မိုက်ခဲစိန် - ထရန့်ပြည်ထောင်စုပူတင့်သမ္မတနိုင်ငံတော် တဲ့လား


မိုက်ခဲစိန် - ထရန့်ပြည်ထောင်စုပူတင့်သမ္မတနိုင်ငံတော် တဲ့လား
(မိုးမခ) ဇူလိုင် ၂၁၊ ၂၀၁၈

 အမေရိကန်ပြည်ထောင်စုသမတနိုင်ငံတော် လို့ မခေါ်တော့ဘူး။ ဒေါ်နယ်ထရန့်ပြည်ထောင်စုပူတင့်သမတနိုင်ငံတော်လို့ပဲ ခေါ်တော့မယ်။ အမေရိကန်တွေ စုနေတဲ့ ပြည်ထောင်စုမှ မဟုတ်တော့တာ။ ဒေါ်နယ်ထရန့် ထင်ရာစိုင်းတာကို ငုံ့ခံနေရတဲ့ ပြည်ထောင်စု ဖြစ်နေမင့်ဟာကိုး။ သမ္မတကလည်း ရုရှား၏စွက်ဖက်မှုတွေကြောင့် ရွေးကောက်ပွဲ နိုင်လာရသလိုလို ဖြစ်နေတော့ကာ ရုရှားသမတကြီးပူတင့်လက်အောက်က သမ္မတနိုင်ငံတော်လို့ ဆိုရတော့မလို ဖြစ်နေတယ်လေ။

ဇွန်လလယ်လောက်တုန်းက မိုက်ခဲစိန် ဆောင်းပါးတပုဒ် နောက်ဆုံးရေးတာပဲ။ ထရန့်နဲ့ ကင်ဂျူံအံတို့ အာဏာရှင် ၂ ဦး တွေ့ကြ၊ လက်ဝါးချင်း ရိုက်ကြတဲ့ကိစ္စ။ အာဏာရှင်တွေအချင်းချင်း သူသာတယ် ကိုယ်သာတယ် ဗိုလ်လုကြတဲ့ပွဲမှာ ပြည်သူတွေသာ ရှုံးရတာလို့ ရေးပါတယ်။ ကောက်ချက်ချပါတယ်။ ကမ္ဘာနိုင်ငံရေးဟာ သူတလူ ငါတမင်းတွေ ငါစကားနွားရ ငါတကောကော ငါ့ဘို့ကလွဲ ကျန်တာ သဲနဲ့ စကွဲတွေကြောင့် လူထုဟာ စကောထဲ ဆီးသီးလိမ့်သလို လိမ့်နေရပါတယ်။

ထင်ရှားတာတခုကတော့ မက္ကစီကိုနယ်စပ်ကနေ လှိမ့်ဝင်နေတဲ့ ပြောင်းရွှေ့လူသားတွေ (immigrant migration) တွေကို အမေရိကန်က တင်းတင်းကြပ်ကြပ်ကိုင်တွယ်နေရပါတယ်။ တောင်အမေရိကားက ခြစားနေတဲ့ နိုင်ငံတော်တွေနဲ့ မူးယစ်ဆေးဂိုဏ်းတွေ၊ ရာဇ၀တ်မှုဒါဏ်တွေကနေ အမေရိကန်ပြည်ကို ဒုက္ခသည်တွေအဖြစ် ရွှေ့ပြောင်းခိုလှုံဖို့ ကြိုးစားကြတယ် ဆိုပါတယ်။ ဥရောပမှာလည်း အာရပ် အာဖရိကနိုင်ငံက ပြည်သူတွေဟာ ဥရောပကို ရွှေ့ပြောင်းကြတယ်။ အာရှမှာလည်း ဘင်ဂါလီတွေအစ ဆင်းရဲသားနိုင်ငံသားတွေဟာ နည်းအမျိုးမျိုးနဲ့ ရေကြည်ရာ မြက်နုရာကို ရွှေ့ပြောင်းနေကြပါတယ်။ ဒါဟာ ကမ္ဘာလုံးဆိုင်ရာ ပြောင်းရွှေ့လူသားဒုက္ခကပ်ကြီးတခုပဲ။ နိုင်ငံတော်တွေဟာ ဒီလူစီးကြောင်းကြီးကို နည်းမျိုးစုံနဲ့ ကိုင်တယ်ဖြေရှင်းနေကြရပါတယ်။ ဆက်ပြီး ရှုစားကြရဦးမယ်။

အမေရိကန်ပြည်က သမ္မတကြီး ထရန့်ကတော့ ရှင်းပါတယ်။ သည်လူသားတွေဟာ တရားမ၀င်လူသားတွေအဖြစ် သတ်မှတ်ပြီး ဖမ်းဆီး ထောင်ချ အရေးယူ ပြန်မောင်းထုတ်ပါတယ်။ ပြည်တွင်းက တရားမ၀င်ရွှေ့ပြောင်းတွေကိုလည်း အရှိန်မြှင့် ဖမ်းဆီးပြီး မောင်းထုတ်ပါတယ်။ ဒါ့အပြင် ဒီလပိုင်းမှာတော့ မိသားစုအလိုက် ခိုလှုံရန် ကြိုးစားသူတွေကို ဖမ်းဆီးရာမှာ ကလေးသူငယ်တွေကို မိဘတွေနဲ့ ခွဲပြီး ချုပ်နှောင်လိုက်တာပါ။ ထောင်နဲ့ ချီတဲ့ကလေးတွေကို သီးခြားစခန်းတွေဆီ ပို့ပြီး ချုပ်နှောင်လို့ အမေရိကန်တပြည်လုံးက ၀ိုင်းဝန်းကန့်ကွက် ဆန္ဒပြကြလို့သာ ထရန့်တယောက် အလျော့ပေးပြီး ရွှေ့ပြောင်းမိသားစုတွေကို မခွဲပစ်ပါဘူး၊ ပြန်စုစည်းပေးပါ့မယ်လို့ ပြင်ဆင်လိုက်ရပါတယ်။

ပြည်တွင်းပေါ်လစီမှာ ကမောက်ကမတွေ အများကြီးထဲက ဒီတခုအပြင် ပြည်ပပေါ်လစီမှာလည်း ကုန်သွယ်ရေးလိုငွေပြတာ လျော့ချဖို့ ဆိုပြီး တရုတ်နဲ့ အမေရိကန်မိတ်ကုန်သွယ်ဘက်တွေအပါအ၀င် သွင်းကုန်ခွန်တွေ တိုးမြှင့်ပါတယ်။ လက်ရှိ ကုန်သွယ်ရေးစာချုပ်တွေကိုလည်း ပြင်ဆင် ပြောင်းလဲမယ် လုပ်ပါတယ်။ ကုန်သွယ်ဘက်တွေကို အခွန်တိုးကောက်တော့ ဟိုဘက်က အခွန်တွေ တန်ပြန် တိုးကောက်ကြတော့ ကမ္ဘာကြီးမှာ ကုန်သွယ်ရေးစစ်ပွဲတွေ ဖြစ်လုဆဲဆဲပေါ့။ သည်တော့ ပြည်တွင်းက အမေရိကန်ကုမ္မဏီတွေဟာ ဈေးတွေ တက်၊ မျက်နှာပျက် ဖြစ်ကြရပြန်တယ်။ ထရန့်ကတော့ တိုင်းပြည်ရေရှည်အကျိုးအတွက်လို့ ပြောတာပဲ။ လက်ရှိက အစက ကောင်းနေတဲ့ လုပ်ငန်းတွေ အထိုင်အထ ပျက်ကုန်ကြတာ လက်တွေ့ပါ။ ထရန့်က ပြည်တွင်းကလုပ်ငန်းခွန်တွေ လျော့ချပြီး စီးပွားရေးအလုပ်ဖြစ်အောင် လုပ်လိုက်တော့ တိုင်းပြည်ရဲ့ အခွန်လိုငွေကို ပြန်ဖြည့်နိုင်ဖို့ ပြည်ပနိုင်ငံတွေက သွင်းကုန်ခွန်နဲ့ ထေမိအောင် အကွက်ချတာ အတိုက်အခံတွေနဲ့ တိုးနေရတာ လက်တွေ့ပါ။

သူနဲ့ ကုန်သွယ်ရန်ဘက်လုပ်နေတဲ့ တရုတ်ပြည်ဆိုတာက တပါတီနိုင်ငံတော်ပါ။ သူတို့ပါတီစကားတခွန်းတည်းနဲ့ အလုပ်ဖြစ်ပါတယ်။ ထရန့်မှာက နှစ်ပါတီနိုင်ငံတော်။ သူဘာသာ လုပ်ချင်တာလုပ်နေတာ ပြည်တွင်းနိုင်ငံရေး စီးပွားရေးကိုပါ မငြိမ်မသက်ဖြစ်စေပါတယ်။ အခုကတော့ မသိသာသေးပေမယ့် ရေရှည်မှာတော့ အဲသည်ရဲ့ ရိုက်ခတ်မှုကို ခံကြရမှာပါ။

ဒေါ်နယ်ထရန့်ဟာ ၂၀၁၆ ရွေးကောက်ပွဲမှာ မဲပေးသူ ပြည်သူတွေကို မဟုတ်တန်းတရားတွေ တုတ်ထိုးအိုးပေါက်တွေနဲ့ မဲဆွယ်စည်းရုံးခဲ့တာပါ။ ရှေးရိုးစွဲ လူမျိုးကြီး ဘာသာအယူသည်းသူတွေ အများစုကို သွေးထိုးလှုံဆော်စည်းရုံး၊ ကိုယ်နဲ့မတူသူတွေကို တရားလက်လွတ် ပုတ်ခတ် စွတ်စွဲ၊ သတင်းဌာနတွေကိုပါ သိက္ခာကျအောင် fake news လို့ နှိပ်ကွပ်၊ အကြမ်းဖက်မှုတွေကို အားပေးစတဲ့ နည်းဗျူဟာတွေနဲ့ အနိုင်ရခဲ့သူ ဖြစ်ပါတယ်။ သူ့နောက်က ပရိသတ်ကြီး ထကြွလာအောင် ထရန့်တဦးတည်း စွမ်းလို့ မဟုတ်တဲ့အကြောင်း တဖြေးဖြေး ဗူးပေါ်သလို ပေါ်လာပါတယ်။ ထရန့်ကို အနိုင်ရစေချင်တာ သမ္မတဖြစ်စေချင်တာ၊ အမေရိကန်ဒီမိုကရေစီကို ချဲ့နဲ့ ယိုင်လဲစေချင်တာက ရုရှားပြည်ထောင်စုနဲ့ သူ့ခေါင်းဆောင် ပူတင်တို့ ဖြစ်ပါသတဲ့။ ဒါကို အမေရိကန်ပြည်ရွေးကောက်ပွဲ ရုရှားတို့ ခြေရှုပ်ခဲ့ကြောင်း အစိုးရစုံစမ်းရေးကော်မရှင်ဖွဲ့ပြီး ဖော်ထုတ်နေရပါပြီ။ ဒါကိုလည်း ထရန့်က ခါးခါးသီးသီး ငြင်းပါတယ်။ သူတော်လို့သာ သူနိုင်တာ၊ ရုရှားတွေ ၀င်ရောက် မြှောက်ထိုး သွေးဆောင် ဖြားယောင်းလို့ မဟုတ်ဘူးလို့ တွင်တွင်ဆိုပါတယ်။ သူ့ကို မနာလိုသူတွေက ခြေထိုးလုပ်ကြံနေကြသတဲ့လေ။

ဒီလိုနဲ့ မြောက်ကိုရီးယားထိပ်သီးဆွေးနွေးပွဲအပြီးမှာ ထရန့်တယောက် ဥရောပကို ခြေဦးလှည့်ပါတယ်။ အပြုသဘော ချစ်ကြည်ရေးတည်ဆောက်တာထက် အပျက်သဘော ပြစ်တင် ဝေဖန် ရှုတ်ချမှုတွေနဲ့ ဥရောပ မဟာမိတ်တွေကို နင်းချေပါတယ်။ ဥရောပနေတိုးအဖွဲ့ထဲက ထွက်တော့မလိုလို၊ နေတိုးအဖွဲ့ဝင်တွေဟာ ရန်ပုံငွေ တိုးမထည့်လို့ စိတ်ပျက်ကြောင်း၊ ဗြိတိန်က ဥရောပသမဂ္ဂက ထွက်တာ မှန်ကြောင်း၊ အားပေးကြောင်း၊ ဥရောပက ဂျာမဏီဆိုတာကလည်း ရုရှားလက်အောက်ခံဖြစ်ကြောင်း၊ ဗလွတ်ရွှတ်တတွေ ပြောပစ်လိုက်တာပဲ။ ခက်တာက ထရန့်ဟာ ရပ်ကွက်ထဲက ဆိုက်ကားသမားသာသာလောက်ဆိုရင် လူတွေက သူ့ဆိုက်ကားမစီးပဲ သပိတ်မှောက်လိုက်ရုံသာ ရှိပါတယ်။ အခုဟာ ထရန့်က ရပ်ကွက်ကောင်စီရုံးက သန်းခေါင်စာရင်းတိုင်ရင် လက်မှတ်ထိုးပေးရတဲ့ ရပ်ကွက်လူကြီးလို ဖြစ်နေတော့ ရပ်ကွက်ထဲက လူတွေခင်ဗျာ မချစ်သော်လည်း ခန့်ငြားပေးနေရတာကိုး။ အမေရိကန်ဟာ အင်အားကြီးနိုင်ငံဖြစ်လေတော့ သူတို့တင်မြှောက်ထားတဲ့ သမ္မတကြီး ၀စ်လစ်စလစ်နဲ့ လမ်းမပေါ်လျောက်ပြေးနေတာ လူထုပရိသတ်ခင်ဗျာ ဘာပြန်ပြောရဲမှာလဲခင်ဗျာ။ ခွေးရူးကို ရန်သွားစမိလို့ ကိုယ့်ကိုက်သွားရင် ကိုယ်ပဲ နစ်နာမှာ မဟုတ်လား။

သည်လိုနဲ့ ဇူလိုင်လ အရင်တပတ်မှာ ရုရှားသမ္မတကြီး ပူတင်နဲ့ ထိပ်သီးတွေ့ဆုံပါတယ်။ အဲသည်အချိန်နဲ့ တပြိုင်နက်တည်းမှာပဲ အမေရိကန်ထောက်လှမ်းရေးက ရုရှားတွေထဲက ထောက်လှမ်းရေးအရာရှိ ၁၃ ဦး ဟာ အမေရိကန်ရွေးကောက်ပွဲကို နှောက်ယှက်တိုက်ခိုက်ခဲ့ကြောင်း သွေးခွဲ နှောက်ယှက်ခဲ့ကြောင်း ထုတ်ပြန်ပြီး အရေးယူကြောင်း ကြေညာလိုက်ပါတယ်။ ကဲ ပွဲကတော့ ကြည့်ကောင်းပါပြီ။ နတ်ဝတ်ပုဆိုးနဲ့ တံခိုးထွားသူကြီး ထရန့် ဘယ်လိုများ တုန့်ပြန်လေမလဲပေါ့။ ထရန့်ဟာ ပူတင်နဲ့ နှစ်ဦးချင်းတွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောင်ပြောင်တင်းတင်းပဲ ထုတ်ပြန်ကြေညာလိုက်ပါ။ 'ပူတင်ကို သူယုံကြောင်း၊ ပူတင်က အမေရိကန်ကို ၀င်မရှုပ်ဘူးလို့ ပြောကြောင်း၊ ပူတင်ပြောသလို ရုရှားတွေဟာ သည်လို လုပ်လိမ့်မှာ မဟုတ်ကြောင်း' မျက်နှာပြောင်တိုက်ပြီး ပြောချကာ ရုရှားဘက်က ကာကွယ်လိုက်ပါတော့တယ်။

ထရန့်ကလွဲပြီး အမေရိကန်တပြည်လုံးခင်ဗျာ ဟင်ကနဲ ဟာကနဲ လူပုံအလည်မှာ ပုဆိုးကွဲနဲ့ ဖင်ထိုင်ချမိသလို အကျိုးနည်းကြရတော့တာပေါ့ခင်ဗျာ။ ခင်ဗျား နှမ ကို ခိုးသွားတာ ဒီအကောင်ပဲလို့ ရပ်ကွက်က လာပြောနေတဲ့ဆီမှာ၊ အဲသည်သူခိုးကို လက်ဆွဲပြီး ဒီကောင်ကို ငါယုံပါတယ်။ သူ မလုပ်ပါဘူးကွာလို့ ပြောတဲ့ မောင်ရိုးကြီးကို တွေ့ရသလို ကျန်တဲ့သူတွေက သူ့ကိုယ်စား ရှက်ကြရပါတယ်။ နောက်တရက်မှာ တပြည်လုံးက ၀ိုင်းပြီး ဆဲဆို ကန့်ကွက်ကြတော့မှသာ ထရန့်က လေပြေသွေးပါတယ်။ ရှေ့မျက်နှာ နောက်ထားပြီး ပြောလိုက်ပုံက 'ကျနော်မျိုးကြီး စာဖတ်တာ လွဲသွားတာပါ။ ပူတင်ပြောသလို ရုရှားတွေ သည်လိုလုပ်လိမ့်မှာ မဟုတ်ဘူးဆိုတာ မဟုတ်ဘူးလို့ ပြောချင်တာပါတဲ့။ (မဟုတ်ဘူး ဆိုတာ မဟုတ်ဘူး) လို့ ပြောချင်တာ မဟုတ်ဘူးတခွန်း ကျန်သွားပါတယ်တဲ့လေ။ ဖစ်မှ ဖစ်ရလေလို့ပဲ ပြောချင်တော့တာပဲ။

 အင်း ... အိုဘားမားသာ သည်လို တလွဲလုပ်မိလို့ကတော့ ရှေးရိုးစွဲတွေ လူမျိုးကြီးလူဖြုတွေ ဘာသာဝါဒ အယူသီးသူတွေဟာ နည်းနည်းလေးမှ သီးခံမှာ မဟုတ်ပါဘူး။ တခါတည်း အမေရိကန်ပြည်ကနေ အင်္ဂါဂြိုလ်လောက် လွင့်သွားအောင် ဒေါသူပုန်ထ ပုန်ကန် ထကြွကြမှာပါ။ သို့သော်လည်း ရုရှားသမ္မတကြီး ပူတင်နဲ့ သူတို့လူမျိုးကြီး အစွန်းရောက်တွေ နှစ်ကိုယ့်တစိတ်ဖြစ်ပြီး တင်မြှောက်ထားမိတဲ့ မိမိတို့ သမတကြီးဆိုတော့ အဲသည်အစွန်းရောက်တွေ အယူသီးတွေ ရီပတ်ဘလစ်ကန်တွေက 'မောင်ရင့်နယ် မှားစရာရှားလို့ကွာ၊ ဟဲဟဲ ဟဲဟဲ" နဲ့ ပြီးသွားကြပုံရတယ်ခင်ဗျ။ သတင်းမီဒီယာတွေ အတိုက်အခံတွေ နိုင်ငံတကာက ဒီမိုကရေစီအင်အားစုတွေကသာ အုတ်အော်သောင်းနင်းဖြစ်သွားတာ သူတို့ကတော့ ရုပ်တည်ကြီးနဲ့ မတုန်မလှုပ်ကျန်ရစ်တာ မှတ်သားစရာပါ။

ထရန့်ပြည်ထောင်စုပူတင့်သမ္မတနိုင်ငံတော်အစိုးရက ခုလေးတင်ကပဲ ထုတ်ပြန်ပါတယ်၊ ရုရှားသမ္မတ ပူတင့်ကို အမေရိကန်ပြည်ကို အထူးဧည့်သည်အဖြစ် ဖိတ်ကြားပြီး နောက်ထပ် ထိပ်သီးဆွေးနွေးကြဦးမယ် ဆိုပဲဗျာ။ အံ့သြလို့ ကုန်နိုင်ဘွယ်ပါလား ပရိသတ်ကြီးရယ်။ ကိုယ့်ရွေးကောက်ပွဲနဲ့ ပြည်တွင်းရေးကို စွက်ဖက်ထားတဲ့ နိုင်ငံခေါင်းဆောင်ကို ပိတ်ဆို့အရေးယူရမယ့်အစား ကိုယ့်အိမ်ထဲခေါ်ပြီး ဂုဏ်ပြုဦးမယ်ဆိုတော့ ရင်သတ်ပြီး ရှုမောကြရဦးတော့မှာ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ အာဏာရှင်တွေရဲ့ လက္ခဏာတွေဟာ ရုရှားမှာကော အမေရိကန်မှာပါ လုပ်ပုံ ကိုင်ပုံ ပြောဆိုပုံတွေ ဆင်တူနေပါပြီ။ ပြည်တွင်းမှာ ဘယ်အပြင်လူကိုမှ လက်မခံပါ။ ရုရှားဟာ migrant migration ကို ဆန့်ကျင်ပါတယ်။ လူမျိုးကြီး ၀ါဒစွဲ အစွန်းကြီးပါတယ်။ ရုရှားကုန်သွယ်ရေးဆိုတာ ဈေးကွက်ဖွင့်စနစ်မဟုတ်ပါ။ လိုသလို အခွန်အတုတ်တွေ မှောင်ခိုတွေနဲ့ အပိတ်စနစ်ဖြစ်ပါတယ်။ ရုရှားရွေးကောက်ပွဲဆိုတာကလည်း အာဏာရပါတီ တပါတီပဲ နိုင်ပြီး အတိုက်အခံတွေ အမြဲရှုံးအောင် နည်းမျိုးစုံနဲ့ နှိပ်ကွပ်နေကြပါ။ စာနယ်ဇင်းတွေ ပြောသမျှကိုလည်း မဟုတ်မမှန်အဖြစ် အမြဲ တားဆီး ပိတ်ဆို့နေမြဲ ဖြစ်တာကိုး။ ပြီးတော့ နိုင်ငံတကာမှာ မဟာမိတ်တွေ မိတ်ဆွေတွေ မရှိပါဘူး။ ရုရှားမှာ လက်အောက်ခံ၊ လက်ဝေခံ၊ သြဇာခံ နိုင်ငံတွေပဲ ရှိတယ်လေ။ တခါးပိတ်တကိုယ်တော် ၀ါဒ ဆိုတာ အာဏာရှင်တွေဆီက လာတာပါ။

သည်တော့ ကျနော်ကပြောတယ်။ ထရန့်ပြည်ထောင်စုပူတင့်သမ္မတနိုင်ငံတော် ဖြစ်နေပြီလား ... လို့။ ဒါဟာ ပြက်လုံးမဟုတ်ပါ။ ရယ်စရာ မဟုတ်ပါ။ နတ်ဝတ်ပုဆိုး တိမ်မီးခိုးဝတ်ပြီး စိတ်ပေါ့သွပ်နေသူ တိုင်းခန်းလှည့် ဘုရင်ကြီးကို အပြစ်မဲ့သော ကလေးတဦးက လူထုပရိသတ်ထဲကနေ မကြောက်မရွံနဲ့ 'ဟယ် ဘုရင်ကြီးက ပုဆိုးလည်း မပါဘူး၊ ဖင်လောင်းလောင်းကြီးနဲ့" လို့ အော်ပြောလိုက်တဲ့ သံချောင်းခေါက်သံ ဖြစ်ပါတယ် ခင်ဗျား။





Comments