မောင်ကြူးရင့် ● ကျည်ဆန်ရထား ချေဂွေဗားရား ချမ်းမြေ့မောင်ချို

မောင်ကြူးရင့် ● ကျည်ဆန်ရထား ချေဂွေဗားရား ချမ်းမြေ့မောင်ချို
(မိုးမခ) သြဂတ်စ် ၂၊ ၂၀၁၈

ပို့စ်မော်ဒန်ကျည်ဆန်ရထားဟာ ငါ့ဦးဏှောက်ထဲမှာ
ရိတ်ကနဲ ရိတ်ကနဲ ပြေးနေတယ်
ကျည်ဆန်ရထားဟာ အမေရိကန်မှာ ရပ်နားတုန်း လေဟာပြင်မှာ ဖျော်ဖြေနေတဲ့
ပေါ့ကြယ်ပွင့်တေလာဆွိစ် သီချင်းဆိုတာကို အားပေးလိုက်တယ်
ကမ္ဘာ့နိုင်ငံရေးမှာ ဘယ်နိုင်ငံမဆို ကိုယ်ကျိုးစီးပွားဝါဒကို ကာကွယ်ကြသူချည့်ပဲ
ဒါဒို့ပြေ ဒါဒို့မြေသီချင်းကို လက်သီးလက်မောင်းတန်းဆိုကြသူချည့်ပဲ

သူ့နိုင်ငံလွတ်မြောက်ဖို့ တိုက်ပွဲဝင်ပြီး
တခြားနိုင်ငံလွတ်မြောက်ဖို့ တိုက်ပွဲဝင်ခဲ့တဲ့ချေဂွေဗားရားဟာ
ကမ္ဘာမှာမရှိသလောက်ရှားတယ်

နှစ်ဆယ်ရာစုမိုးကောင်းကင်မှာ
တကမ္ဘာလုံးက လူသားတွေရဲ့ အချစ်ကိုရခဲ့တယ်
ပန်းတွေကပွင့်နေဦးမှာပဲ ကြယ်တွေက လက်နေဦးမှာပဲ
သမိုင်းဘိုးအင်းဂျက်လေယာဉ်ကလည်း ဆက်လက်ပျံသန်းနေဦးမှာပဲ

ပင်လယ်ထဲရေနံတင်သင်္ဘောမှောက်တော့
ငှက်တွေရဲ့အသက်ကို တာဝန်ယူ တန်ဖိုးထား ကယ်ထုတ်ကြတယ်

ဘဲတအုပ် စီစီရီရီ လမ်းဖြတ်ကူးတာကို
ဘဲတွေရဲ့အသက်ကို တန်ဖိုးထားပြီး ကားတွေရပ်ပေးကြတယ်

ဖားကန့်မှာ လူ့အသက်ကို ငှက်တွေ ဘဲတွေလောက်တောင် တန်ဖိုးမထားပဲ
လူသားတွေသေဆုံးပျောက်ဆုံးနေတာကို
ဘယ်သူက တာဝန်ယူတာဝန်ခံကြမှာလဲ

အငှားကားတက္ကစီစီးတဲ့ အမျိုးသမီးဆရာဝန်တယောက် ရိုက်အလုခံရပြီး
ဆေးရုံရောက်သွားတယ်
တလအတွင်း ကျောင်းသားသုံးဦး ဓါတ်လိုက်သေဆုံးသွားတယ်
"ကျမအမြင် အောင်ရဲထွေးဟာ နှစ်ခါအသတ်ခံရတယယ်လို့ ခံစားရတယ်
တရားရေးမဏ္ဍိုင်ကျဆုံးမှုကိုပြတာလို့ ယူဆတယ်"
လူငယ်တက်ကြွလှုပ်ရှားသူ မသဉ္ဇာရွှန်းလဲ့ရည်
ဘုရား ဘုရား ငါဟာ လူ့ပြည်မှာ မွေးလာတာဟုတ်ပါရဲ့လား
လူသားရဲ့လွတ်လပ်မှု လုံခြုံမှု တာဝန်ယူမှု တာဝန်ခံမှု တန်ဖိုးထားမှုကို
ဘယ်နေရာမှာရှာဖွေရမှာလဲ

ကဲ မိတ်ဆွေ ဒီကဗျာကို လှလှပပလေးအဆုံးသတ်ချင်တယ်
မြန်မာအိုင်ဒေါမှာ အသံရော ဟန်ရော လူရော
ချစ်စရာကောင်းပြီး လှပတဲ့ချမ်းမြေ့မောင်ချိုဟာ
လွတ်လွတ်ကျွတ်ကျွတ်သုံးဦးကျန်ထဲမှာ  ပါသွားတယ်

ဒါဟာ ငါ့အတွက်တော့ သိပ်ကိုဝမ်းသာစရာပဲ။ 

Comments