မျိုးတေဇာမောင် ● Milk


မျိုးတေဇာမောင် ● Milk
(မိုးမခ) ဇွန် ၂၇၊ ၂၀၁၈

ဗမာလိုနွားနို့လို့ အဓိပ္ပါယ်ရပေမယ့်
Milk ဟာ လူစစ်စစ်တယောက်ဖြစ်တယ်
တိတိကျကျပြောရရင် Milk ဟာ
အမေရိကန်ယောက်ျားတယောက်
ဒီထက်ပိုပြီးတိတိကျကျပြောရရင် Milk ဟာ
အမေရိကန်ဂေးတယောက်
ဘုရားသခင်ရဲ့ ဖန်ဆင်းမှုမှာ
လူသားအားလုံးအတူတူ
အဲ့ဒီလို Milk က ယုံကြည်တယ်
Milk ဟာ ဂေးတယောက်၊
ဂေးဘ၀ကို Milk ယုံကြည်တယ်၊ စွဲမက်တယ်
Milk ဟာ နွားနို့လို မဖြူစင်ဘူး
ဒါပေမယ့် လူနည်းစု အတွက်
မျှော်လင့်ချက် အာဟာရဖြစ်တယ်
"ကျွန်တော် နာမည် ဟာဗီးလ် မစ်ခ်
ကျွန်တော် ဒီမှာ ခင်ဗျားတို့အားလုံးကိုစုစည်းပြီး
ဂေးအခွင့်အရေးတိုက်ပွဲဝင်ဖို့ရောက်လာတာ"
ကက်စထရိုလမ်း
ထင်းရူးသားဆပ်ပြာ သေတ္တာပေါ်မှာ
စခဲ့တဲ့ဇတ်လမ်းဟာ
မြို့တော်ခန်းမ လှေခါးထစ်တွေ ပေါ်အထိ
ရောက်ခဲ့တယ်
ဟော့ဒီ လွတ်လပ်တဲ့နိုင်ငံမှာ
လွတ်လွတ်လပ်လပ် အလုပ်လုပ်ခွင့်
ပထမအကြိမ်ရှုံးနိမ့်ခြင်း၊ ဒါဟာ ရှုံးတာမဟုတ်ဘူး
ဂေးတွေကိုစုစည်းပေးလိုက်တာ
ဆန်ဖရန်စစ္စကိုလမ်းတွေပေါ်မှာ
တနိုင်ငံလုံးဆိုင်ရာ ဂေးတပ်ပေါင်းစုချီတက်ပွဲ
လေဘာတီရုပ်တုအောက်ခြေက
ထွင်းထားတဲ့စာသား Milk ရွတ်ပြတယ်
အမေရိကန်လွတ်လပ်ရေးကြေငြာစာတမ်းစာသား
Milk ဖတ်ပြတယ်
အမေရိကကို လိင်တူဆက်ဆံမှုလက်ခံလာဖို့
Milk မတောင်းဆိုဘူး
လိင်တူဆက်ဆံသူတွေရဲ့ အခွင့်အရေးကို
Milk တောင်းဆိုတယ်
မှားသလား၊ မှန်သလား
ကာလတရားကသာ ဆုံးဖြတ်လိမ့်မယ်
လူနည်းစုတစ်ခုရဲ့ အောင်ပွဲဟာ
တခြားလူနည်းစုတွေအတွက်မျှော်လင့်ချက်
ချစ်တတ်ပေမယ့် အခြားသောချစ်ခြင်း
မုန်းတတ်ပေမယ့် အခြားသောအမုန်းတရား
ဒေါသဆိုပေမယ့် အခြားသောဒေါသ
ရှင်သန်ခြင်းဟာ
ဂေးတစ်ယောက်အတွက်ပြည့်ဝတဲ့ အခွင့်အရေး
မဟုတ်ခဲ့ပေမယ့်
သေခြင်းတရားကတော့ အတူတူပဲ
"အခြားသော" တွေအပေါ် မကြည်လင်တဲ့
ကျည်ဆံတတောင့်
Milk ဆီ ... ဦးတည်၊
ဗမာလို နွားနို့လို့ အဓိပ္ပါယ်ရပေမယ့်
Milk ဟာ လူသားစစ်စစ်၊ သိပ်သေချာခဲ့ပါတယ်။

မျိုးတေဇာမောင်
(၂၀၁၂)

Milk ရုပ်ရှင်ဇတ်ကားကို ခံစားရေးဖွဲ့ပါတယ်။

Comments