၈၈၈၈ နှစ် ၃၀ပြည့် အထိမ်းအမှတ် ရန်ကုန်မြို့က အနုပညာလှုပ်ရှားမှုများ

၈၈၈၈ နှစ် ၃၀ပြည့် အထိမ်းအမှတ် ရန်ကုန်မြို့က အနုပညာလှုပ်ရှားမှုများ
K (မိုးမခ) သြဂုတ် ၈၊ ၂၀၁၈


 
(၁) 30Th MEMORIAL ART EXHIBITION ပန်းချီပြပွဲ

မြန်မာနိုင်ငံ စာနယ်ဇင်း သရုပ်ဖော်ပန်းချီဆရာအသင်းမှ ကြီးမှူးကျင်းပတဲ့ ၈၈၈၈အရေးတော်ပုံကြီးရဲ့ နှစ်၃၀ပြည့် အမှတ် တရအဖြစ် စာနယ်ဇင်း ပန်းချီဆရာ အယောက်၃၀ကျော်ရဲ့ပန်းချီကားများကို ရန်ကုန်မြို့ကျောက်တံတားမြို့နယ် ၃၅လမ်း (လယ်)၊ အမှတ်၁၅၀/၁၆၀ရှိ moon ပန်းချီပြခန်းမှာ သြဂုတ်လ ၈ရက်နေ့ မနက်၉နာရီမှညနေ ၅နာရီထိ ပြသသွားမယ်လို့ သိရပါတယ်။

အဆိုပါပြပွဲကို သြဂုတ်လ ၈ရက်နေ့မှ ၁၁ရက်နေ့ထိ ပြသသွားမှာဖြစ်ပြီး ပြပွဲနဲ့ပတ်သက်ပြီး ပါဝင်ပြသမယ့် ပန်းချီဆရာမ မမွှေးက “၆၂ခုနှစ်မှယနေ့ထိစစ်အာဏာရှင်စံနစ်ကို တော်လှန်တိုက်ပွဲဝင်ခဲ့ကြရင်း တောထဲမှာ ထောင်တွေထဲမှာ လမ်းမတွေပေါ်မှာ ကျဆုံး သွားကြသူတွေ အားလုံးနဲ့ မိမိတို့ရဲ့ဘဝအိပ်မက်တွေကို ဆုးံရှုံးနစ်နာခဲ့သူတွေအားလုံးကို ဂုဏ်ပြုချင်ပြီး နောင်မျိုးဆက်လူငယ်တွေလည်း အမှတ်ရစေချင်တဲ့ရည်ရွယ်ချက်ဖြင့် သရုပ်ဖေါ်ပန်းချီဆရာများ အသင်း ကအားစိုက်ကျင်းပတာဖြစ်ပါတယ်”လို့ သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားပြောဆိုထားပါတယ်။

 
(၂) ပန်းချီမောင်မောင်စောရဲ့တွန်းတိုက်ခဲ့ကြသူများသို့ ပန်းချီပြပွဲ

၈၈၈၈နှစ် ၃၀ပြည့်ကို ဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်တဲ့ ပန်းချီမောင်မောင်စောရဲ့ တွန်းတိုက်ခဲ့ကြသူများသို့ အမည် ရတဲ့ ပန်းချီပြပွဲကို ရန်ကုန်မြို့ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းအမှတ် ၁၇ ရှိ အလှသစ် Art Galleryမှာ သြဂုတ်လ ၈ရက်နေ့မှ ၁၄ရက်ထိ နံနက်၉နာရီမှ ညနေ ၆နာရီထိ ပြသသွားမယ်လို့သိရပါတယ်။

ပြပွဲမှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်၊ လူထုစိန်ဝင်း၊ ဦးကျော်သူ အစရှိသူတို့ရဲ့ပန်းချီကားများကိုပြသ ထားမှာဖြစ်ပြီး သြဂုတ်လ ၈ရက် ဖွင့်ပွဲနေ့ မနက်၁၀နာရီမှာ ကဗျာရွတ်ဖတ်ရန် အစီအစဉ်လည်းပါဝင်တယ်လို့သိရပါတယ်။

 
(၃) လူငယ်ပန်းချီဆရာ အောင်ကြည်စိုးရဲ့အမာရွတ်အမည်ရတဲ့ တကိုယ်တော်ပန်းချီပြပွဲ
ပန်းချီဆရာ အောင်ကြည်စိုးရဲ့အမာရွတ် (Scar Series) အမည်ရတဲ့တကိုယ်တော် ပန်းချီပြပွဲကို ရန်ကုန်မြို့ဒဂုံမြို့နယ်၊ အောင်ဆန်းအားကစားကွင်းမြောက်ဘက်အမှတ် ၂၃ရှိ OK Art Galleryမှာ သြဂုတ်လ ၈ရက်နေ့မှ ၁၂ရက်နေ့ထိပြသ သွားမယ်လို့သိရပါတယ်။

အဆိုပါပြပွဲကို ဖွင့်ပွဲရက် သြဂုတ်လ ၈ရက်နေ့ နေ့လယ် ၁နာရီကနေ ၄နာရီထိဖွင့်လှစ်ပြသွားမှာဖြစ်ပြီ ပြပွဲရက်များအတွင်း သြဂုတ်လ ၁၂ ရက်ထိ နံနက် ၉နာရီမှ ည ၆နာရီထိ ဆက်လက်ပြသွားမယ်လို့ သိရပါတယ်။

အခရိုင်းလစ်အမျိုးအစား ပန်းချီကားပေါင်း၂၀ကျော်ကို ပြသသွားမှာဖြစ်ပြီး ပြပွဲနဲ့ပတ်သက်ပြီး ပန်းချီအောင်ကြည်စိုးက “ပြီးခဲ့တဲ့နှစ် တလပိုင်းကတည်းက ပြပွဲရက်ယူပြီးကတည်းက တနှစ်ပတ်လုံး ခေါင်းထဲထည့်ထားခဲ့တာပေါ့။ ဒီနေ့ဒီရက်မှာ လုပ်မယ်ဆိုပြီးတော့။ အကြောင်းအရာကတော့ ၈၈ ကာလမှာ ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေကို သိစေချင်တာပေါ့။ အ သက်တွေဘ၀တွေ စတေးခဲ့ရတဲ့ သူရဲကောင်းတွေ အာဇာနည်တွေကို သူတို့တွေကို ဂုဏ်ပြုချင်တဲ့သဘောလည်း ပါ တယ်။ အောက်မေ့တသတဲ့သဘောလည်းပါတယ်။ ဦင်္းညွှတ်တဲ့သဘောနဲ့မမေ့အပ်တဲ့သူတွေကို ဂုဏ်ပြုတာပါ။နောက် ဒီအဖြစ်အ ပျက်ကြီးဖြစ်ခဲ့တယ်ဆိုတာမျိုးကို ဒိအရင်က ပြောခွင့်မရခဲ့ဘူးပေါ့။ အခု ပြောခွင့်လို့ပြောကြတယ်ပေါ့။ ကျနော်ကတော့ အရိပ်တွေ အရောင်တွေသမားဆိုတော့ အရိပ်တွေ အရောင်တွေနဲ့ပြောတာပေါ့”လို့ပြောပြပါတယ်။

 
(၄) တေးရေး နိုင်မြန်မာရဲ့ကမ္ဘာမကြေဘူးသီချင်း ပုလဲရတုအထိမ်းအမှတ်
တေးရေး နိုင်မြန်မာရဲ့ကမ္ဘာမကြေဘူးသီချင်း ပုလဲရတု အမှတ်တရပွဲကို ရန်ကုန်မြို့ဗဟန်းမြို့နယ် ရေခဲမှတ်တိုင်နောက်ရှိ GOETHE INSTITUT (ယခင် ပန်းချီပန်းပုကျောင်း)မှာ သြဂုတ်လ ၈ရက်နေ့ နေ့လယ် ၃ နာ၇ီမှ ၅ နာရီခွဲထိ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။

အဆိုပါသီချင်းကိုတေးရေးနိုင်မြန်မာကရေးစပ်ခဲ့ပြီး ၁၉၈၈ ခုနှစ် ၈၈၈၈အရေးတော်ပုံကြီးအတွင်း စစ်အာဏာရှင်ကို ဆန့်ကျင်ရာတွင် ကျောင်းသားထုကြီးမှသံပြိုင်သီဆိုရင်း ပေါက်ဖွားလာခဲ့တာဖြစ်ပါတယ်။

 
(၅) အကျဉ်းထောင်အတွင်းမှ သီချင်းများ Mandalay FM မှ လွှင့်မယ်
၈၈၈၈ အရေးတော်ပုံ နှစ်၃၀ ပြည့် အမှတ်တရအစီအစဉ်အနေနဲ့ အကျဉ်းထောင်အတွင်းမှ သီချင်းများလွှင့်မယ့် အစီအ စဉ်ကို Mandalay FMမှ သြဂုတ်လ ၅ရက်နေ့မှစတင်ကာ သြဂုတ်လအတွင်း တနင်္ဂနွေနေ့တိုင်း ညနေ ၆နာရီမှာ တင် ဆက်ဂုဏ်ပြုသွားမယ်လို့သိရပါတယ်။

Mandalay FM မှ ဂုဏ်ပြုအစီအစဉ်အဖြစ်တင်ဆက်တာဖြစ်ပြီး အစီအစဉ်တင်ဆက်ပေးမယ့်သူများကတော့ စာရေးဆရာမျိုးမြင့်ညိမ်းနဲ့ မျိုးမြတ်သူ တို့ဖြစ်ပါတယ်။

Comments