သမ္မတထရန့် ယောက္ခမတွေ အမေရိကန်ဖြစ်ပြီ


သမ္မတထရန့် ယောက္ခမတွေ အမေရိကန်ဖြစ်ပြီ
မောင်လူပေ၊ (မိုးမခ) သြဂုတ် ၁၄၊ ၂၀၁၈

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ယောက္ခမတွေ အမေရိကန်နိုင်ငံသား ခံယူလိုက်တယ်လို့ ဒီနေ့ (သြဂုတ် ၉၊ ၂၀၁၈) အမေရိကား(USA today) သတင်းစာက ဆိုပါတယ်။

အမေရိကားကို ကမ္ဘာအရပ်ရပ်က ပြောင်းရွှေ့အခြေချကြတဲ့သူ(Immigrant)တွေကို တိုက်ခိုက်တဲ့စကားတွေ မကြာခဏပြောတတ်သူ၊ ဒီလူတွေရဲ့ဆွေမျိုးတွေကလည်း ချိန်းကြိုးဆက်လို တစ်ယောက်ပြီးတစ်ယောက် နိုင်ငံသားခံယူနေကြတာမို့ (Chain Migration) ချိန်းကြိုးဆက်ကိုဖြတ်ဖို့ ဥပဒေပြင်မယ်လို့ ပြောကြားထားသူ အမေရိကန်သမ္မတကြီး ဒေါ်နယ်ထရန့်ရဲ့ ယောက္ခမစုံတွဲကတော့ သူပြောတဲ့ ချိန်းကြိုးဆက်နိယာမအရ အမေရိကန်နိုင်ငံသားတွေ ဖြစ်သွားကြပါပြီ။ သူတို့သားမက်လေး ချိန်းကြိုးဆက်ကို မဖြတ်ခင် အခွင့်ရှိတုန်းအချိန်မှာ နိုင်ငံသားအဖြစ် အမြန်ယူလိုက်ကြပုံပဲ။

သမက်လေးလို့ပြောရပေမဲ့ ဒေါ်နယ်ထရန့်က ယောက္ခထီးကြီးထက် (၂)နှစ်ပဲငယ်သလို ယောက္ခမကြီးထက်လည်း (၁)နှစ်သာငယ်သူမို့ သူငယ်ချင်းအရွယ်တွေပါ။

ဒေါ်နယ်ထရန့်ရဲ့ယောက္ခမတွေက အမြဲတန်းနေထိုင်ခွင့်(Green Card)နဲ့နေကြသူတွေ။ သူတို့သမီးကလည်း ဒေါ်နယ်ထရန့်နဲ့ ၂၀၀၅မှာ လက်ထပ်ကြပြီးနောက် ၂၀၀၆ရောက်မှ အမေရိကန်နိုင်ငံသားခံယူခဲ့တယ်။ အမေရိကန်နိုင်ငံသားရဲ့ မိဘတွေမို့ အမေရိကန်နိုင်ငံသားခံယူခွင့်ရခဲ့ကြတယ်။

ထရန့်ရဲ့ယောက္ခမနှစ်ဦးလုံးက ဆလိုဗေးနီးယား( ယခင် ယူဂိုဆလားဗီးယား) နိုင်ငံသားတွေပါ။ ကွန်မြူနစ်နိုင်ငံသားတွေမို့ ကွန်မြူနစ်တွေလည်းဖြစ်ခဲ့ကြသေးတယ်။ အခုလို အမေရိကန်နိုင်ငံသား ခံယူချိန်မှာတော့ ကွန်မြူနစ်တာဝန်တွေ မယူတော့တာ(၂၅)နှစ်ကျော်ပြီမို့ ကင်းလွတ်ခွင့်ရခဲ့ကြတယ်။ သူတို့ရဲ့သမီးနှစ်ဦးကိုလည်း အဲဒီနိုင်ငံမှာပဲမွေးခဲ့ကြတယ်။ အခုတော့ သူတို့လည်း ပြောင်းရွှေ့အခြေချ၍ အမြဲနေထိုင်သူဘဝကနေ အမေရိကန်နိုင်ငံသားတွေ ဖြစ်သွားကြပါပြီ။

ထရန့်ရဲ့ဇနီး မယ်လာနီယာ ရဲ့ မိဘတွေပဲ ချိန်းကြိုးဆက်ရဲ့အကျိုးကို ခံစားခဲ့ရတာတော့မဟုတ်။ ထရန့်ရဲ့ အဖိုးနဲ့အမေကလည်း နယူးယော့ခ်မှာနေထိုင်တဲ့ သူတို့ရဲ့မောင်နှမတွေကခေါ်လို့ ဂျာမဏီနဲ့ စကော့တလန်တို့ကနေ ပြောင်းရွှေ့ဝင်ရောက်လာခဲ့တဲ့ ချိန်းကြိုးဆက် အခြေချသူတွေပါပဲ။

အမှန်ကတော့ ပြောင်းရွှေ့အခြေချသူတွေရဲ့ အမျိုးအနွယ်ချိန်းကြိုးဆက်တွေကို အမေရိကန်ကို ခေါ်ယူခွင့်ပေးထားတဲ့ အမေရိကန်နိုင်ငံသားဖြစ်မှုဥပဒေကို ပြန်လည်ပြင်ဆင်စေဖို့ ကြိုးစားနေသူတွေက ရှေးရိုးစွဲ ရီဗာဗလစ်ကန်ပါတီရဲ့ လက်ယာစွန်းအုပ်စုဝင်တွေပါ။ သူတို့ရဲ့ အကြံဉာဏ်တွေကို ထရန့်က လက်တွေ့ဖြစ်အောင် အကောင်အထည်ဖေါ်ပေးနေရတာပဲ။

လက်ယာစွန်းတွေက ငွေရှိတဲ့၊ ပညာတတ်တဲ့သူတွေကိုပဲ အသစ်ပြောင်းလာသူတွေအဖြစ် လက်ခံချင်တယ်။ အမေရိကားဟာ ဒုက္ခသည်စခန်းမဟုတ်ဘူးလို့ မကြာခဏပြောလေ့ရှိတယ်။ သူများတွေဒုက္ခက ငါတို့နဲ့မဆိုင်ဘူးလို့ငြင်းတယ်။ ဒုက္ခရောက်သူတွေကို ကူညီပြီး ကမ္ဘာကို ဦးဆောင်နေတဲ့ အမေရိကန်ပုံရိပ်ထက် အမေရိကားဟာ အမေရိကန်(လူဖြူ)တွေအတွက်ပဲ ဖြစ်ရမယ်ဆိုတဲ့ အမျိုးသားရေးအစွန်းရောက်ဝါဒကို တွန်းတင်ပေးတယ်။ ဒီအတွေးအခေါ်တွေကို အဓိက ပုံဖေါ်ပေးရသူက ဒေါ်နယ်ထရန့်ပဲ။ ဒါကြောင့် အလယ်အလတ်ဝါဒရှိသူ ရီဗာဗလစ်ကန်ပါတီဝင်တွေနဲ့ လက်ယာစွန်း ရီဗာဗလစ်ကန်ပါတီဝင်တွေလည်း ပါတီတူပေမဲ့ အတွေးအခေါ် အယူအဆ မတူကြလို့ မကြာခဏ ငြင်းခုန်ရန်ဖြစ်ကြရတယ်။ ဒေါ်နယ်ထရန့်ရဲ့ လက်ယာစွန်းဝါဒတွေကို မကြာခဏ ဝင်ရောက်ဖြေရှင်းပေးနေရသူတွေကတော့ အောက်လွှတ်တော်ရဲ့ပြောရေးဆိုခွင့်ရှိသူ (Speaker of the House) ဖြစ်တဲ့ ပေါလ် ရိုင်ရန်နဲ့ အထက်လွှတ်တော်ရဲ့ လူများစုခေါင်းဆောင် မစ်ခ်ျ မက်ကောနယ်လ်တို့ပဲ။

ဒီမိုကရက်ပါတီကလည်း ဒီလိုရှေးရိုးစွဲဝါဒီတွေရဲ့ အစွန်းရောက် အမျိုးသားရေး အကြံဉာဏ်တွေ အကောင်အထည်မပေါ်လာရေးအတွက် အပြင်းအထန်ဆန့်ကျင်နေကြလေတယ်။

အမေရိကားကိုပြောင်းရွှေ့အခြေချသူများရဲ့ ဆွေမျိုးသားချင်းတွေ အမေရိကားကို ခေါ်ယူခွင့်ပေးထားတဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေက ချိန်းကြိုးဆက်အခွင့်အရေးတွေကို ကန့်သတ်မဲ့ အစီအစဉ် အကောင်အထည်ပေါ်မပေါ်ကတော့ ပိတ်ကားပေါ်မှာ စောင့်ကြည့်ကြပေတော့။ လောလောဆယ်တော့ ဒီလိုချိန်းကြိုးဆက်အခွင့်အရေးကြောင့်ပဲ သူ့ယောက္ခမနှစ်ဦးကတော့ အမေရိကန်နိုင်ငံသား အသစ်စက်စက်တွေ ဖြစ်လာကြပြီ ဖြစ်ပါကြောင်း။

ချစ်တဲ့
မောင်လူပေ

Comments