မဇ္ဈိမလှိုင်းဝိုင်းတော်သားကြီး တေးရေးတေးဆို ဂီတပညာရှင် ကိုရဲလွင် ကွယ်လွန်

(photo - ဝေချစ်ကို (သော်ဒီဝေ)

မဇ္ဈိမလှိုင်းဝိုင်းတော်သားကြီး တေးရေးတေးဆို ဂီတပညာရှင် ကိုရဲလွင် ကွယ်လွန်
K (မိုးမခ) ဇူလိုင် ၁၁၊ ၂၀၁၈


ပန်းရဲ့လမ်းတို့ဖခင်ကြီး ဂီတပညာရှင် ကိုရဲလွင်ဟာ ရန်ကုန်မြို့ရန်ကုန်ဆေးရုံသစ်ကြီး ကုတင် ၅၀၀ ဆေးရုံမှာ အသည်း ရောဂါကုသနေရာမှ ယနေ့ဇူလိုင် ၁၀ရက် ညနေ ၄နာရီ ၁၀မိနစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

ကိုရဲလွင်ကို အဖ စက်ရှင်တရားသူကြီး ဦးမောင်မောင်၊ အမိဒေါ်ကြိုင်တို့မှ ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ပေါင်းတည်မြို့မှာ မွေးဖွားခဲ့ပါတယ်။ မောင်နှမ ၁၀ ဦးတွင် အကြီးဆုံးသား ဖြစ်။ ကိုးတန်းကျောင်းသားဘ၀ အလုံ အထက(၄)မှာ ပညာသင်ကြားစဉ် ငယ်သူငယ်ချင်းများမှာ ရုပ်ရှင်မင်းသား ကျော်ဟိန်း၊ တေးရေးတေးဆို ပန်းချီဆရာ ခင်ဝမ်းတို့ဖြစ်။

(RIT) ရန်ကုန်စက်မှု တက္ကသိုလ်ကျောင်းသားဘဝကို ၁၉၆၈ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ ဖြတ်သန်းခဲ့ပြီး တတိယနှစ်ထိသာ တက်ရောက်။ ဂီတလောကကို တေးရေး ဆရာ၊ ဘေ့စ်ဂစ်တာတီးသမားအဖြစ် ၁၉၇၄ ခုနှစ်က စတင်ခဲ့ပါတယ်။ E. Machine Band (Electronic Machine) နဲ့ တီးခတ်ခဲ့ပြီး လစ္ဆ၀ီများ၊ မဇ္ဈိမလှိုင်း(Medium Wave Music Band)၊ ပန်းရဲ့ လမ်းတို့မှာ တီးခတ်သီဆိုခဲ့ပါတယ်။

အဉ္စလီအတွက် ဂီတဉ္စလီတေးစီးရီးကို လစ္ဆ၀ီများအဖြစ် တီးခတ်သီဆိုခဲ့ပြီး ၁၉၈၂ ဒီဇင်ဘာမှာ မဇ္ဈိမလှိုင်း(Medium Wave Music Band)ကို ထူထောင်ဖွဲ့ စည်းခဲ့။ ကိုယ်ပိုင်သံစဉ်သီချင်းများကိုသာ အစဉ်တစိုက်ဖန်တီးခဲ့ကြပြီး ၁၉၈၅ ခု ဇန်န၀ါရီလ ထဲ မဟာဆန်သူတေးစီးရီးကို ဖန်တီး ထုတ်ဝေခဲ့ကာ မဇ္ဈိမလှိုင်းအဖြစ် အောင်မြင်ထင်ရှားခဲ့ပါတယ်။

ဝေးခဲ့ပြီ ပန်းခရမ်းပြာ အပါအဝင် နောက်ဆုံးအိပ်မက်၊ ဒီတကြိမ် ဒီတနွေ၊ သဇင်ည၊ နဒီမင်္ဂလာ၊ စိုးစိတ်စွေစံစားစေ၊ ရေစီးကြောင်း၊ ပန်းရဲ့လမ်း၊ တစိတ်တည်းထား၊ တေးသီချင်းပေါင်း ၁၀၀ ကျော်ရေးစပ်ခဲ့။ အထူးကျော်ကြားခဲ့တဲ့ နောက်ဆုံးအိပ်မက်ကို သီချင်းကို အင်္ဂလိပ်လိုရေးစပ်ခဲ့ကာ တေးရေး၊ဆို ကိုနေုဝင်းက မြန်မာဘာသာပြန်ဆို ရေးသားခဲ့

ခင်ဝမ်း၊ ကိုနေ၀င်း၊ ကိုမောင်မောင်(အဉ္ဖလီ)၊ ခင်မောင်တိုး၊ မောင်သစ်မင်း၊ ကိုအောင်ဝင်း၊ ခိုင်ထူးတို့နဲ့ ဂီတရောင်းရင်း များအဖြစ် လက်တွဲခဲ့။

၁၉၇၄ ခုနှစ်ကစပြီး နိုင်ငံလှုပ်ရှားမှုများဖြစ်တဲ့ ဦးသန့်အရေးအခင်း၊ အလုပ်သမားအရေးအခင်းနဲ့ မှိုင်းရာပြည့်အရေးအခင်း ပါဝင်လှုပ်ရှားခဲ့ပါတယ်။ ၂၀၀၇ရွှေဝါရောင်တော်လှန်ရေးမှာ မေတ္တာပို့နေစဉ် စစ်အစိုးရရဲ့အကြမ်းဖက် ဖမ်းဆီးထောင်ချ ခြင်းခံခဲ့ရပါတယ်။

၁၉၉၅ ခုနှစ်မှာ ခင်မောင်တိုး၊ ကိုနေ၀င်းတို့နှင့်တွဲလျက် “ပန်းပျိုးလက်” သီချင်းခွေကို ပါဝင်သီဆိုထုတ်ဝေ

၂၀၁၁ ခုနှစ်တွင် လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း လူမှုကွန်ရက်အဖွဲ့ကို စတင်ဦးစီးဖွဲ့စည်းခဲ့ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ ချုပ်၏ ပညာရေး ကွန်ရက်၊ ကျန်းမာရေးကွန်ရက်၊ ကချင်စစ်ဘေးသင့် ပြည်သူများအတွက် မြန်မာပြည်အနှံ့ သီချင်း လိုက်လံသီဆို၍ ရန်ပုံငွေရှာ ပေးခဲ့ပါတယ်။

ကိုရဲလွင်ဟာ ဂီတလောကကို စတင်ဝင်ရောက်ချိန် ကစပြီး သေသည့်တိုင် ဂီတအနုပညာရှင်အဖြစ် ရပ်တည်ရှင်သန်ခဲ့ သူဖြစ်ပါတယ်။ ငြိမ်းချမ်းရေးအကြောင်း အစဉ်ပြောဆိုလှုပ်ရှားခဲ့ပြီး ၂၀၁၃ခုနှစ်မှာ ပြည်သူ့ဂုဏ်ရည်အသင်းမှ ပြည်သူ့ ဂုဏ်ရည်ဆုချီးမြှင့်ခံခဲ့ရပါတယ်။

ကွယ်လွန်ချိန်တွင် ကိုရဲလွင်ဟာ အသက် ၇၁နှစ် ရှိပြီဖြစ်ပါတယ်။

Comments