ဓာတ်ပုံထိန်ဝင်းရဲ့၈၈၈၈ လူထုအုံကြွမှု ဓာတ်ပုံပြပွဲ ဗိဿနိုး galleryမှာ ပြသနေ



ဓာတ်ပုံထိန်ဝင်းရဲ့၈၈၈၈ လူထုအုံကြွမှု ဓာတ်ပုံပြပွဲ ဗိဿနိုး galleryမှာ ပြသနေ
K (မိုးမခ) သြဂုတ် ၁၀၊ ၂၀၁၈


၈၈၈၈နှစ် ၃၀ပြည့် အထိမ်းအမှတ်အဖြစ် ဓာတ်ပုံထိန်ဝင်းရဲ့၈၈၈၈ လူထုအုံကြွမှုလို့ အမည်ပေးထားတဲ့ဓာတ်ပုံပြပွဲ ရန် ကုန်မြို့ဗဟန်းမြို့နယ်ကမ္ဘာအေးဘုရားလမ်း အမှတ် ၁၁၃၊3Bရှိ ဗိဿနိုး galleryမှာ သြဂုတ်လ ၈ရက်နေ့မှစတင်ကာ သြဂုတ်လ ၁၂ရက်ထိ နံနက်၉နာရီကနေ ညနေ ၆နာရီထိ ပြသလျက်ရှိပါတယ်။

အဆိုပါဓာတ်ပုံပြပွဲမှာ ဓာတ်ပုံထိန်ဝင်းရဲ့၈၈အရေးတော်ပုံအတွင်းကရိုက်ခဲ့တဲ့သမိုင်းဝင်ဓာတ်ပုံတွေပြသထားပြီး စစ်အစိုးရ ကာလများတလျှောက် တ၀က်နီးပါးလောက်က ပျက်စီးခဲ့ပြီး အဆိုပါ ဓာတ်ပုံတွေကို Amsterdam Archiveမှာ သိမ်းဆည်း ထားခဲ့ရတယ်လို့ သိရပါတယ်။

ပြပွဲပြုလုပ်ရခြင်းနဲ့ပတ်သက်ပြီး ဓာတ်ပုံပညာရှင် ဦးထိန်ဝင်းက “ဒီပွဲလုပ်ရတဲ့အကြောင်းက တော်တော်များများက ဒီ ဓာတ်ပုံတွေကို မမြင်ဖူးကြဘူးလေ၊ လွန်ခဲ့တဲ့နှစ် ၃၀က ရှစ်လေးလုံးလူထုအုံကြွမှုကြီးမှာ လူထုတရပ်လုံး ဘယ်လို လှုပ်ရှားပါဝင်ခဲ့ကြသလဲဆိုတာ ပြချင်လို့ပါ။ ဓာတ်ပုံတွေနဲ့ပြတော့ ပိုပြီးတော့ ထိထိရောက်ရောက်သိရှိရတာပေါ့။ အဓိ ကရည်ရွယ်ချက်ကတော့ အဲဒါပါပဲ။ ရွှေတိဂုံဘုရားအနောက်မုဒ် ဓာတ်ပုံက အဓိကပြချင်တဲ့အထဲမှာပါပါတယ်။ လူထု အင်အားဘယ်လောက်ကြီးမားတယ်ဆိုတာ ကျနော် ပြချင်တာပါ။ တော်တော်များများကတော့ စိတ်ထိခိုက်စရာတွေ ပါတာပေါ့။ အားအရဆုံးကတော့ ရွှေတိဂုံဘုရားအနောက်မုဒ်က လူအုပ်ကြီးပဲ။ ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောတာ လာနားထောင်တဲ့ ပြည်သူလူထုရဲ့အင်အားနဲ့ သူတို့ရဲ့အားပေးမှုတွေပေါ်လွင်တာပေါ့။ အဲဒါကို ကျနော် တကွက်တည်း ရိုက်ခဲ့တာ မဟုတ်ပါဘူး။ ၇ ကွက်ရိုက်ပြီး ဆက်ထားတာပါ။ အဲဒါမှ ဘယ်လောက် အင်အားကြီးမားသလဲဆိုတာ ပြသ နိုင်တာလေ။ အဲပုံကို ကျနော် အကျေနပ်ဆုံး အားအရဆုံးဖြစ်ပါတယ်”လို့ ပြောပြပါတယ်။

အဆိုပါဓာတ်ပုံများကို သြဂုတ်လ ၁၈၊ ၁၉၊၂၀ရက်များမှာ ရန်ကုန်မြို့ပန်းဆိုးတန်းလမ်းရှိ လောကနတ်ပြခန်းမှာလည်း ထပ်မံပြသသွားမယ်လို့သိရပါတယ်။

Comments