ဆောင်းယွန်းလ ● အစိုးမရခြင်းများ


ဆောင်းယွန်းလ ● အစိုးမရခြင်းများ
(မိုးမခ) ဇူလိုင် ၂၄၊ ၂၀၁၈

တယောက်ယောက်အတွက်
ဟတ်ပီဘာ့တ်ဒေးဆုတောင်းပေးနေရပြီး
တယောက်ယောက်အတွက်
ကောင်းရာဘုံဘဝမှာ ငြိမ်းချမ်းစွာအနားယူဖို့
ဆုတောင်းပေးနေရတယ်

အဖြစ်က မနှစ်ကနဲ့မတူသလို
မနှစ်တနှစ်ကလို ပျက်နေတဲ့
အပျက်များ
မြတ်စွာဘုရားလည်း ဟောခဲ့တာပဲ
ဆရာတော်ဘုရားများလည်း ဟောနေခဲ့တုန်းပဲ
ဒီသံသရာဝဲဟာ ပန်ကာလိုလည်တယ်
ချားရဟတ်လိုလည်းလည်တယ်

ကိုယ်လည်း လည်ချင်သလိုလည်ပြီး
သူလည်း လည်ချင်သလိုလည်နေကြတဲ့ နေ့ရက်တွေထဲ
လေထဲတိုက်ဆောက် ဗိုက်မှောက်အိပ်နေလည်း
ဘာအရေးလဲ

ဘာဖြစ်ဖြစ်
ဟားတိုက်ရယ်မောပစ်လိုက်နိုင်ဖို့ကို
ထင်သလောက် ခရီးမပေါက်နိုင်သေးတဲ့
မိုင်တိုင်များ

စိုက်ပျိုးဖို့ လွယ်ပြီး
ရိတ်သိမ်းဖို့ခက်ခဲနေတဲ့ လောကကွင်းပြင်ထဲက
အငိုလွယ်ပြီး အရှိုက်ခက်နေခဲ့သော
လူ့ဖြစ်ခြင်းများ။

ဆောင်းယွန်းလ

Comments