ဆောင်းယွန်းလ ● အမျိုးမရှိတဲ့ အမည်မဲ့ခြင်းတရား

 ဆောင်းယွန်းလ ● အမျိုးမရှိတဲ့ အမည်မဲ့ခြင်းတရား
(မိုးမခ) သြဂတ်စ် ၂၁၊ ၂၀၁၈

ကိုယ်မသွားဖြစ်တဲ့ ပွဲခင်းတွေထဲကို
ကိုယ်ပြန်ရောက်နေခဲ့မိတယ်

သေခြင်းတရားနဲ့ 
အလဲအလှယ်လုပ်ထားရတဲ့ နေ့တွေထဲမှာ
စိတ်ဟာ
အတည်ပေါက်နဲ့ လမ်းလျှောက်နေသူကြီးပဲ
ပင်လယ်ပြင်ကျယ်ထဲ ရွက်လွှင့်နေသူကြီးပဲ

လွတ်မြောက်ခြင်းဟာ
ခပ်စောစောပိုင်းက သည်းထန်စွာရွာခဲ့တဲ့
မုန်တိုင်းတခုဖြစ်ခဲ့ပြီး
ကိုယ်က
မိုးတိတ်ခါစမှာ လန်းမယ့်ပန်းကို ရှာဖွေနေသူဖြစ်ခဲ့တယ်

ဘယ်အချိန်ကျွံဝင်လာမယ်မှန်းမသိတဲ့
အလင်းကို
နွံအိုင်ထဲက ထိုင်စောင့်နေသူများရဲ့
ဘုရားရှိခိုးအမျိုးမျိုးနဲ့ ဝေးရာအရပ်တခုဆီမှာ

ကိုယ်ဝတ်ပြုနေတဲ့ တရားကို
ကိုယ်ပြန်ရှာဖွေတွေ့ ရှိခဲ့တယ်
အမည်မတပ်ရသေးတဲ့ ဘာသာတရားတခုအဖြစ်နဲ့။

ဆောင်းယွန်းလ

Comments