ကိုဇော် (ကလေးမြို့) ● ပြောရင်မောတယ် ပြေးရင်းနှေးတယ်


ကိုဇော် (ကလေးမြို့) ● ပြောရင်မောတယ် ပြေးရင်းနှေးတယ်
(မိုးမခ) ဇူလိုင် ၅၊ ၂၀၁၈

ခလုတ်တိုက်မိရင် ကျောက်ခဲပဲ
ခေါင်းပေါ်ပြုတ်ကျရင် သစ်ကိုင်းပဲ
လေထဲလွင့်နေတဲ့ နှုတ်ခမ်းတွေ
တဒိုင်းဒိုင်းဝင်တိုက်နေတဲ့ ခေါ်သံတွေ
အိပ်မက်ထဲဝင်ဆွဲတဲ့ ခွေး
အိပ်ရာထဲဝင်စားတဲ့ ကျား
ရေခဲသေတ္တာထဲက အသား
အနာဂတ်ကို အမြန်ပြန်နွှေးထား
ဖျစ်ဖျစ်မြည်အောင် အရည်ပျော်ကျနေတဲ့စာသားတွေ
ကမ္ဘာဟာ
ပျော်စရာလည်းကောင်းပါတယ်
အေကေ ၄၇ ကိုင်ထားတဲ့ စင်ယော်တကောင်ဟာလည်း
ခင်ဗျားမျက်ဝန်းတွေထဲ ဖြတ်ပျံသွားပါတယ်
သူ့ကိုယ်သူဖောက်သောက်နေတဲ့ ကလေးတယောက်လည်း
ခင်ဗျားဦးနှောက်ထဲ ဝင်ခွေသွားပါတယ်
အဲ့ဒီကလေးလည်း ဘယ်တော့မှမသေတော့ပါဘူး
ခင်ဗျားလည်းပြန်ရှင်မလာတော့ဘူး ။      ။

ကိုဇော် (ကလေးမြို့)
၂၆၊ ၁၊ ၂၀၁၈

Comments