မျိုးတေဇာမောင် ● စစ်ကြီးပြီးဆုံးတဲ့နေ့က


မျိုးတေဇာမောင် ● စစ်ကြီးပြီးဆုံးတဲ့နေ့က
(မိုးမခ) ဇူလိုင် ၂၊ ၂၀၁၈

မဟာမိတ်တပ်တွေ မြို့ထဲဝင်လာတော့
ပန်းရောင်စုံတွေ ဝရံတာကကြဲချကြိုလိုက်ကြတာ
အပေါ်ကိုမော့ပြီး လက်တွေဝှေ့ရမ်းပြရင်း
ပြုံးနေကြတဲ့ မဟာမိတ်စစ်သားတွေ။

ဓာတ်ဆီမရှိတော့လို့ ကားတွေရပ်ထားရတယ်
ပေါင်မုန့်ညိုညိုတွေလည်း ရာရှင်စနစ်နဲ့
ဘာသာစကားတခုတည်းကို
တံတိုင်းတခုနဲ့ ခြားလိုက်တယ်
မြေပုံပေါ်မှာ
မျဉ်းတကြောင်း ခဲတံနဲ့ခြစ်ပြီး ပိုင်းလိုက်တယ်။

စစ်ကြီးပြီးသွားပေမယ့်
စစ်ကြီးကိုလွမ်းနေကြတယ်ဆိုရင်
ဆန်းနေမလား။

မျိုးတေဇာမောင်

Comments