ရိုးတံ (ပုလဲနယ်) ● လိပ်ပြာခန်းဆီး


ရိုးတံ (ပုလဲနယ်) ● လိပ်ပြာခန်းဆီး
(မိုးမခ) ဇူလိုင် ၂၆၊ ၂၀၁၈

ကမ္ဘာလောကကြီးရဲ့ မျက်လုံးမှာ
တစ်ဖက်က တောင်ကုန်းနဲ့တူတယ်
တစ်ဖက်က ချောက်နဲ့တူတယ်
အဲဒီတော့
နက်မှောင်တဲ့မျက်မှန်ကို
ငါတို့ ကောက်တပ်လိုက်တယ်။

အရာအားလုံးတူသလား
ဟုတ်တယ်
မတူညီမှုကို တူအောင် ကြိုးစားနေကြ
တူညီမှုကို မတူကွဲပြာအောင် ကြည့်တတ်ကြ။

လွတ်လပ်ခြင်းက ဘာလဲ
လွတ်လပ်ခြင်းက ဘယ်လဲ
မဲတစ်ပြားပေါ်မှာလား
နှလုံးသားပေါ်မှာလား
ငါတို့ ဝေခွဲမထားပါဘူး။

ငါတို့ မွမ်းကြပ်နေပြီ
ငါတို့အသံ ငါတို့ပြန်ကြားရဖို့
ဘယ်လိုလူတွေ လိုအပ်သလဲ။

အတ္တနဲ့ လူ့အဖွဲ့အစည်း
အတ္တမဲ့ လူ့အဖွဲ့အစည်း
ခရီးတူချင်တူမယ် ပန်းတိုင်မတူဘူး
လမ်းတူချင်တူမယ် ယုံကြည်ချက်မတူဘူး
ငြိမ်းချမ်းရေး ရှာရင်း ရှာရင်း
ဇာတ်လမ်းတွဲ ရှည်လျားနေရဲ့။

ငါတို့ရင်ဘတ်တွေ
ငါတို့မသတီဘဲနဲ့ ထွက်လာပြီ။

ရိုးတံ (ပုလဲနယ်)

Comments