ဆေးသူများ၏အဆိုအရ နာဂျစ်၏ရန်ပုံငွေမှ ဇိမ်ခံပစ္စည်းများအတွက် သုံးထားသည်။ ၂၂  ကရက်ရှိ ပန်းရောင်ဘယက်မှာ ၂၇.၃ သန်းမျှတန်ဘိုးရှိပြီး ၎င်း၏ဇနီးသည်အတွက်ဖြစ်သည်။ ဗန်ဂိုး၏ မိုးနတ်ပန်းချီကားမှာ သန်း ၂၂ဝ မျှ ကာလတန်ဘိုးရှိပြီး ပျောက်ဆုံးနေသောငွေမှာ စုစုပေါင်း ၇.၅ ဘီလီယံမျှရှိသည်။

သူ၏မွေးစားသမီးဖြစ်သူ (Ms Arzene Ahmad) မေလ ၁၁ ရက်နေ့က Instagram မှနေ၍ နာဂျစ်နှင့်သူ့ဇနီးတို့အပေါ် စွတ်စွဲ ပြောကြားခဲ့သည်။ သူမ၏ မိခင်ဖြစ်သူ (Mrs Rosmah Mansor) သူမ၏လက်ဝတ် ရတနာများ၊ ဒီဇိုင်းနာ လက်ကိုင်အိတ်များမှာ ဖိလိပိုင်သမ္မတ မားကို့စ်ကတော်၏ဖိနပ်များကို သွားသတိရစေသည်။ “ဤမတရားမှုကြီး အဆုံးသတ်သွားပါပြီ” ဟု ရေးခဲ့ သည်။ နိုင်ငံခြားဘဏ်အကောင့်များနှင့်တွဲချိတ်၍ ပိုက်ဆံကို ခဝါချပုံများကို ဖေါ်ပြခဲ့သည်။ လွန်ခဲ့သော စနေနေ့ (၁၄-မေ-၂ဝ၁၈) နေ့က နာဂျစ်နှင့်သူ့ဇနီးတို့ အင်ဒိုနီးရှားနိုင်ငံသို့ထွက်ခွာရန်ကြိုးစားချိန်တွင် ခရီးသွားလာခွင့်ပိတ်ပင်လိုက်ကြောင်း သိလိုက်ရသည်။

မေလ ၁ဝ ရက်နေ့က ဝန်ကြီးချုပ်သစ်အဖြစ် ကျမ်းကျိမ်ဆိုခဲ့သော ဝန်ကြီးချုပ်မဟာသီယာက နာဂျစ်ကို သူခိုးဟု စွတ်စွဲလိုက် ပြီး ဥပဒေအရ ရင်ဆိုင်ဖြေရှင်းရမည်ဟု ပြောလိုက်သည်။

အမေရိကန်နိုင်ငံ အက်ဘီအိုင်မှ နိုင်ငံတကာငွေးကြေးခဝါချမှု တိုက်ဖျက်ရေးဆိုင်ရာဝန်ခံကလည်း “အခု နာဂျစ်ဟာ ရုံးမရှိ တော့ဘူး။ သူ့ကိုရာဇဝတ်မှုနှင့် တရားစွဲလို့ရပြီ” ဟု ဆိုလိုက်သည်။ အမေရိကန်တရားရေးဌာနက သူပြုခဲ့သော ပြစ်မှုများ အတွက် သူ့နောက်ကိုလိုက်ရန် အဆင်သင့်ရှိနေပြီးဖြစ်သည်။

နာဂျစ်က တွစ်တာအကောင့်မှနေ၍ မလေးရှားပြည်သူများကို တောင်းပန်ခဲ့ရာ “ကျွန်တော့်ချို့ယွင်းချက်နဲ့ အမှားတွေအတွက် တောင်ပန်ကြောင်း၊ မလေးရှားနိုင်ငံနဲ့ ပြည်သူတွေအတွက် သူ့ရင်ထဲမှာ အကောင်းဆုံး မျှော်မှန်းချက်နဲ့ အလုပ်လုပ်ခဲ့ပါတယ်” ဟုဆိုသည်။ သူဦးဆောင်ခဲ့သောပါတီ UMNO-United Malay National Organization အဖွဲ့သည် နာဂျစ်နှင့်အတူပါသွားဘွယ်ရှိနေသည်။

သူ၏ UMNO သည် တက်လာခါစက ရည်ရွယ်ချက်များကောင်းမွန်ခဲ့ပါသည်။ မလေးလူမျိုးစု ကောင်းစားရေးကို ဦးတည်ခဲ့ပါ သည်။ နာဂျစ်မှာ အင်္ဂလိပ် (Elite School) တွင်ပညာသင်ခဲ့ပြီး အင်္ဂလိပ်အသံထွက်ကောင်းမွန်သည်။ အဝတ်အစားကို သပ်သပ်ရပ်ရပ် ဝတ်ဆင်တတ်သည်။ သူ့ဆရာ မဟာသီယာကဲ့သို့ မလေးလူမျိုးအခြေခံမရှိဘဲ မလေးစကားကို ပြောတတ် ဖို့ပင် သူ့အတွက် အခက်အခဲရှိသည်။ သို့သော်လည်း ဖခင်ဝန်ကြီးချုပ်က သူ့နိုင်ငံရေးလမ်းကြောင်းကို ပြင်ဆင်ပေးသွား ပြီးဖြစ်သည်။ နာဂျစ်အဖို့ မလေးနိုင်ငံအုပ်ချုပ်ဖို့သည် သူ၏မွေးရာပါအခွင့်ရေးတရပ်လို ဖြစ်နေသည်။ လူထု၏ယုံကြည်မှုကို ရရှိရန် ထိုယုံကြည်မှုကို ထိန်းသိမ်းထားနိုင်ရန် အလုပ်လုပ်ပ်ဖို့လိုသည်ဆိုခြင်းကို သိနားလည်ဟန်မရှိချေ၊ သူ့စိတ်ထဲမှ မလေးရှားနှင့် အပြင်မှ အစစ်အမှန်မလေးရှားသည် မတူညီဘဲ ကွဲပြားနေခဲ့သည်။

သူသည် ဝန်ကြီးချုပ်မဖြစ်မီ ၂ဝဝ၆ ခုနှစ်အချိန်ကတည်းက နာမည်ပျက်ခဲ့ပြီးဖြစ်သည်။ သူလက်ထောက် သူ၏ အကြံပေးဖြစ် သူ မစ္စတာဘာဂျင်ဒါ (Mr Razak Baginda) တွင် မွန်ဂိုလီးယားမော်ဒယ်တဦး တိတ်တိတ်ပုံးမယားရှိခဲ့ပြီး သူမသည် မလေး ရှားစစ်တပ်သုံးယမ်းဘီလူးများဖြင့် လုပ်ကြံခံရသည်။ နာဂျစ်၏သက်တော်စောင့် ၂ ဦးမှာ ထိုမော်ဒယ်သေဆုံးမှုဖြင့် ပြစ် ဒဏ်ပေးခြင်းခံခဲ့ရပြီး ဖြစ်သည်။ နာဂျစ်ကာကွယ်ရေးဝန်ကြီးဘဝက ပြင်သစ်နိုင်ငံမှ ရေငုပ်သဘောင်္ဝယ်ရာတွင် ဒေါ်လာသန်း ၁၃ဝ ကျော် လာဘ်၍ယူခဲ့သည်ဟူသောသတင်း ထွက်ပေါ်လာသောကြောင့် ပြင်သစ်စစ်ဆေးသူများက ယခုတိုင်နာဂျစ်ကို မေးခွန်းထုတ်လိုကြသည်။ မွန်ဂိုလီးယားမော်ဒယ်က (Ms Shaariibuu Altantuya, 28) ဤရောင်းဝယ်မှုမှ ကော်မရှင်အဖြစ် ဒေါ်လာသန်းတဝက် ကျော်မျှရထိုက်သည်ဟု ပြောဆိုချက်များရှိခဲ့သည်။ ယခုအခါ မွန်ဂိုးလီးယားသမ္မတက ဤအမှုကို ပြန် လည်စစ်ဆေးရန် ဝန်ကြီးချုပ်သစ်ကို တိုက်တွန်းထားသည်။

တိုင်းပြည်တွင် အကြီးမားဆုံးငွေကြေးအရှုပ်တော်ပုံအနေဖြင့် ၂ဝ၁၅ ခုနှစ်တွင် 1MDB မှငွေဘီလီယံချီပြီး အလွဲသုံးစားလုပ် ခဲ့သည်။ အတိုက်အခံနှင့် သံသယဝင်သော ဂျာနယ်လစ်များ၏မေးခွန်းထုတ်ရာမှ စတင်ခဲ့သည်။ မစ္စတာနာဂျစ်က ဤရန်ပုံငွေ ကို ထိမ်းသိမ်းစောင့်ရှောက်နေပြီး ၂ဝဝ၉ ခုနှစ်မှစတင်ခါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုငွေများ၊ နိုင်ငံတကာငွေကြေး ပရောဂျက် များတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် တိုးပွားအောင် လုပ်ယူရန်ဖြစ်သည်။

၂ဝ၁၆ ခုနှစ်တွင် အမေရိကန်တရာေးရးဌာနက နာဂျစ်ကိုရည်ရွယ်လျက် မလေးရှားအရာရှိ (၁) မှ ရန်ပုံငွေမှ ၇၃၁ သန်းမှ ထုတ်ယူသည်ဟု စွတ်စွဲခဲ့သည်။ တရားရေးဌာနကရှင်းပြချက်များတွင် ရန်ပုံငွေစုစုပေါင်း ၄.၅ ဘီလီယံမျှ အမေရိကန်ဘဏ် အကောင့် များမှတဆင့် ငွေကြေးခဝါချမှုများပြုလုပ်သည်ဟု ဆိုထားသည်။ ထိုငွေများမှ ၂၅ဝ သန်းသည် မွေးစားသား မစ္စတာ အဇစ် (Riza Aziz) ၏မိတ်ဆွေဖြစ်သည့် မစ္စတာလိုး (Jho Low)  မှတဆင့် ကြီးမားသော  ဟယ်လီကော်ပတာ ဆင်းနိုင်သော လှေကြီး (Yatch) ကို ဝယ်ယူခဲ့သည်။ မစ္စတာလိုးမှတဆင့် ရုပ်ရှင်မင်းသား (Leonards Dicaprio) အတွက် ၃.၂ သန်းတန် ပီကာဘို၏ပန်းချီကားကို မွေးနေ့လက်ဆောင်ပေးခဲ့သည်။ သြစတြေးလျမော်ဒယ်တဦးကို ဒေါ်လာ ၈ သန်း တန်ဘိုးရှိသော လက်ဝတ်ရတနာများလက်ဆောင်ပေးခဲ့သည်ဟု ဆိုသည်။ (နှစ်ဦးလုံးက ထိုလက်ဆောင်များကို ပြန်ပေးပြီး ပါပြီ)

မစ္စတာနာဂျစ်ကသူ၏ကိုယ်ပိုင်ဘဏ်အကောင့်ထဲသို့ထည့်ခဲ့သော ဒေါ်လာ ၆၈၁ သန်းမှာ ဆော်ဒီအာရေးဗီးယားမှ လက် ဆောင်ရသည်ဟုဆိုသည်။ မလေးရှားရှေ့နေချုပ်က လိုအပ်ချက်များကိုပြင်ဆင်ပြီး နာဂျစ်ကိုအရေးယူရန် ပြင်ဆင်နေချိန်တွင် ထိုရှေ့နေချုပ်မှာရာထူးမှ ဖြုတ်ချခံခဲ့ရသည်။ ထို့နောက်မှ မလေရှားအစိုးရမှ ထိုကိစ္စကိုအရေးယူခဲ့ပြီး နာဂျစ်သည် အမှားမပြု လုပ်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

တချို့ကလည်း ဤမျှမြောက်များစွာသော ငွေများကို မိမိ၏ကိုယ်ပိုင်အကောင့်ထဲသို့ ထည့်သွင်းရန်ထက် မိုက်မဲ သောလုပ်ရပ် မျိုးမရှိဟု ဆိုသည်။ အမှန်စင်စစ်မှာ မခန့်လေးစား ဂရုမစိုက်ဘဲ လုပ်လိုက်ခြင်းပင်ဖြစ်သည်။

နာဂျစ်က ပြဿနာများဝိုင်းဝိုင်းလည်နေသောအခါ အသုံးအဖြုန်းကြီးသောမိန်းမဖြစ်သူကို အပြစ်တင်တတ်သည် လေယာဉ် စင်းလုံးငှားပြီး ဥရောပနှင့်သြစတေးလျ သို့ဈေးဝယ်ထွက်ခြင်းမျိုးရှိခဲ့သည်။ Hermes Birkin လက်ကိုင်အိတ် ဝယ်ယူစုဆောင်း မှုမှာ ဒေါ်လာ ၁ဝ သန်းဘိုးမျှရှိမည်။ နာဂျစ်က အသက် ၂၆ နှစ်နှင့်အောက် မလေးရှားလူငယ်များကို သူ့အာဏာကိုဆက် လက်ကိုင်ထားနိုင်လျင်  Tax မကောက်ပါဟု ကတိပေးခဲ့သည်။ မလေးလူမျိုးများကို လစာတိုးမြှင့်ရေးကိုလည်း ကတိပေးခဲ့ သည်။

ဤသို့ဖြင့်မလေးရှားမှ သံမဏိဖြင့်တည်ဆောက်ထားသည် (Man Of Steel) ဆိုသော ဝန်ကြီးချုပ်ကြီးမှာ မတရားမှုများ အပြီးသတ်နိဂုံးချုပ်သည့်ဘဝသို့ ရောက်ခဲ့ရပါသည်။

ကိုသန်းလွင်
Ref: The Fall of Malaysia’s Man Of Steel by Hanna Beech New Yrork Times May 18 2018

Comments