၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် မမီးမီး၏ ဈာပနအခမ်းအနားမြင်ကွင်းများ

၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် မမီးမီး၏ ဈာပနအခမ်းအနားမြင်ကွင်းများ
 K (မိုးမခ) သြဂုတ် ၁၈၊ ၂၀၁၈

၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းအဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသူဟောင်း မမီးမီး(ခ) မသင်းသင်းအေး (၄၇နှစ်) ဈာပနအခမ်းအနားနဲ့ ဂူသွင်းမြှုပ်နှံခြင်း အစီအစဉ်များကို ရန်ကုန်မြို့ရေဝေးသုသာန်မှာ သြဂုတ်လ ၁၇ရက် နေ့လယ်၂နာရီမှာ ပြုလုပ်ခဲ့ပါတယ်။

ဈုာပနအခမ်းအနားအစီအစဉ်များအရ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်မှ မမီးမီး ကိုယ်ရေးအကျဉ်းအားဖတ်ကြားခြင်း၊ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်မှ အမှတ်တရ ၀မ်းနည်းစကားအကြောင်းပြောကြားခြင်း၊ နယ်ပယ်အသီးသီးမှ ပေးပို့လာသော သ၀ဏ်လွှာများ ထုတ်ပြန်ချက်ချက်များ ဖတ်ကြားခြင်း၊ မမီးမီးပါဝင်ဆောင်ရွက်ခဲ့တဲ့ ကျောင်းသားအဖွဲ့ အစည်း ကိုယ်စားပြု အလံများလွှမ်းအုပ်ခြင်း၊ ၀မ်းနည်းခြင်း အထိမ်းအမှတ် ငြိမ်သက်အလေးပြုခြင်းနဲ့ခန္ဓာကိုယ်အား မီးသဂြိုဟ်ခြင်း ကြွင်းကျန်ရစ် ပြာအား ဂူသွင်းခြင်း အစီအစဉ်များပြုလုပ်ခဲ့ကြပါတယ်။

အဆိုပါအခမ်းအနားကို ရွှေည၀ါဆရာတော်၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်များ၊ ၈၈မျိုးဆက်နဲ့ကျောင်းသားခေါင်းဆောင်များ၊ မြို့နယ်အလိုက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များ၊ အနုပညာရှင်များ၊ စာရေးဆရာများ၊ နိုင်ငံရေးလုပ်ဖော်ကိုင် ဘက်များ မီဒီယာများ အသီးသီး တက်ရောက်ခဲ့ကြပြီး အထူးစည်ကားခဲ့ပါတယ်။

မမီးမီးဟာ သြဂုတ်လ ၁၃ရက်နေ့ ပုသိမ်မြို့က ကဗျာဆရာကြီးမောင်အောင်ပွင့်ဇနီး နာရေးကို သွားရောက်ပို့ဆောင်ပြီး ရန်ကုန်ဘက်အပြန် ကျောင်းကုန်းမြို့နယ်အတွင်းမှာ ယာဉ်မတော်တဆထိခိုက်မှုကြောင့် ဆေးရုံပို့ကုသစဉ် သြဂုတ်လ ၁၃ ရက် ညနေ ၅ နာရီ၂၀မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ မမီးမီး ရုတ်တရက်ကွယ်လွန်ခြင်းအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီမှ အထူးဝမ်းနည်း ကြေကွဲကြောင်းထုတ်ပြန်စာတစောင်၊ ရန်ကုန်တိုင်းအစိုးရ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ ၀မ်းနည်းကြောင်းသ၀ဏ်လွှာ စသဖြင့် ထုတ်ပြန်ခဲ့ပြီး လူမှုကွန်ရက်ပေါ်တွင် မမီးမီးရဲ့နိုင်ငံရေး လုပ်ဖော်ကိုင်ဘက်များ၊ စာပေမိတ်ဆွေများက ၀မ်းနည်း ကြောင်းစတေးတပ်များရေးသားထားကြပါတယ်။

မမီးမီး၏ ကိုယ်ရေးအကျဉ်း

-အမည်ရင်းမှာ မသင်းသင်းအေးဖြစ်ပြီး အဖ ဦးဘသိန်း၊ အမိ ဒေါ်ခင်သိန်းတို့မှ ၁၉၇၂ ခုနှစ်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့ သည်။ အခြေခံပညာအထက်တန်းကို အထက(၄) တာမွေမြို့၌ ပညာသင်ယူနေစဉ် ဒဿမတန်းကျောင်းသူဘ၀ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးတွင် အကသ၊ မကဒ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။

- ၁၉၈၉ခုနှစ် မတ်လတွင် ကိုဖုန်းမော်တစ်နှစ်ပြည့် လှုံ့ဆော်လှုပ်ရှားမှု့ကြောင့် အထက်တန်းကျောင်းသူဘ၀ဖြင့် အင်းစိန် ထောင်တွင် လေးလကြာ အထိန်းသိမ်းခံခဲ့ရသည်။

- ၁၉၉၀ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာမွေမြို့နယ် လူငယ်တာဝန်ခံ ကိုလှမိုးနှင့် အိမ်ထောင်ကျပြီး သမီး တစ်ယောက်၊ သားတစ်ယောက်ထွန်းကားခဲ့သည်။

- ၁၉၉၁ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးနောက် ဒဂုံတက္ကသိုလ်တွင် သတ္တဗေဒအဓိက ဘာသာရပ်ဖြင့် တက်ရောက်ပညာသင်ယူခဲ့သည်။

- ၁၉၉၆ ခုနှစ်၊ ဒီဇင်ဘာလ ဒဂုံတက္ကသိုလ်ကျောင်းသူဘ၀တွင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီရေးလှုပ်ရှားမှု ဒဂုံတက္ကသိုလ် ကျောင်းသားဆန္ဒပြမှုဖြင့် အဖမ်းဆီးခံရပြီး ထောင်ဒဏ်(၇)နှစ် ချမှတ်ခံခဲ့ရသည်။ အင်းစိန်ထောင်နှင့် သာယာဝတီထောင်တို့တွင် အကျဉ်းချခံခဲ့ရသည်။ တတိယနှစ်ဂုဏ်ထူးတန်း သတ္တဗေဒအဓိကပညာရေးမှာ ထိုအချိန်မှစ၍ ဆုံးရှုံးခဲ့ရသည်။

- ၂၀၀၂ ခုနှစ်၊ စက်တင်ဘာလတွင် သာယာဝတီထောင်မှ ပြန်လည်လွတ်မြောက်လာပြီးနောက် ၂၀၀၅ ခုနှစ်တွင် ၈၈မျိုး ဆက် ကျောင်းသားများအဖွဲ့တွင် ပါဝင်လှုပ်ရှားခဲ့သည်။

- ၂၀၀၇ ခုနှစ် ဖြစ်ပွားခဲ့သော နိုင်ငံရေးလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်လှုပ်ရှားခဲ့သဖြင့် ၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ တွင် ထပ်မံအဖမ်းဆီးခံခဲ့ရသည်။

 - ၂၀၀၈ခုနှစ်၊ နိုဝင်ဘာလတွင် စစ်အစိုးရတရားရုံးမှ ထောင်ဒဏ်(၆၅)နှစ် ချမှတ်ခဲ့သည်။ အင်းစိန်ထောင်မှတဆင့် ပုသိမ် ထောင်၊ မန္တလေးထောင်၊ ကသာထောင်၊ ရွှေဘိုထောင်များသို့ အဆင့်ဆင့် ပို့ဆောင်ခြင်းခံခဲ့ရသည်။

- ၂၀၁၂ခုနှစ်၊ ဇန်န၀ါရီလတွင် အခြားသော ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့်အတူ ပြန်လည်လွတ်မြောက်ခဲ့ သည်။ ယခုအခါ မကွယ်လွန်မီအထိ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတွင် အမျိုးသမီးဌာန ဒုတိယ တာဝန်ခံအဖြစ် မြန်မာပြည်နိုင်ငံရေး တာဝန်များကိုဆက်လက်ထမ်းဆောင်ခဲ့ပါသည်။ ထို့ပြင် မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်၊ နာရေးကူညီမှုအသင်း၊ MyMe (ရွေ့လျားစာသင်ခန်းဖြင့် လမ်းပေါ်ကလေးများ အား အခမဲ့စာသင်ကြားပေးခြင်း)၊ ပွင့်လင်း မြန်မာ့ရှေ့ဆောင်(OMI)စသည်တို့တွင် စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်ခဲ့ သည်။

Comments