ရန်ကုန်ဆေးရုံကြီးမှ ပျံကျဈေးသည်နှင့် အထွေထွေပြဿနာများရှင်းလင်းရေးစီမံချက်ရေးဆွဲနေ

ရန်ကုန်ဆေးရုံကြီးမှ ပျံကျဈေးသည်နှင့် အထွေထွေပြဿနာများ ရှင်းလင်းရေးစီမံချက်ရေးဆွဲနေ
အောင်ငြိမ်းချမ်းနှင့် ဝင်းနန္ဒာ (Myanmar Now)
(မိုးမခ) ဇူလိုင် ၂၄၊ ၂၀၁၈

ဆေးရုံကြီးအတွင်းသောင်းကျန်းနေသည့် လူနာပွဲစားများ၊ အလစ်သုတ်သမားများ၊ လောင်းကစားဝိုင်းများနှင့် စည်းကမ်းမဲ့ ဈေးသည်များအား စီမံချက်ချရှင်းလင်းတော့မည်ဖြစ်သည်။

(ရန်ကုန်) - စည်းကမ်းမဲ့ရောင်းချနေသည့် ပျံကျဈေးသည်များအရေးအပါအ၀င် ရန်ကုန်ဆေးရုံကြီးအတွင်း ဖြစ်ပွားနေသည့် အထွေထွေပြဿနာများအားဖြေရှင်းရန် အသေးစိတ်စီမံချက်တစ်ခုရေးဆွဲနေကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ဒေါက်တာခင်မောင်ကြီးကပြောသည်။

ဆေးရုံအုပ်ချုပ်ရေးအဖွဲ့နှင့် တိုင်းဒေသကြီးအဆင့် အစိုးရ၀န်ကြီးများ ပါဝင်ရေးဆွဲမည့် အဆိုပါ စီမံချက်သည် ဆေးရုံကြီးအတွင်းသောင်းကျန်းနေသည့် လူနာပွဲစားများ၊ အလစ်သုတ်သမားများ၊ လောင်းကစားဝိုင်းများနှင့် စည်းကမ်းမဲ့ဈေးသည်များ အပါအ၀င် လူနာနှင့်ဆေးဘက်ဆိုင်ရာဝန်ထမ်းများ အားအနှောင့်အယှက်ပေးသူ များကိုပစ်မှတ်ထားနှိမ်နှင်းရန်ရည်ရွယ်ခြင်းဖြစ်သည်။

“စီမံချက်အတည်ဖြစ်တဲ့အခါကျတော့ ကျွန်မတို့ အသေးစိတ်ပြောပါမယ် အခုတော့ ပြောလို့မရသေးပါဘူး” ဟု ဆေးရုံအုပ် ဒေါက်တာခင်သိင်္ဂီမြင့်က ပြောသည်။

ရန်ကုန်မြို့လည်ရှိ ကုတင် ၂၀၀၀ ဆန့်ဆေးရုံကြီးအတွင်း ထိန်းမနိုင်သိမ်းမရဖြစ်နေသည့် ဈေးသည်များနှင့် ပျံကျနေထိုင် သူများအရေး ဆေးရုံတာဝန်ရှိသူများ သတင်းထောက်များအား ဇူလိုင် ၃ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့အပြီး အဆိုပါစီမံချက် ရေးဆွဲရန် အစိုးရဘက်က အာရုံစိုက်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့်လအတွင်းက ရန်ကုန်ဆေးရုံကြီးဝန်း၊ အထွေထွေကုသဆောင် (၁) အနီးတွင် ပျံကျဈေးသည်များအကြား ခိုက်ရန်ဖြစ်ပွားရိုက်နှက်နေကြသည့် ရုပ်သံဖိုင်တစ်ခု လူမှုကွန်ယက် ဖေ့ဘွတ်စ်စာမျက်နှာပေါ်တွင်ပျံ့နှံ့သွားပြီး ဝေဖန်မှုများမြင့် တက်လာခဲ့သည်။

ပျံကျဈေးသည်များကိုထိန်းသိမ်းဖို့ရန်အတွက် အခက်အခဲရင်ဆိုင်နေရသောကြောင့် ယခုလိုစီမံချက်ရေးဆွဲရန်စီစဉ်ခြင်းဖြစ်ကြောင်း ဇူလိုင် ၃ ရက်နေ့က မီဒီယာများနှင့် တွေ့ဆုံစဉ် ဒေါက်တာခင်သိင်္ဂီမြင့်က ပြောသည်။

“ ဈေးသည်တွေကို ကျွန်မတို့သွားပြောရင် ခဏနာခံလိုက် ပြီးရင် ပြန်လုပ်လိုက်ဆိုတော့ လိုက်တမ်းပြေးတမ်းကစားသလိုဖြစ်နေတာပေါ့” ၄င်းကပြောသည်။

ရန်ကုန်ဆေးရုံကြီးအရေး ဇူလိုင် ၅ ရက်နေ့က ရန်ကုန်တိုင်းလွှတ်တော် လူမှုရေးနှင့် စီမံခန့်ခွဲရေးကော်မတီမှ ဥက္ကဌ ဦးသာ အောင်နှင့် အဖွဲ့ဝင်များ ဆေးရုံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ပြီး စီမံချက်အမြန်ဆုံး အကောင်အထည်ဖေါ်နိုင်ရေးအတွက် တိုင်းအစိုးရကို ဖိအားပေးသွားမည်ဖြစ်ကြောင်းပြောကြားသည်။

ပုံစာအညွှန်း - ဆေးရုံကြီးအဆောက်အအုံတစ်ခု၏ တံစက်မြိတ်အောက်တွင် နေထိုင်သူတချို့ (ဓာတ်ပုံ - Myanmar Now)

Comments