ကျော်ဟုန်း - ကမ္ဘာတခြမ်းမှောင်တဲ့နေ့


ကျော်ဟုန်း - ကမ္ဘာတခြမ်းမှောင်တဲ့နေ့

(မိုးမခ) သြဂုတ် ၁၄၊ ၂၀၁၈

နီရဲတဲ့ နှင်းဆီ
သူ့မှာ ဆူးတွေနဲ့။

နီစွေးတဲ့ နှင်းဆီ
သူ့ဆူးဟာ
သူ့ မြေမှာ
ပန်းမစိုက်ဘဲ
အချောင်ခူးတဲ့ သူတွေအတွက်။

သူ့ မြေအတွက် ဂုဏ်မောက်ဖို့
သူ့ အဆင်းနဲ့ အလှတင်
သူ့ အချင်းနဲ့ သင်းရနံ့ ဆင်
သူ့တာဝန် သူကျေအောင်
နန်းထိုက်တော်ဝင်။

အိုဘယ့် နှင်းဆီနီ
မမြင်နိုင်တဲ့
ကြမ္မာကံဆိုးက
အချိန်မတန်ခင်
ရုတ်တရက် ချေမွ
အနိစ္စဟာ အကောင်းကြိုက်လွန်း
မချိ ဘယ်သူရှိပါ့မလဲ။

သို့ပေလည်း
ရသမျှ အခိုက်အတံ့
ကိုယ့်တာဝန် ကိုယ်ယူ
ကိုယ့်ဝန်တာ ကိုယ်ထမ်း
ကြမ်းရမ်း ရာသီဒဏ်တွေ
ရဲရဲစွေး အချင်းနဲ့ တော်လှန်ခဲ့သမို့
အချိန်စော ကြွေကျလည်း
ဒီမြေကမ္ဘာက
ရဲရဲတောက်နှင်းဆီတပွင့်လို့
ကမ္ဘာကုန်ကျယ်သ၍
ကမ္ဘာတုန် မပျောက်သ၍
အသိအမှတ်ပြု
အမှတ်တရရှိနေပါ့မယ်
အို နှင်းဆီငယ်။

ဒါပေမယ့်
အကြွေစောတဲ့ နှင်းဆီအတွက်
မင်း ကြွေကျနေ့မှာ
ငါတို့ ကမ္ဘာတခြမ်း မှောင်ပေးမယ်
ဝမ်းနည်းလို့ မဆုံးဘူးကွယ်။ ။

ကျော်ဟုန်း
၂၀၁၈၀၈၁၃

(ဒီမိုသူရဲကောင်း မမီးမီး ကောင်းရာဘုံဘဝ ရောက်ပါစေ)

Comments