ကျော်ဟုန်း - ပုလဲရတု မိန့်ခွန်း



ကျော်ဟုန်း - ပုလဲရတု မိန့်ခွန်း
(မိုးမခ) သြဂုတ် ၅၊ ၂၀၁၈
အဟောင်းကြိုက်သူနဲ့
အကောင်းနှိုက်သူတို့ ဗိုလ်လုပွဲမှာ
လ ခဏ ခဏ ကြတ်တယ်။

ကမ္ဘာကြီးလည်း
နေကြတ်လိုက်
လကြတ်လိုက်
ခဏ ခဏ ဖြစ်နေတယ်။

သက်ရှိတို့ရဲ့ ခွန်အားဟာ
စပရိင်လိုပဲ။

ဖိလေ ရုန်းကြွလေ ဖြစ်စဉ်ယဉ်ကျေးမှု
မွေးရာပါ အမွေလို
အကျည်းတန်ဆုံး အလှဗေဒနဲ့
မသေသ၍ ရုန်းထကြပေတော့။

အို ... အနှစ် ၃၀
ပုလဲရတုမြောက် နှစ်ပတ်လည်
ပုလဲတွေလို ဖြူဝင်းထယ်ပြီလား
ပုလဲတွေ မစီဘဲ
တကွဲ သီလေမလား။

အဟောင်းကြိုက်တွေက
ရသမျှ အကုန်စားခဲ့ရတော့
မစင်ပုံ လောက်မစွန့်ပယ်နိုင်သလို
ကုတ်ကပ်လို့ တွယ်။

အသစ်ကြိုက် အကောင်းနှိုက်တွေအဖို့
ဈေးကြီးတဲ့ အသွေးမီကို
လှမ်းရ ခက်တယ်။

ပုလဲဖြစ်ဖို့ 
ကမာကောင်တို့ 
ဒုက္ခလှလှကို ရင်းခဲ့ရတာ
မမေ့အပ်တဲ့ တိုက်ပွဲ။

လုံးဝ မမေ့နဲ့ 
နေ အမြဲ မကြတ်သလို
လ အမြဲ မကြတ်ဘူး။

သံသရာစက်ဝန်းကို
ပြိုင်တူ လှည့်နိုင်ပါတယ်။

ကျွံနေတဲ့ ဘီးကို ဆယ်ဖို့
အရှိန်နဲ့အချိန်ကို သုံးရမယ်။

ပုလဲသီသလို ညီစေ။ ။

ကျော်ဟုန်း
၂၀၁၈၀၈၀၄

Comments