အောင်ကိုလတ် (တမူး) ● ရယ်စရာမှတ်စု
(မိုးမခ) ဇူလိုင် ၇၊ ၂၀၁၈
ဖတ်ခဲ့တယ်
နှာခေါင်းကိုသွေးထွက်အောင်လက်သီးနဲ့ထိုးတာဟာ
တုပ်ကွေးကာကွယ်ဆေးထိုးပေးတာလို့မှတ်ပါဆိုတာမျိုး
ဖတ်ခဲ့ဖူးတယ်
စစ်မြေပြင်မှာတော့ ရှင်ဟာ သူရဲကောင်းတယောက်ဖြစ်ပေမယ့်
အိမ်မှာတော့ရှင်ဟာသူရဲကောင်းတယောက်မဟုတ်ဘူးဆိုတာမျိုး
ဖတ်ခဲ့ရတယ်
အမျိုးသမီးတွေကသူတို့ကိုဘောင်ခတ်ချုပ်ခြယ်ထားတယ်ဆိုပြီး
အတွင်းခံအင်္ကျီတွေကိုချွတ်
မီးရှို့ဆန္ဒပြကြတယ်ဆိုတာမျိုး
ဖတ်ခဲ့သေးတယ်
နှိပ်စက်ခံရလွန်းလို့
ကိုယ့်ဘာသာစကားနဲ့ကိုယ့်ကိုဆဲရင်တောင်
ကိုယ့်နိုင်ငံကိုပြန်ရောက်ပြီလို့စိတ်ကူးယဉ်ပစ်လိုက်တယ်ဆိုတာမျိုး
ဖတ်ချင်သေးတယ်
နိုင်ငံတော်သီချင်းသံကြားရင်
ရောက်တဲ့နေရာမှာရပ်ပြီး အလေးပြုကြတယ်ဆိုတာမျိုး
ထပ်ဖတ်ချင်သေးတယ်။
အောင်ကိုကိုလတ် (တမူး)

Comments