ၡႅအေမရိကန္ဆီနိတ္တာ ဂျွန်မက်ကိန်း ကွယ်လွန်ရှာပြီ


အမေရိကန်ဆီနိတ်တာ ဂျွန်မက်ကိန်း ကွယ်လွန်ရှာပြီ
မောင်လူပေ၊ (မိုးမခ) သြဂုတ်၂၅၊ ၂၀၁၈


အမေရိကန်ဆီနိတ်တာ ဂျွန်မက်ကိန်းဟာ ဒီနေ့(25/08/18) စနေ ညနေပိုင်းမှာ ဦးနှောက်ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပါပြီ။ သူကွယ်လွန်ချိန်မှာ အသက်(၈၁)နှစ်ရှိပြီဖြစ်ပြီး မိန်းမ နဲ့ ကလေး ခုနှစ်ယောက်ကျန်ရစ်ပါတယ်။

ဆီနိတ်တာမက်ကိန်းဟာ မြန်မာ့ဒီမိုကရေစီအရေးအတွက် ဖိနှိပ်ခံမြန်မာပြည်သူတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တောက်လျှောက်အားပေးထောက်ခံခဲ့သူ တစ်ယောက်ဖြစ်လို့ မြန်မာပြည်သူများအတွက်လည်း ဆုံးရှုံးမှုတစ်ခုလို့ ဆိုရင်မမှားပါ။

ဆီနိတ်တာမက်ကိန်းရဲ့အဖိုးနဲ့အဖေတို့ဟာ အမေရိကန်စစ်တပ်ရဲ့ ကြယ်လေးပွင့်ဗိုလ်ချုပ် တွေဖြစ်ပြီး သူကိုယ်တိုင်ကလည်း အမေရိကန်လေတပ်မှာ လေယာဉ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်။ ဗီယက်နမ်စစ်ပွဲအတွင်း သူ့လေယာဉ်ပစ်ချခံရတဲ့အတွက် ဗီယက်နမ်တွေလက်ထဲမှာ စစ်သုံ့ ပမ်းအဖြစ် ငါးနှစ်ခွဲခန့် နှိပ်စက်ညှင်းပမ်းခံခဲ့ရတယ်။ (ဖြည့်စွက် - ဗီယက်နမ်တွေက မက်ကိန်းကို အမေရိကန်ကစစ်ဗိုလ်ချုပ်ကြီးတွေရဲ့ သားဖြစ်တာကြောင့် အပေးအယူအဖြစ် လွှတ်ပေးမယ် ကမ်းလှမ်းသော်လည်း သူ့တပ်သားတွေနဲ့အတူ သုံပန်းအဖြစ် ရပ်တည်နေထိုင်ခဲ့ပါတယ်၊ တကိုယ်ရည်လွတ်မြောက်မှုကို မရွေးခဲ့ပါ) နှိပ်စက်ခံခဲ့ရမှုတွေကြောင့် ဘဝတစ်လျှောက်လုံးမှာ ခြေတစ်ဖက် သိသိသာသာ ဆာသွားခဲ့ရသလို သူ့လက်တွေကလည်း ပုခုံးကိုကျော်ပြီး မြှောက်လို့မရတော့။

စစ်သုံ့ ပန်းဘဝက လွတ်လာပြီးဆယ်နှစ်အကြာ ၁၉၈၂မှာ အမေရိကန်နိုင်ငံရေးလောကထဲရောက်လာခဲ့တယ်။ ကွန်ဂရက်အမတ်အဖြစ် လေးနှစ်တာတာဝန်ယူခဲ့ပြီး ဆီနိတ်တာအဖြစ် ငါးကြိမ်တိုင် ပြန်လည်ရွေးကောက်ခံခဲ့ရတဲ့ မက်ကိန်းဟာ သူသေဆုံးချိန်အထိ နိုင်ငံရေးသမားဘဝကိုခံယူခဲ့တယ်။ အာရီဇိုးနားပြည်နယ်ရဲ့ဆီနိတ်တာဘဝနဲ့ အမေရိကန်ပြည်သူတွေကို နောက်ဆုံးအချီန်ထိ အလုပ်အကျွေးပြုခဲ့တယ်။

ဆီနိတ်တာမက်ကိန်းဟာ ဘဝအမြင်ရိုးရှင်းသလို တဖက်သားအပေါ်မှာလည်း ဖိနှိပ်လိုစိတ်မရှိ။ အမှန်ဖက်ကပဲအမြဲရပ်တည်ခဲ့တယ်။ သူနဲ့ အိုဘာမားတို့ရဲ့ ၂၀၀၈ အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်ပွဲတစ်ခုအတွင်း သူ့ရဲ့ထောက်ခံသူအမျိုးသမီးက အိုဘားမားဟာ အာရပ်တစ်ဦးဖြစ်လို့ မကြိုက်နှစ်သက်ကြောင်း ပြောတဲ့အခါ သူက" အိုဘားမားဟာ အာရပ်မဟုတ်ကြောင်း၊ မိသားစုကိုချစ်တတ်တဲ့သူ၊ အမေရိကန်တစ်ဦးသာ ဖြစ်ကြောင်း၊ နိုင်ငံရေးခံယူချက်အမြင်တွေ မတူညီတာကလွဲရင် အိုဘားမားကို သူလေးစားကြောင်း" တွေ ပြောပြခဲ့တယ်။ ပြိုင်ဖက်ကို မနှိမ်ပဲ၊ မကောင်းတဲ့အချက်တွေနဲ့မတိုက်ခိုက်ပဲ ရိုးသားစွာပဲ ယှဉ်ပြိုင်ခဲ့တယ်။ ရွေးကောက်ပွဲမှာ အိုဘားမားအနိုင်ရတဲ့အခါမှာလည်း အနိုင်ရသူအတွက် ဝမ်းသာစကားပြောကြားပြီး သူ့ အရှုံးအတွက် လက်ခံခဲ့တယ်။

ဆီနိတ်တာမက်ကိန်းဟာ အမေရိကန်သမ္မတ ထရန့်နဲ့တော့ ကောင်းမွန်တဲ့ဆက်ဆံရေး မရှိ။ ထရန့်ရဲ့ လဝကဥပဒေပြောင်းလည်းမဲ့ အကြံဉာဏ်တွေဟာ ရူးနှမ်းတဲ့လုပ်ရပ်တွေပဲလို့ တောက်လျှောက်ဝေဖန်ခဲ့သလို အမေရိကားသာ ပထမဆိုပြီး ကမ္ဘာ့ခေါင်းဆောင်ဘဝက နှုတ်ထွက်ဖို့ ကျိုးစားမှုတွေကိုလည်း မှားယွင်းကြောင်း ထောက်ပြခဲ့တယ်။ သူ့ကိုအနိုင်ယူခဲ့သူ သမ္မတအိုဘားမားရေးဆွဲခဲ့တဲ့ ကျန်းမာရေးစောင့်ရှောက်မှုအာမခံဥပဒေကို ပယ်ဖျက်ဖို့ ဆီးနိတ်မှာ မဲခွဲကြတဲ့အခါမှာလည်း ဦးနောက်ကင်ဆာဖြစ်နေလို့ ဆေးကုသမှုခံယူနေရတဲ့ကြားက ဆီးနိတ်ကို ရောက်ရှိလာပြီး ကျမ်းမာရေးစောင့်ရှောက်မှုဥပဒေ အသစ်မရေးနိုင်သေးပဲ ရှိနေတဲ့ဥပဒေပယ်ဖျက်မှုကို လက်မခံကြောင်း၊ သူဆန့်ကျင်ကြောင်း မဲပေးခဲ့လို့ အိုဘားမားကဲကို ဖျက်သိမ်းဖို့ သမ္မတထရန့်ရဲ့ ကျိုးစားမှုတွေအရာမထင်ခဲ့။ 

(ဖြည့်စွက် - မက်ကိန်းဈာပနအစီအစဉ်မှာ သူ့နောက်ဆုံးမှာကြားချက်အရ သမတဟောင်းတွေဖြစ်ကြတဲ့ အိုဘားမား၊ ဂျော့ဘွတ်ကို ဖိတ်ခိုင်းပါတယ်။ သူတို့ကို ဈာပနမှာ အမှတ်တရစကားပြောပေးပါ ... တဲ့။ လက်ရှိသမ္မတ ဒေါ်နယ်ထရန့်ကိုတော့ လုံးဝ လုံးဝ မဖိတ်ပါ။ လာစရာမလိုပါတဲ့ ... သေသည်အထိ နိုင်ငံရေး ပြတ်သားမှုကို ပြသွားပါတယ်။)

သူဟာ သူ့ဘဝတစ်လျှောက် ရိုးသားစွာရပ်တည်ခဲ့သလို ခံယူချက်တွေကလည်း မှန်ကန်ခဲ့လို့ ဒီမိုကရက်အမတ်တွေရဲ့ လေးစားမှုကိုပါ ရရှိခဲ့တဲ့ ရှားရှားပါးပါး ရီဗာဗလစ်ကင်ဆီနိတ်တာတစ်ဦးဆိုလည်း မမှားပါဘူး။ ပါတီအရေးထက် အမေရိကန်ပြည်သူတွေရဲ့အရေးကိုသာ အမြဲဦးစားပေးဆုံးဖြတ်ခဲ့သူ၊ ဘဝကို ရိုးရှင်းစွာမြင်တတ်သူ ဆီနိတ်တာမက်ကိန်းဟာ သူရဲ့နောက်ဆုံးအချိန်တွေမှာ ဦးနှောက်ကင်ဆာရောဂါနဲ့တိုက်ပွဲဝင်ရင်း ကွယ်လွန်ခဲ့ပါပြီ။

သူကွယ်လွန်မှုဟာ အမေရိကန်ပြည်သူတွေအတွက်သာမကပဲ ကမ္ဘာပေါ်က ဖိနှိပ်ခံပြည်သူအားလုံးအတွက် ကြီးစွာသောဆုံးရှုံးမှုတစ်ရပ်ဖြစ်ပါကြောင်း။


ချစ်တဲ့
မောင်လူပေ

Comments