ဇော်အောင် (မုံရွာ) ● မြန်မာပြည် မိုဘိုင်းဘဏ်နဲ့ ATM စနစ်

ဇော်အောင် (မုံရွာ) ● မြန်မာပြည် မိုဘိုင်းဘဏ်နဲ့ ATM စနစ်
(မိုးမခ) သြဂတ်စ် ၅၊ ၂ဝ၁၈

တဟုန်ထိုး တိုးတက်နေပါပြီ။ "မသိသူကျော်သွား သိသူဖော်စား" ပေါ့။ ဘယ်ကဏ္ဍပဲဖြစ်ပါစေ မြန်မာပြည်မှမဟုတ် တကမ္ဘာ လုံး ရှာမရှည်ပဲ ငြိမ်ငြိမ်နေရင် ဝင်ငွေကောင်းနိုင်ပါတယ်။ စီးပွားရှာလို့ အကောင်းဆုံးနိုင်ငံဖြစ်လာပြီး မကြာခင် နိုင်ငံခြားသား လူတော်လူကောင်း အများကြီးဝင်လာကြမယ်။ လဒလို ငူတူတူမဟုတ်ရင် ငှက်တိုင်း လှပ အဆင်ပြေလာတော့မဲ့ အခြေအ နေပါ။

အခု မြန်မာပြည်မှာ တရားဝင်လည်ပတ်နေတဲ့ ဘဏ်ကြီးပေါင်း ၂၅ ခုလောက် ရှိနေတယ်။ KBZ လို့ ခေါ်တဲ့ ဦးအောင်ကိုဝင်း အဖွဲ့ ကမ္ဘောဇဘဏ်က ဘဏ်ခွဲပေါင်း ၄ဝဝ ကျော်နဲ့ ပထမ၊ မြန်မာပြည်မှာ အခွန်အများဆုံးပေးနေတယ်။ ဒုတိယကတော့ CB ဘဏ်၊ တတိယက AYA ဘဏ်၊ နောက်နာမည်ကြီး ဘဏ်တွေကတော့ ရိုးမဘဏ်၊ မြဝတီဘဏ်၊ AGD ဘဏ်၊ MOB MAB အစိုးရရဲ့ မစဘ မြန်မာ့စီးပွားရေးဘဏ်၊ နိုင်ငံခြားငွေ FEB ဘဏ်တွေကတော့ ဘိတ်ချီးပေါ့။ အခုထိ ဘဏ်ချလံရေးတဲ့ စနစ်ကို သုံးနေဆဲ အံသြဘွယ် မြန်မာအစိုးရ ဘဏ်ကြီးပေါ့။ Manual System ငွေသွင်းထုတ်တယ်ဆိုလို့ အထင်မသေးနဲ့ မြန်မာဘဏ်ဆိုတဲ့အတိုင်း စာရေးမတွေ လက်ရေးနဲ့ ပြေစာအထပ်လိုက် ရေးသွင်းတာ အရမ်းမြန်တယ်။ အဲ..ငွေထုတ်ဖို့ကြ တော့ တော်တော်နှေးသွားတယ်။ အစိုးရ ကန်ထရိုက်တွေရလို့ ငွေသွင်းရင် အရမ်းမြန်ပြီး လုပ်ငန်းအတွက် ရစရာငွေ ထုတ်တော့ ဝန်ဆောင်ခပေးရတယ်။ ပေးနည်းက တခေတ်နဲ့တခေတ် မတူပါ။ မဆိုင်လို့ မရေးလိုတော့ပါ။

မြန်မာ့မိုဘိုင်းဘဏ်လုပ်ငန်း ပုဂ္ဂလိကဘဏ်တွေ အရမ်းတိုးတက်နေတယ်။ အဓိက ဘဏ်တွေရဲ့ဝင်ငွေက ငွေလွှဲခ ဖြစ်ပါ တယ်။ လူအမည် မှတ်ပုံတင် ဖုန်းနံပါတ်ပေးပြီး ငွေလွှဲရင် သိန်း ၂ဝ အထိ နာရီဝက်အတွင်း မြန်မာမြို့ကြီး အားလုံးကို ရောက် တယ်။ ဟိုဘက်က လူ မှတ်ပုံတင်ပြပြီး ၁၅ မိနစ်အတွင်း ထုတ်ယူနိုင်တယ်။ ရိုးမ ဧရာဝတီ AGD လို ဘဏ်ဆိုရင် ပိုမြန်တယ်။ KBZ ဆိုရင်တော့ လူများလွန်းလို့ တခါတလေ တချို့မြို့တွေမှာ တနာရီလောက် စောင့်ရတတ်တယ်။ အားနည်းချက်က တော့ မှတ်ပုံတင်မှာ.စာတလုံးမှားရင် ထုတ်မရပဲ လွှဲသူက ဘဏ်ကိုပြန်သွားပြီး ပြင်ရတယ်။ ပြင်ခ ၅ဝဝကျပ်.. လွှဲခ ၁ဝဝဝ ကျပ်၊ ထုတ်တဲ့လူ ပေးစရာမလို..KBZ ဘဏ်ဝန်ထမ်းတွေ အရမ်းသွက်လက် မြန်ဆန်တယ်။ လစာလည်း ၃ သိန်းအထက် ပေးပြီး ဘောနပ်စ်ဆုကြေးတွေလဲ အများကြီးရတော့ ဘဏ်ဝန်ထမ်းလုပ်ရတာ မြန်မာပြည်မှာ Job Security အကောင်းဆုံး လို့ ပြောကြပါတယ်။ တခြားဘဏ်တွေက ဝန်ထမ်းတွေလဲ သွက်လက်မြန်ဆန်ကြတယ်။ ဘဏ်လုပ်ငန်းတွေ အမြတ်စွန်း ကြီးကြပါတယ်။

စင်ကာပူမှာ ဘဏ်ကြီး ၃ ခု တခုစီ အစိုးရထံ အခွန်အမြတ်ငွေကနေ ၃၅ % ဆောင်ကြတာ အကြီးဆုံး DBS/POBB (Government Banks) က နှစ်စဉ် ဒေါ်လာ သန်းတထောင်ကျော်တယ်။ UOB OCBC တွေလဲ သန်းတထောင်နီးပါး ရှိတယ်.. City.Bank, Standard.Chartered.Bank May.Bank China.Bank စတဲ့ ဘဏ်တွေလဲ အမြတ်များတာပါပဲ. . ATM များများရှိ လေလေ အမြတ်ပိုကြီးလေလေ ဖြစ်ပါတယ်။ မြန်မာပြည်မှာ ဘဏ်တိုးငွေ 8 % ပေးပြီး စင်ကာပူမှာ 0.5 % ပဲပေးတယ်။ ဂျပန်ဆို အနုတ် -0.1 % ဆိုလား..ဘဏ်က ထိန်းသိမ်းခတောင် ပြန်ယူတယ်။ သူတို့ ငွေကြေးက ခိုင်မာတာကိုး.. မြန်မာကျပ် ငွေလဲ အရင် ၄ နှစ်က ၁၃ % အတိုးကနေ အခု ၈ % ထိ ကျသွားတော့ ခိုင်မာလာတယ်ပြောရမယ်။ ငွေစက္ကူ တရား မဝင် ကြေငြာတာ ဘဏ်ထဲက ငွေပြန်ထုတ်မရတာမျိုးဖြစ်လာမှာ ကြောက်ခဲ့ကြတယ်။ ဘဏ်ဆို မယုံဘူး။ အခုတော့ စိုးရိမ် စရာ မရှိတော့ပါ။ ပုဂ္ဂလိကဘဏ်တွေမှာ သူဌေးကြီးတွေအပ်ငွေ ဘီလျံ ၂ သောင်းခွဲ (USD 20 billion) တောင် ရှိနေပြီလို့ ဗဟို ဘဏ်က လွှတ်တော်မှာ လာရှင်းပြပါတယ်။ စိတ်မချသူများကတော့ ကျန်ရစ်မယ်..ချန်ရစ်ခံရမဲ့ မြန်မာပြည် အနာဂါတ်ပါ။

အခုဆို Mobile Banking လူများစွာ.. ကုမ္ပဏီများစွာ မြန်မာပြည်မှာ အသုံးပြုနေပါပြီ။ ဘဏ်အကောင့်ဖွင့်..တခါတည်း ATM ကဒ်ပြား ထုတ်ပေးကြတယ်။ (KBZ က ကြီးကျယ်တော့ ရက်သတ္တပတ် ၂ ပတ်ကြာမှ ATM ကဒ် ထုတ်ပေးတယ်)။ Online Bank လျှောက်ရင် တနာရီနဲ့ မိမိမိုဘိုင်းဖုန်းမှာ ရပြီ။

● ဘဏ်မဟုတ်တဲ့ ငွေလွှဲခြင်း

တယ်လီနော Wave Money, အိုရီဒူး၊ အမ်ပီတီ၊ အခုနောက်မှပေါ်လာတဲ့ မိုင်တဲ မိုဘိုင်းဖုန်းတွေ သုံးပြီး ငွေလွှဲတဲ့ စနစ်တွေလဲ ပေါ်နေပါတယ်။ မကြာခင်မှာ တိုးတက်တဲ့ နိုင်ငံများနည်းတူ မိုဘိုင်းငွေလွှဲ စနစ်များစွာ ပေါ်လာမှာပါ။ ငွေလွှဲတဲ့ဆိုင်တွေ အများပြား ရပ်ကွက်ထဲ၊ လမ်းထဲမှာ ပေါ်နေပါပြီ။ ချက်ချင်း တဖက်လူ ငွေထုတ်လို့ ရပါတယ်။ Western Union, Money Gram တွေလဲ မြန်မာနိုင်ငံမှာရှိနေပေမဲ့ နိုင်ငံခြားက ငွေလွှဲတာပဲ သုံးကြပါတယ်။ ပြည်တွင်းငွေလွှဲတာတော့ ပြည်တွင်း ကုမ္ပ ဏီအသစ်တွေ ပေါ်လာဖို့ မျှော်လင့်ပါတယ်။ လောလောဆယ်တော့ ဘဏ်မသုံးတဲ့ မိုဘိုင်း ငွေလွှဲခ ဈေးကြီးပါတယ်။

● အိမ်၊ ကား၊ ဖုန်း၊ ဆိုင်ကယ် အကြွေးဝယ်စနစ်

ကမ္ဘာ့ ဘဏ် မြန်မာနိုင်ငံကို ဝင်လာတော့၊ နောက်ကနေ အမေရိကန် ငွေချေး (ချစ်တီး) ကုမ္ပဏီများစွာ လိုက်ပါလာကြပါတယ်။ သူတို့က ငွေချေးရရင် ဆင်တောင် အကြွေးဝယ်ချင်တဲ့ မြန်မာလူမျိုးများကို အကြွေးတင်အောင် အားပေးမဲ့ ချစ်တီးကုမ္ပဏီ များ ဖြစ်ပါတယ်။ ကျေးလက်အထိသွားပြီး NGO လိုလိုနဲ့ ငွေချေးလုပ်ငန်းတွေ မသိမသာ လုပ်ကိုင်ကြပါတယ်။ ကျေးလက် မှာတော့ စိုက်ပျိုးစရိတ်ချေးတဲ့ (မလုပ်သင့်တော့တဲ့) အစိုးရ ငွေချေးစနစ်ကြီး ရှိပါတယ်။ လယ်သမားတွေ အကျိုးမရှိပဲ ငွေ ဖြုန်းတီးအောင် အားပေးနေတဲ့စနစ်၊ စိုက်ပျိုးရေး အစိုးရဝန်ထမ်းတွေပဲ အဲဒီ ငွေချေးလုပ်ငန်းနဲ့ အဆင်ပြေ လုပ်စားနေကြပါ တယ်။ ထားပါတော့။ မြို့ပေါ်မှာ တော့ မိုဘိုင်းဖုန်း အကြွေး တနှစ်နဲ့ အတိုးနှုန်း ကြီးမားစွာ ရောင်းချပေးနေကြပါတယ်။ အ လုပ်ရှိကြောင်း ကုမ္ပဏီရဲ့ထောက်ခံစာပါရင် အမေရိကန် ချစ်တီးကုမ္ပဏီ (Argn လိုမျိုးကုမ္ပဏီ) က ငွေချေးပေးပါတယ်။ အတိုးနှုန်း ၁၅% လောက် ယူပါတယ်။ လစဉ်ငွေသွင်းတာ မေ့သွားရင် (ဒါမှမဟုတ်) မသွင်းနိုင်ရင် နောက်ကျကြေး Late Fee တောင်းပါတယ်။ ဘဏ်တွေက Late Fee နဲ့ လူတွေဆီက ငွေချူစားနေတာ တိုးတက်နိုင်ငံနေတဲ့ မြန်မာတိုင်းသိပါတယ်။ ခရက်တစ်ကဒ် နောက်ကျကြေး Credit Card Late Fee ဆိုတာ မနည်းလှပါ။

အဆိုးထဲ က အကောင်းကတော့ မော်တော်ကားတွေ၊ အိမ်တွေ အကြွေးစနစ် ခိုင်မာလာပါတယ်။ ၃ဝ% ကနဦးပေးငွေ 30% down payment ပြီးရင် ၁၃ % အတိုးနဲ့ ၅နှစ် ၁ဝနှစ် အကြွေးရောင်းပေးပါတယ်။ လုပ်နည်း လုပ်ဟန်တွေကတော့ နိုင်ငံခြား တိုးတက် နိုင်ငံများထက် နည်းနည်းရှုပ်ပါတယ်။ ဝယ်ပြီးရင် အတိုးနှုန်းနည်းတဲ့ ဘဏ်ကို ပြောင်းဖို့ခက်ပါတယ်။ အတိုးနှုန်းက နိုင်ငံတကာမှာ ၅ % လောက်ပဲပေးရပေမဲ့၊ ငွေဖောင်းပွနှုန်းမြင့်တဲ့ ဆင်းရဲတဲ့နိုင်ငံတွေမှာ ဘဏ်တိုးနှုန်း မြင့်ပါတယ်။ မြန်မာ နိုင်ငံ အိမ်၊ ကား ဝယ်ရင် ဘဏ်တိုးနှုန်းက ၁၃ % ဆိုတော့ အလွန်များပြားပါတယ်။ သို့သော်လည်း စီးပွားလုပ်သူများ အ တွက်တော့ Capital Cost ဆိုတဲ့ ငွေလုံးငွေရင်း ရင်းနှီးဖို့ အတိုးနှုန်းများပေမဲ့ အဆင်ပြေပါတယ်။ စီးပွားကောင်းနေရင် ၁၃ % ပေးနိုင်ပါတယ်။

● အကြွေးဝယ်ကဒ် (Credit Card) စနစ်

မြန်မာခရက်တစ်စနစ်ကတော့ တော်တော်ဆိုး နေပါသေးတယ်။ တိုးတက်တဲ့ အာစီယံနိုင်ငံတွေမှာ လစာငွေရဲ့ ၂ ဆ၊ သုံးခွင့် ပေးပါတယ်။ ဝင်ငွေ ထွက်ငွေများတဲ့ လုပ်ငန်းရှင်တွေ ခရက်တစ် များများသုံးခွင့်ပေးပါတယ်။ ယခင်က လူလည်တ ယောက်၊ နိုင်ငံများစွာ၊ ဘဏ်များစွာ လှည့်လည် ငွေချေး ထွက်ပြေးတဲ့စနစ်ကြောင့် အခုခေတ်မှာ ခရက်တစ်ဗြူရိုဆိုတဲ့ လူတွေ၊ ကုမဏီတွေ ငွေအမြောက်အများ မချေးအောင် ထိန်းချုပ်ထားပါတယ်။ မြန်မာပြည်မှာ MPU စနစ်ကို စတင်ပေမဲ့၊ ချေးလို့ရရင် ဆင်တောင် အကြွေးဝယ်ချင်တဲ့ မြန်မာများ အကျင့်ကိုထိန်းဖို့ အစိုးရမှာတာဝန် ရှိပါတယ်။ လစာကို ၂ ပတ်တခါပေးမှဖြစ်မှာမို့ တချို့ကုမ္ပဏီများက (အမေရိကန်နိုင်ငံလို) ၂ ပတ်တခါ လစာပေးနေကြပါတယ်။ မြန်မာခရက်တစ်ကဒ်ကတော့ သာမန်လူ ဆိုရင် ဒေါ်လာ ၃ဝဝ ပဲပေးတော့ နိုင်ငံတကာမှာ သုံးဖို့မလွယ်ပါဘူး။ လေယာဉ်လက်မှတ်တောင် ဝယ်ဖို့ မလောက်ငှပါဘူး။ နိုင်ငံခြားသားတွေလဲ မြန်မာပြည်လာရင် ခရက်တစ်ကဒ်နဲ့ မဝယ်ကြပါဘူး။ သူတို့ခရက်တစ်ကဒ်ကို ဟက်ကာ Hacker တွေ က ခိုးထုတ်ခံရမှာ စိုးရိမ်လို့ပါ။ မြန်မာပြည်ဘဏ်စနစ်က လုံခြုံရေးအားနည်းတယ်လို့ မှတ်ချက်ရှိပါတယ်။ တိုးတက်အောင် လုပ်ဖို့ကတော့ အဂတိလိုက်စားမှုနည်းသွားမှဖြစ်မှာပါ။

သို့သော်လည်း ငွေဖောင်းပွနှုန်းနည်းသွားအောင် ..အဓိက (အစိုးရဌာနဆိုင်ရာများရဲ့) အဂတိလိုက်စားမှု Corruption Index နည်းသွားမှ ဖြစ်မှာပါ။ မြန်မာနိုင်ငံရဲ့ လက်ရှိ အဂတိအညွန်း က အရှေ့တောင်အားရှမှာ ဘိတ်ဆုံး ဖြစ်နေဆဲပါ။ စီးပွားလုပ်ဖို့ အခက်ခဲဆုံး Ease of Doing Business အညွှန်းကလဲ ဘိတ်ဆုံး ဖြစ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အစိုးရက တပ်မ တော်နဲ့ ရင်ကြားစေ့စပ်နိုင်မှ အဂတိနည်းသွားမယ်၊ စီးပွားရေး ရင်းနှီးမြှုတ်နှံမှုလည်း ဝင်လာမယ် ဖြစ်ပါတယ်။

● မိုဘိုင်းဘဏ် အကျိုးကျေးဇူး
ဘဏ်တွေက မနက် ၁ဝ နာရီကနေ ညနေ ၂ နာရီပဲဖွင့်တော့ ပြည့်ကြပ်နေတယ်။ စနေတနင်္ဂနွေ ပိတ်တယ်။ ATM က ၂၄ နာရီ ငွေသွင်း ထုတ်နိုင်တယ်။ သွင်းစက်က မရှိသလောက်နည်းပေမဲ့ ငွေထုတ်စက်တွေ အများကြီးပဲ။ Online Mobile Banking ကတော့ တော်တော်အဆင်ပြေပါတယ်။

အထူးသဖြင့် မိုဘိုင်းဘဏ်စနစ် မြန်မာပြည် ထွန်းကားလာတော့ ဘဏ်အကောင့် အလွယ်တကူဖွင့်ပြီး ဘဏ်ထဲ တိုက်ရိုက် ငွေလွှဲမယ်.. ကိုယ်လွှဲပြီးကြောင်းပြေစာကို မိုဘိုင်းဖုန်းမှာ SS Screen Save လုပ်ပြီး ငွေလွှဲခံရသူဆီ Viber Messenger နဲ့ ပို့ပေးမယ်။ တဖက်ကလဲ ချက်ချင်း မိုဘိုင်းအကောင့်နဲ့ ဝင်လာငွေကို စစ်ဆေးမယ်။ ငွေက သိန်း ၂ဝ အောက်ဆို ချက်ချင်း ရောက်တယ်ပြောပေမဲ့ အင်တာနက်လိုင်းကနှေးတော့ နာရီဝက်လောက် စောင့်ရပါတယ်။ ရောက်ရင် ATM ဆီ သွားထုတ် ရုံပါပဲ။ အဲ..ATM မှာ ၅ သိန်းအထိပဲထုတ်နိုင်တော့ တနေ့ ၃ ခါပဲထုတ်ဆိုရင် ၅ သိန်း ၃ ခါထုတ်ရတာ အခက်ခဲရှိပေမဲ့ ပြည်သူ အများစုက တသိန်း ၂ သိန်းပဲ တလစာသုံးကြတော့ အိုကေပါတယ်။

မိုဘိုင်းဖုန်းမှာ Online Statement သွင်းထုတ် စရင်းကို PFF / Word file နဲ့ ကြည့်နိုင်တယ်။ အကောင်းဆုံး ဝန်ဆောင်မှုက မိုဘိုင်ဖုန်း နံပါတ်သိရင် Topup ချက်ခြင်း လုပ်ပေးနိုင်ပါတယ်။ ငွေဖြည့်ကပ် လိုက်ရှာဝယ်နေစရာ မလိုတော့ပါ။

● မိုဘိုင်းဘဏ် အားနည်းချက်
မိုးရွာ လေကြီးဆို အင်တာနက်လိုင်းပျက်တယ်။ online fail ဖြစ်ရင် တခါတလေ တနေ့လုံး ဘဏ်ငွေလွှဲ မရောက်ဘူး။ ATM တွေကလဲ ခဏခဏ ပျက်နေတတ်တယ်။ မြန်မာတွေက Manual System ကိုယ်တိုင် ပိုက်ဆံကိုင်တွယ် ငွေသွင်း/ထုတ်ရ တာ နှစ်သက်တော့ ငွေလွှဲရင် မှတ်ပုံတင်ပြပြီး ငွေထုတ်တဲ့စနစ် နှစ်ပေါင်းများစွာ လုပ်နေဦးမှာပါပဲ။

တချို့ စင်ကာပူပြန် မြန်မာများ ဟိုမှာနေစဉ် အင်တာနက်ဘဏ် Internet Banking မလုပ်ဖူးပေမဲ့၊ စင်ကာပူမှာ Mobile Banking လုပ်ဖူးသူများ အဖို့တော့ မြန်မာနိုင်ငံမှာ မိုဘိုင်းဘဏ်လုပ်ဖို့ အခက်ခဲမရှိပါ။ မြန်မာပြည်မှာပဲ နေထိုင်တဲ့ မျိုးဆက် သစ် အသက် ၂ဝ ကျော် လူငယ်လေးတွေလဲ မိုဘိုင်းဘဏ်စနစ်ကို အလွယ်တကူ လုပ်တတ်ပါတယ်။ လဒလို ငှက်မျိုး က တော့ တခြားငှက်တွေထက် နှေးကွေး၊ မလှုပ်ရှားနိုင် ဖြစ်မှာပါ။ လဒလိုငှက်မျိုး မဟုတ်ပဲ၊ လင်းယုန်လို ငှက်မျိုး၊ ခွပ်ဒေါင်းလို ငှက်မျိုး၊ ချိုးငှက်လို ငှက်မျိုး မျိုးဆက်သစ် မြန်မာလူငယ်များ ဖြစ်ကြပါစေ။ မိုဘိုင်းဘဏ်စနစ် Registration လုပ်တာတော့ အနည်းငယ်ခက်ပေမဲ့ နားလည်တဲ့သူငယ်ချင်းမိတ်ဆွေကို အကူညီတောင်းရပါမယ်။

● နိဂုံး (မိုဘိုင်းဘဏ်နဲ့ ATM)
မိတ်ဆွေတဦး ဘဏ်ကဒ်လုပ်တာ ဘဏ်က လုံခြုံရေးကို အကူညီတောင်းပြီး Password အသစ် မှတ်ပုံတင်ရတယ်။ ပြီးတော့ သူ့ဘဏ်ကပ် နဲ့ Password ရေးထားတဲ့ စာရွက် ပိုက်ဆံအိတ်ထဲ အတူထည့်ထားတယ်၊ တလ ၁သိန်း လစာငွေ ဘဏ်ကို လစဉ် သွားသွင်းတယ်။ ဘဏ်စာအုပ်ကို Update မလုပ်ဘူး။ ၄ လမြောက်မှာ ၄ သိန်း ရှိ/မရှိ ဘဏ်မှာ စစ်ကြည့်တော့ ၄ ကျပ်ပဲကျန်တာ တွေ့ရတယ်။ အကူညီတောင်းလို့ ဘဏ်ကို လိုက်ပြီး မေးတယ်။ ATM ကနေ လစဉ် ၁ သိန်း ထုတ်ယူနေတယ် ဆိုလို့ ဘဏ်က CCTV နဲ့ ဘယ်သူထုတ်သလဲ ဗွီဒီယိုကြည့်တော့ ..သူ့သမီး လောင်းကစားစွဲလမ်းနေတဲ့ အသက် ၃ဝ ကျော် မိန်းကလေးက လစဉ် ATM သုံးပြီး ခိုးထုတ်နေတာကိုး။ သိပ်မသုံးတတ်ရင် မသုံးတာပဲ ကောင်းပါတယ်။ မိုဘိုင်းဘဏ်စနစ်နဲ့ မိမိဘဏ်ထဲက ပိုက်ဆံတွေ ဟက်ကာ Hacker ကထုတ်ယူသွားရင် ပြဿနာပဲ။ ကိုယ့်ဆွေမျိုး အရက်သမား၊ ဆေးသမား၊ လောင်းကစားသမား ခိုးထုတ်မဲ့ ရန်ကိုလဲ သတိထားရပါမယ်။

မြန်မာပြည် မိုဘိုင်းဘဏ်နဲ့ ATM စနစ်ပါ။

ဇော်အောင်
၃ သြဂုတ်၊ ၂ဝ၁၈

Comments