ထင်းရှုးပင်ရိပ် စာအုပ် နှစ် ၅၀ပြည့်ပြီ



ထင်းရှုးပင်ရိပ် စာအုပ် နှစ် ၅၀ပြည့်ပြီ
K (မိုးမခ) သြဂုတ် ၁၄၊ ၂၀၁၈


မြန်မာကဗျာလောကမှာ အထူးသြဇာကြီးမားခဲ့တဲ့ ထင်းရှုးပင်ရိပ် အနောက်တိုင်း ကဗျာဘာသာပြန်စာအုပ်ဟာ ၁၉၆၈၊ သြဂုတ်လ ၁၂ရက်နေ့မှာ ပထမဆုံး အကြိမ် ကဗျာဆရာ၊ စာရေးဆရာ မောင်သာနိုးက ဘာသာပြန်ဆို ထုတ်ဝေခဲ့တာ ဆိုတော့ ယခု ၂၀၁၈၊ သြဂုတ်လ၁၂ရက်ဆိုရင် နှစ်၅၀ပြည့်ခဲ့ပြီဖြစ်ပါတယ်။

အဆိုပါ ထင်းရှုးပင်ရိပ် အနှစ်၅၀ပြည့်အထိမ်းအမှတ်အဖြစ် ကဗျာဆရာကြီး မောင်သာနိုးနဲ့ဇနီးဖြစ်သူ ဒေါ်ခင်လေးနွယ်တို့ နေအိမ်မှာ ဆရာ့တပည့်တပန်းများနဲ့စာချစ်သူများက အမှတ်တရ အခမ်းအနားကျင်းပကာ ဆရာရေးသားခဲ့တဲ့စာအုပ်များ ကို မဲနှိုက် လက်ဆောင်ပေးခဲ့တယ် လို့လည်း သိရပါတယ်။

စာအုပ်နဲ့ပတ်သက်ပြီး ဇာတ်မင်းသား ကဗျာဆရာမောင်သိန်းဇော်က "ထင်းရှူးပင်ကြီးရဲ့ အရိပ်သာမရှိခဲ့ရင် ဒီနေ့ မြန်မာ ကဗျာဟာ ပုဆိုးကွင်းသိုင်းလေးနဲ့ လျှောက်ပြေးနေမှာပဲ "လို့ သူရဲ့လူမှုကွန်ရက်မှာ ရေးသားပြောဆိုခဲ့ပါတယ်။

မောင်သာနိုးကို အဖ ဦးခင်မောင်ကလေး၊ အမိ ဒေါ်စံမြင့်တို့က ၁၉၃၄ ခုနှစ် မေလ ၁၆ ရက်နေ့တွင် စစ်ကိုင်းမြို့၌ မွေးဖွားခဲ့ သည်။ စစ်ကိုင်း အစိုးရအထက်တန်းကျောင်းနှင့် မန္တလေးတက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့သည်။ အင်္ဂလိပ်စာ၊ မြန်မာ၊ ပါဠိ၊ ခေတ်သစ်သမိုင်းတို့နှင့် ဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။ ရန်ကုန်တက္ကသိုလ်မှ မြန်မာစာနှင့် မဟာဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။ အထက် တန်းကျောင်းသားဘဝကပင် စတင်၍ စာပေများ ရေးသားခဲ့သည်။ မန္တလေးတက္ကသိုလ်တွင်ရှိစဉ် နှစ်လည်မဂ္ဂဇင်း ထုတ်ဝေ ရာ၌ အင်္ဂလိပ်စာအယ်ဒီတာအဖြစ် လုပ်ခဲ့သည်။

မန္တလေး လူထု၊ မန်းဇာတ်သတင်းစာများတွင် အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။ အထက်မြန်မာနိုင်ငံ စာရေးဆရာ အ သင်း အမှုဆောင်အဖြစ်လည်း ထမ်းဆောင်ခဲ့သည်။ ၁၉၆၇ ခုနှစ်ကစ၍ ရန်ကုန်သို့ ပြောင်းလာကာ မဂ္ဂဇင်းများတွင် စာ ပေများ ရေးသားခြင်းနှင့် စာအုပ်များ ထုတ်ဝေခဲ့သည်။ ၂၀၀၄ ခုနှစ်က အမေရိကန်နိုင်ငံ အိုင်အိုဝါပြည်နယ်တွင် ကျင်းပ သော အပြည်ပြည်ဆိုင်ရာ စာပေအစီအစဉ်ကို တက်ရောက်ခဲ့သည်။

ဆရာမောင်သာနိုး ရေးသား ပြုစု ထုတ်ဝေခဲ့သော စာအုပ်များ

၁။ ထင်းရှုးပင်ရိပ် ၁၉၆၈၊ ၁၉၉၈၊ ၂၀၀၆(တတိယအကြိမ်)

၂။ တော်မှော်ရုံလမ်း ၁၉၆၈၊ ၁၉၉၈၊ ၂၀၀၆

၃။ ဗမာစာ ဗမာစကား ၁၉၇၂

၎။ အာရှတိုက်၏ အလင်းရောင် ၁၉၉၂၊ ၁၉၉၇၊ ၂၀၀၀

၅။ ESSAYS & LETTERS ၁၉၉၂

၆။ မဟာကဗျာ ဂန္တဝင် နိုင်ငံခြား ကဗျာရှည် လေးပုဒ် ၁၉၉၂

၇။ အိုမာခိုက်ယမ်ရဲ့ ရှုဘိုက်ယတ် ၁၉၉၄

၈။ နိုင်ငံရပ်ခြားကဗျာ ခံစားမှုစာစု ၁၉၉၄

၉။ နိရောဓသစ္စာ ၁၉၉၆

၁၀။ ခိုးစားတဲ့ သစ်သီး ၁၉၉၆

၁၁။ MIDDLE SCHOOL ENGLISH ESSAYS ၁၉၉၆

၁၂။ ရေနီမြောင်းတေးသံ ကဗျာများ ၁၉၉၉

၁၃။ ဘာသာပြန် လက်တွေ့ ၂၀၀၀

၁၄။ ဆွတ်ပျံ့ဖွယ်အောင် ၂၀၀၁

၁၅။ ENGLISH GRAMMAR (အင်္ဂလိပ်သဒ္ဒါ နိဒါန်း) ၂၀၀၁

၁၆။ လူထုကဗျာ ၂၀၀၂

၁၇။ ဘာသာပြန် လက်တွေ့ (၂) ၂၀၀၂

၁၈။ ကဗျာခရီးသည် ၂၀၀၃

၁၉။ နိုင်ငံရပ်ခြား ကဗျာ ခံစားမှုစာစု ၂၀၀၃

၂၀။ ဟိုက္ကူကဗျာ ခရီးသည် ၂၀၀၃

၂၁။ ENGLISH THE EASY WAY ၂၀၀၃

၂၂။ ENGLISH GRAMMAM FOR ALL ၂၀၀၇

၂၃။ကာလီနတ်သမီးသို့ တမ်းချင်း

၂၄။ မိုးတစိမ့်စိမ့်

၂၅။ နေရူဒါရဲ့နေရူဒါ

၂၆။ ဘောင်းဘီဝတ်မိုးတိမ် (တတိယအကြိမ်)

၂၇။ စာပဒေသာ

၂၈။ မောင်သာနိုးရဲ့နိုင်ငံရေးအမြင်

၂၉။ ကဗျာအကြောင်း(ခေတ်ပေါ်ကဗျာဆရာလက်စွဲ)

၃၀။ ဘာသာဗေဒအခြေပြ တို့ဖြစ်ပါတယ်။

ဆရာမောင်သာနိုးဟာ အသက် ၈၄နှစ် အရွယ်ရှိနေပြီး ၂ဝ၁၆ ခုနှစ်အတွက် အမျိုးသားစာပေ တသက်တာဆုကို ရရှိထားကာ အကန်တော့ခံမြန်မာစာပေပညာရှင်တဦးလည်း ဖြစ်ပါတယ်။

Comments