ဒီလူည ● အဆင်ပြေရဲ့လား ဗစ်တာ

ဒီလူည ● အဆင်ပြေရဲ့လား ဗစ်တာ
(မိုးမခ) သြဂတ်စ် ၅၊ ၂၀၁၈

မနေ့က ငါဖုန်းဆက်တော့ မင်းမရှိဘူး ပြောတယ်
မင့်အိမ်ရောက်သွားတော့ ဧည့်ခန်းမှာချိတ်ထားတဲ့
မင့်ဓာတ်ပုံလေးက "စောင့်နေတာကြာပေါ့" လို့ ပြောတယ်
ဒီရက်ပိုင်း မင်းအကြောင်းတွေ သတင်းမှာသိပ်မတွေ့ဘူး
မင်းအဆင်ပြေရဲ့လားဗစ်တာ
မင်းနဲ့တွေ့ပြီးစကားတွေ အကြာကြီးထိုင်ပြောချင်သေးတယ်
ငါ့ status တွေ တွေ့ရင် ငါ့ဆီ message ပို့ပါဦး
ခု မင်းဘယ်ရောက်နေလဲ
ငါ အခန်းထဲမှာ သင်ခန်းစာအလာကို စောင့်နေတယ်
မင်းအမေက ဝရန်တာမှာ မင့်အလာကိုကြိုနေတယ်
မင်းနဲ့ငါက သူငယ်ချင်းတွေပဲ ဗစ်တာ
အချိုကုန်ရင် ထွေးထုတ်ပစ်ရတဲ့ ပီကေမှမဟုတ်တာ
မင်းပါးစပ်နဲ့ ငါခံတွင်း မြိန်ပါတယ်
ငါ့အဆုပ်နဲ့ရော မင်းအသက်ရှူရတာ အဆင်ပြေရဲ့လား
ငါတို့တွေ ဓားအိမ်ထဲ အတူတူ ဝင်ပုန်းခဲ့ကြတာ
မှတ်မိသေးတယ်မဟုတ်လား
အဲ့ဒီတုန်းက ငါ့လျှာကို မင်းက ဓားသွားပေါ်တင်လို့
ငါက မင်းဦးနှောက်ကို ဓားဦးချွန်ပေါ် ထိုးစိုက်ခဲ့တာ
အဲ့ဒီတုန်းက ငါတို့
တယောက်နောက်ကျော တယောက် ဓားနဲ့ထိုးပြီး
ရယ်မောခဲ့ကြတာလေ
အဲ့ဒီတုန်းက ငါတို့
ခေါင်းစဉ်အတူတူပေးပြီး ခေါင်းတွေ လျှော်ခဲ့ကြတာ
ငါက မင့်ဂစ်တာကိုတီးပြီး
မင်းက ငါ့ကဗျာထဲဝင်လို့
မှတ်မိသေးတယ်မဟုတ်လား ဗစ်တာ
မင်းအခန်း မျက်နှာကြတ်မှာ ငါ့မျက်လုံးကိုကပ်
ငါ့ခေါင်းအုံးစွပ်မှာ မင်းအရေပြားကို ချုပ်ခဲ့ကြတာ
သတင်းစာအဟောင်းတွေ ပြန်ရှာဖြစ်သေးလား
ငါ့ကျန်းမာရေးကတော့ မင်းချောင်းဆိုးတိုင်း နှိုးနေကြပါပဲ
တံခါးသော့တွေမှာ မင့်ပုံလေးတွေ ကပ်ထားတုန်း ပါပဲ
ခုတလော အိပ်မက်ဆိုးတွေ မက်မက်နေလို့
မင်းရော အဆင်ပြေရဲ့လားဗစ်တာ။
  
ဒီလူည

Comments