မိုက်ခဲစိန် - ကမ္ဘာ့လူဆိုးတွေ ဗိုလ်လုပွဲမှာ ပြည်သူတွေသာ ရှုံးကြတာပါ



မိုက်ခဲစိန် - ကမ္ဘာ့လူဆိုးတွေ ဗိုလ်လုပွဲမှာ ပြည်သူတွေသာ ရှုံးကြတာပါ
(မိုးမခ) ဇွန် ၁၃၊ ၂၀၁၈

ဒေါ်နယ်ထရန့်ကြီးနဲ့ မြောက်ပိုင်းသား ကင်ဂျုံအံတို့ စင်ကာပူမှာ ထိပ်သီးချင်းတွေ့ကြတော့ သတင်းစာတွေထဲမှာကော လူတွေကြားမှာပါ သောင်းသောင်းဖျဖျ သြဘာပေးကြတယ် ကြားတယ်။ စစ်တိုက်တယ်ဆိုတာ လွယ်ပါတယ်၊ ငြိမ်းချမ်းရေးရအောင်လုပ်ဖို့ ခက်တာ၊ အခု ငါကိုယ်တော်မြတ် လုပ်ပြလိုက်ပြီလို့ ဒေါ်နယ်ထရန့်က ကြွေးကြော်ပါတယ်။ ကင်ဂျူံအံကတော့ အတိတ်ကို ပြည်ဖုံးကားချလိုက်ပြီ၊ သမိုင်းစာမျက်နှာသစ် ဖွင့်လှစ်လိုက်ပြီလို့ တွန်ကျူးလိုက်ပါသတဲ့။ ကိုရီးယားကျွန်းဆွယ်မှာ နယူကလီးယားကင်းစင်ရေး၊ မြောက်ကိုရီးယာပြည် ငြိမ်းချမ်းသာယာ ကြီးပွားတိုးတက်ရေးကို ၀ိုင်းဝန်းဆောင်ရွက်ကြမယ်လို့ ၂ဘက်စလုံးက ဂတိပြုလိုက်ကြပါသတဲ့။ ကမ္ဘာကြီးက မိုးလုံးညံအောင် သာဓု သာဓု သာဓု ၀ိုင်းခေါ်ကြတယ်တဲ့။ ဇာတ်ထဲကလို ဇာတ်တော်ကို ပေါင်းသော် သတ္တ၀ါတို့ အကျွတ်တရားရကြကုန်၏လို့ ရေးရတော့မလိုလို ကမ္ဘာနိုင်ငံရေးဇာတ်ခုံကြီးမှာ ကပြတဲ့ လူပြိန်းတွေအတွက် ဒရာမာဇာတ် လူကြိုက်များချက် ပြောပါတယ်။

သေချာစဉ်းစားကြည့်ရင် ဘ၀တလျောက်လုံး သမိုင်းတလျောက်လုံးမှာ အာဏာရှင်အဖြစ် သားစဉ်မျိုးဆက် ခံစားသူ ကင်ဂျူံအံ၊ အတိုက်အခံတွေ ပြည်သူတွေကို ဖိနှိပ် သတ်ဖြတ် ချေမှုန်းသူ၊ နယူလက်နက်တွေ ဒုံးကျည်တွေချည်း တောက်လျောက် တိုးတက်ထွန်းကားအောင်လုပ်ပြီး လက်နက်အားကိုး အိမ်နီးချင်းတွေကို ခြိမ်းခြောက်သူ၊ ပြည်သူတွေရဲ့ အခွင့်အရေးကို ပိတ်ပင် တားဆီးထားသူ၊ အာဏာရှင်တဦးက စိတ်ရူးတွေ စိတ်ကူးတွေပေါက်ပြီး ကမ္ဘာဇာတ်ခုံပေါ်တက်ပြီး မင်းသားဇာတ်ခင်းပြတာကို ယုံရမှာ ခက်ခက်ပါ။ သူ့အဖေတွေ သူ့အဖိုးတွေ တောက်လျောက်လည်း စိတ်ကူးပေါက်ရင် ပေါက်သလို အနောက်နိုင်ငံက ခေါင်းဆောင်တွေ ထင်ရှားသူတွေနဲ့ ထွက်ထွက်တွေ့ပြီး ဓာတ်ပုံရိုက်လိုက် မိန့်ခွန်းတွေပြောလိုက် နောက်တော့ စင်နောက်ထဲဝင်ပြီး လူမိုက်စကားပြန်ပြော၊ ပြည်သူတွေကို နှိပ်စက်၊ ဟိန်းဟောက် ခြိမ်းခြောက်နေပြန်တာ သမိုင်းအစဉ်အလာနဲ့ပါ။

ဒေါ်နယ်ထရန့်ဆိုတဲ့လူဆိုတာကလည်း ကင်ဂျုံအံနဲ့ မတွေ့ခင် မဟာမိတ်ဂျီဆဲဗင်းကို ကနေဒါထိပ်သီးညီလာခံမှာ မခြေမငံတွေ ပြော၊ အိမ်ရှင်ကို ငကြောက်ကြီးလို့ စွပ်စွဲ၊ အစည်းအဝေးကို နောက်ကျမှ ရောက်၊ ပြီးတော့ အစောဆုံးပြန်ထွက်သွားတဲ့ အာဏာရှင်ဆန်ဆန် ပြုမူခဲ့သူပါ။ ယခင်အစိုးရက လုပ်ခဲ့တဲ့ အီရန်နယူထိန်းချုပ်ရေးစာချုပ်ကို ခြေနဲ့ဖျက်၊ ဥရောပမဟာမိတ်တွေကို ခြိမ်းခြောက်၊ သူများလုပ်တာတွေက အလုပ်မဟုတ်ဘူး၊ သူကိုယ်တိုင်လုပ်မှ အကုန်ကောင်းမှာလို့ ပါးစပ်ကနေ အထိန်းအကွပ်မဲ့ ပြောသူ။ အမေရိကန် မဟာမိတ် ကွန်သွယ်ဖက်၊ ဒီမိုကရေစီနိုင်ငံရေးမိတ်ဖက်တွေ အားလုံးကို ကျောခိုင်းပြီး ဒီကောင်တွေက အမေရိကန်ကို ဆော်နေတာ အလကားကောင်တွေလို့ ရန်စပြီးတော့ ပြည်ပက သမိုင်းအစဉ်အလာနဲ့ အာဏာရှင်နိုင်ငံတွေ ဖြစ်တဲ့ ရုရှားတို့၊ တရုတ်ပြည်တို့၊ မြောက်ကိုရီးယား ခေါင်းဆောင်တွေနဲ့မှ စကားပြောရ ဆက်ဆံရ အလုပ်လုပ်ရ အဆင်ပြေတယ်၊ ကောင်းတယ်ဆိုပြီး လမ်းပြောင်းပြန် လျောက်ပြနေသူ ဖြစ်ပါတယ်။

ကမ္ဘာပေါ်က ဒီမိုကရေစီ၊ ရွေးကောက်ပွဲ၊ အခြေခံဥပဒေ၊ တရားဥပဒေ၊ စာချုပ်စည်းမျဉ်း၊ မဟာမိတ်၊ သဘောတူညီချက်၊ လူကြီးလူကောင်းဖြစ်မှု၊ မီဒီယာ၊ ယဉ်ကျေးမှု၊ ပြည်သူလူထု၊ သမိုင်းအစဉ်အလာဆိုတဲ့ ထိန်းသိမ်း စောင့်ရှောက်အပ်တဲ့ လောကပါလတွေကို ကိုယ်ကျိုးစီးပွားသက်သက် အတ္တအကျိုးအသက်သက်တွေပဲ ကြည့်ပြီး ပစ်ပယ်တာ၊ ပြောချင်တာ ပြော၊ လုပ်ချင်တာ လုပ်တယ်ဆိုတာ အာဏာရှင်တွေ လူဆိုးလူမိုက်တွေပဲ ရှိပါတယ်။ အခုဟာက အာဏာရှင်တွေ အချင်းချင်း၊ လူဆိုးဗိုလ် ဂိုဏ်းချုပ်ကြီးတွေအချင်းချင်း ဗိုလ်လုကြတာ၊ အမိုက်ပြိုင်ကြတဲ့ ပွဲနဲ့ ပိုတူတယ်။ လူလိမ္မာတွေ ပညာရှိတွေကို ဈေးထဲက ငါးစိမ်းသည်များ ရန်ဖြစ် ဆဲရေး တိုင်းထွာသလို လူမိုက်တွေက လူဆိုးတွေက တုန့်ပြန်ကြလေ့ရှိပါတယ်။ သည်လိုမျိုးနဲ့ လောကပါလတရားတွေကို ဆိတ်သုဉ်းအောင် ပါးစပ်ပိတ်အောင် လုပ်ကြလေ့ရှိပါတယ်။ သူများတွေ ပြန်မပြောရဲအောင် ချေဖျက်နင်းခြေပြီးမှ လူဆိုးဗိုလ်တွေက အောင်ပွဲခံတာ ပြောချင်တာ ပြော ဆိုချင်တာ ဆိုကြတာတွေ အခု ကမ္ဘာနိုင်ငံရေးစင်မြင့်မှာ မြင်နေရတယ်လို့သာ ဆိုချင်ပါတော့တယ်။

သူတို့ ၂ဦးတည်း စကားပြန်ဘေးထားပြီး ကန့်လန့်ကာနောက်ကွယ်မှာ ထိပ်သီးချင်း စကားပြောကြတယ်လို့ ဆိုပါတယ်။ ထရန့်က သူ့အိုင်ပက်ထဲက ကာတွန်းကား (မြောက်ကိုရီးယား ပြည်တော်သာခဲ့သော် ဆိုတဲ့ ကွန်ပြူတာအက်ဖက်တွေနဲ့ ဖန်တီးထားတဲ့ စိတ်ကူးယဉ် ရုပ်ရှင်ကား) ကို ဖွင့်ပြတယ် ပြောတာပဲ။ ဟိုက ဒစ္စနီလင်းတို့ ယူနီဗာစယ်စတူဒီယိုတို့ ဘုရားပွဲတို့ ဆပ်ကပ်တို့ သိပ်ကြိုက်တဲ့ ကင်ဂျူံအံ ဆိုတော့ တခါတည်း ရွှေဘောတော် ခွေ့သွားတယ် ဆိုပဲ။ ဒီလိုနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အောင်သွားတယ် ဆိုပါတယ်။ ထရန့်က သတင်းစာရှင်းလင်းပွဲမှာ မဟာမိတ်တောင်ကိုရီးယားနဲ့ နှစ်စဉ်လေ့ကျင့်နေကျ စစ်ရေးလေ့ကျင်တာတွေ ရပ်ဆိုင်းလိုက်တော့မယ်လို့ မဟာမိတ်တွေ သဘောထားမတောင်းဘဲ သူ့ဖာသာသူ ကြေညာလိုက်ပါတယ်။ အိမ်နီးချင်းတည်ငြိမ်ရေးအတွက် ဆွေးနွေးခဲ့ပါလို့ တောင်းပန်ထားတဲ့ မဟာမိတ်ဂျပန်ကြီးလည်း မျက်ဖြူဆိုက်တော့တာပဲ။ အဲသည်မှာ အပြုံးပန်းတွေဝေနေသူက ပြိုင်ဘက် တရုတ်ပြည်ကြီးပါ။ ဆန်ရှင်တွေ လျော့ချရမယ် စီးပွားရေး အခွင့်အလမ်းတွေ ဖွင့်ရမယ်လို့ အစက ငါမပြောလားလို့ သူက ဂုဏ်ယူ ၀င့်ကြွားပါတယ်။ သည်တခါ ထရန့် တရုတ်စကားနားထောင်တယ်လို့ ကျူးရင့်ပါတယ်။ တရုတ်နဲ့ မြောက်ကိုရီးယားနယ်စပ်က မြေဈေး အိမ်ဈေးတွေဆိုတာ ထရန့်ထိပ်သီးမတိုင်ခင်ကတည်းက ဈေးတွေ တက်နှင့်နေပါပြီ။ မြောက်ပိုင်းသားတွေနဲ့ အလုပ်ဖြစ်တော့မယ် ဆိုပြီးတော့ပါ။ နိုင်ငံတကာအဖွဲ့အစည်းတွေက တစာစာ တောင်းဆိုနေကြတဲ့ မြောက်ပိုင်းသားပြည်သူတွေ ဘ၀ လွတ်မြောက်ဖို့၊ အခွင့်အရေးတွေ အာမခံချက်ရှိဖို့၊ အကျဉ်းသားတွေ လွတ်မြောက်ဖို့ဆိုတာ ဘာသံလေးတောင်မှ ထွက်တာ မကြားလိုက်ရပါ။ ပြည်သူတွေ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ရှိဖို့အရေးထက် ကင်ဂျုံအံဖာသာ သူ့ကြမ္မာ သူဖန်တီးခွင့်ကို ၀ိုင်းပြီး အတည်ပြုပေးလိုက်တာမို့ သူတို့ပြည်သူတွေဟာ ကံဂျုံအံ အာဏာရှင်ကြီးလက်ခုပ်ထဲက ရေတွေလို ဆက်ဖြစ်နေဦးမယ်လို့ ထရန့်က လက်သင့်ခံပေးလိုက်တာနဲ့ တူပါတယ်။

လူဆိုးဗိုလ်တွေ ဂိုဏ်းချုပ်တွေ ညီညွတ်သွားရင် ပြည်သူတွေက မြေစာပင်ဖြစ်ကြတော့တာ ဓမ္မတာပါ။ သူတို့အချင်းချင်း မိုက်ကြေးခွဲ၊ သဘောတူညီချက်တွေ သူတို့ဖာသာ ချပြီးတာနဲ့ သူတို့ လက်ဝေခံ ပြည်သူတွေဟာ သူတို့လက်ထဲမှာ မှောက်ချင်တိုင်း မှောက် လှန်ချင်တိုင်း လှန်နိုင်ပြီပေါ့။ ဒီလူဆိုးဂိုဏ်း နှိပ်စက်လို့ တခြားလူဆိုးဂိုဏ်းနယ်မြေထဲ ထွက်ပြေးလို့ လည်း ချမ်းသာရာရတော့မည် မဟုတ်ပါ။ ဟိုဂိုဏ်း က ဖမ်းပြီး ဒီဘက်ဂိုဏ်းကို ပြန်လွှဲပေးကြဦးမှာ။ မြောက်ကိုရီးယားအာဏာရှင်ကို တော်လှန်ခဲ့ကြသူ ကျောမွဲတွေဟာ ပြေးစရာ မြေမရှိ၊ ခိုစရာ အရိပ်မရှိဖြစ်ကြရမှာ သေချာပါတယ်။ တရုတ်ပြည်ကလည်း လက်ခံမှာ မဟုတ်သလို အခြားတိုင်းပြည်တွေကလည်း သူတို့အာဏာရှင်ကြီးက အစိုးရအချင်းချင်း ရန်မလိုဘဲ အလုပ်တွေ လုပ်ကြတော့မယ်ဆိုရင် ကင်ဂျူံအံ ညိုညင်စေမယ့်အလုပ်တွေ ဘယ်လုပ်ပါတော့မလဲ။

ကျနော်တို့တွေကတော့ ထုံးစံအတိုင်း လက်နက်မဲ့ အာဏာမဲ့ အရင်းမဲ့တဲ့ ပြည်သူတွေအချင်းချင်း ဆက်လက်ပြီး ကျေချင်းကပ်နေကြဖို့ပဲ ရှိပါတော့တယ်။ အာဏာရှင်ကြီးတွေ လူဆိုးဂိုဏ်းချုပ်ကြီးတွေအချင်းချင်း စင်ထိုးပြီး ကကြခုန်ကြတဲ့အခါ စင်အောက်ကနေ တမော့မော့နဲ့ ဆက်အချိန်ကုန် မနေကြဖို့သာ လိုပါတယ်။ ပြီးတော့လည်း သည်လိုပဲ အာဏာရှင်တွေဟာ သူ့ဇာတ် သူသိမ်းကြရဦးမှာပါ။

Comments